ကျောက်ဖြူနဲ့ ဂွမြို့နယ် လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ပြည်သူတွေကိုအေအေ တပ်သားတွေဆိုပြီး သတင်းမှားဖြန့် 
Share:FacebookX

ကျောက်ဖြူနဲ့ ဂွမြို့နယ် လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ပြည်သူတွေကိုအေအေ တပ်သားတွေဆိုပြီး သတင်းမှားဖြန့် 

MFCN/ The Akyab Post

Fact check

18 Dec 2025

ရခိုင်ပြည်နယ်၊ ကျောက်ဖြူနဲ့ ဂွမြို့နယ်တို့ကို စစ်ကောင်စီဖက်မှ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ထိခိုက်သေဆုံးတဲ့သူတွေဟာ အေအေတပ်သားတွေဖြစ်ပြီးတော့၊ ပျက်စီးသွားတဲ့ အဆောက်အအုံတွေဟာ အေအေနဲ့ ဆက်စပ်နေတယ်ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာတွေဟာ စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ  ပျံ့နှံ့လျက်ရှိပါတယ်။ 

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တစ်ခုဖြစ်တဲ့ “နေပြည်တော်”ချန်နယ်ကနေ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ “ကျောက်ဖြူမြို့နယ် ငလုံးစု ကျေးရွာအုပ်စု ငလုံးစုAAစခန်းကို ဒီဇင်ဘာ၁၁ ညနေ၇နာရီ အချိန် ဗုံးကြဲတိုက်ခိုက်သုတ်သင်မှုကြောင့် ၈ ဦး ထက်မနည်း သေဆုံးခဲ့ကာ တိုပြတ်ဖွါဆန့်ငင် ဒဏ်ရာရသူအများအပြားရှိနေကြောင်း ကနဦးသိရသည်။ သေဆုံးသူAAအမျိုးသား၅ဦးနှင့် AAအမျိုးသမီး၃ဦးပါဝင်ပြီး တိုပြတ်ဆန့်ငင်စာရင်းများ AAထွန်းမြတ်နိုင်ကို ဆက်လက် မေးမြန်းနေဆဲဖြစ်သည်။” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေ ထားပါတယ်။ 

 “နေပြည်တော် – https://archive.ph/K1w7J 

ဒီပို့စ်ကို  Akyab Post ကနေ စစ်ဆေးထားတဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ  ၇၄၀၀ ကျော်ထိရှိပြီး reaction ပြုလုပ်သူ ၉၃ ဦးထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီရဲ့ ဝါဒဖြန့်အခြားချန်နယ်တစ်ခုဖြစ်တဲ့ “Shwe Myanmar”ချန်နယ်ကနေလည်း ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ “ဂွမြို့နယ်ရှိ အကြမ်းဖက် ရခီးစုပ် AA စခန်းတွေ ရှင်းလင်းမှုမြင်ကွင်း။”  (မူရင်းအရေးအသားအတိုင်း) ဆိုပြီးတော့ ဓာတ်ပုံနဲ့တကွ ရေးသားဖြန့်ဝေထားပါတယ်။ 

“Shwe Myanmar” – https://archive.ph/jRxSB 

ဝါဒဖြန့်ချန်နယ်တွေကနေ ဖြန့်ချိထားကြတဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးတဲ့သူတွေနဲ့ ပျက်စီးသွားတဲ့ အဆောက်အအုံတွေဟာ အေအေနဲ့ ဆက်စပ်နေတယ်ဆိုပြီး ရေးသားဖြန့်ဝေထားတာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ထိခိုက်သေဆုံးသူတွေဟာ အရပ်သားပြည်သူတွေဖြစ်ပြီးတော့ ပျက်စီသွားတဲ့ အဆောက်အအုံတွေဟာ အေအေနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ အဆောက်အအုံတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ 

သတင်းစိစစ်ချက်

ဝါဒဖြန့်ချန်နယ်တွေကနေ ဖြန့်ချိထားတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ reverse image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။ 

ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “နေပြည်တော်”ချန်နယ်ကနေ တင်ထားတဲ့ ပုံကို reverse image search tools နဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ရခိုင်ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Development Media Group (DMG) ကနေ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ “ကျောက်ဖြူကို စစ်ကောင်စီ ဗုံးကြဲ (စစ်ဘေးရှောင် ၈ ဦးထက်မနည်းသေဆုံး ဒဏ်ရာရရှိသူများပြား)” ဆိုတဲ့ သတင်းက ပုံတွေဖြစ်နေတာကို တွေ့ရပါတယ်။ 

Development Media Group (DMG) သတင်းဌာနရဲ့ ရေးသားဖော်ပြချက်တွေအရ “ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် င/လုံးစု ကျေးရွာအုပ်စု င/လုံးစုရွာကိုထဲကို ဒီဇင်ဘာ ၁၁ ညနေ ၇ နာရီကျော်အချိန်က စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးတော့ ကျေးရွာအတွင်းမှာ ရှိတဲ့ စစ်ဘေးရှောင် ၈ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိတယ်လို့” ရေးသား ဖော်ပြပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတဲ့ထဲမှာ သေဆုံးသူများထဲတွင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦးပါဝင်တယ်လို့ DMG က ရေးသားဖော်ပြထားပါတယ်။ 

Development Media Group (DMG) ကရေးသားဖော်ပြထားတဲ့သတင်း>>> – https://bit.ly/4aTQKse 

ဒါ့အပြင် Google မှာ “ကျောက်ဖြူမြို့နယ် င/လုံးစု ကျေးရွာအုပ်စု လေကြောင်းတိုက်ခိုက်ခံရ” ဆိုတဲ့ Keywords နဲ့ ရှာကြည့်တဲ့အခါမှာလည်း မြန်မာပြည်တွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ DVB ကနေ ‘ကျောက်ဖြူ ဗုံးကြဲခံရမှု သေဆုံးသူ ၉ ဦးရှိလာ’ လို့ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ရေးသားဖော်ပြထားပါတယ်။

DVB ရဲ့ ရေးသားဖော်ပြချက်မှာလည်း ကျောက်ဖြူမြိုနယ် င/လုံးစု အထက်ရွာနဲ့ အောက်ရွာကို ဒီဇင်ဘာ ၁၁ ရက် ညပိုင်းမှာ လေကြောင်းတိုက်ခိုက်သွားတာဖြစ်ပြီး သေဆုံးသူ ၈ ယောက်နဲ့ ဒဏ်ရာရသူ ၁၆ ယောက် ရှိခဲ့ရာက တယောက် ထပ်မံသေဆုံးသွားတာလို့ ဖော်ပြထားပါတယ်။

DVB သတင်းဌာနကရေးသားဖော်ပြထားတဲ့သတင်း>>> – https://bit.ly/3MGc1vD 

ဒီသတင်းကိုပဲ နိုင်ငံတကာသတင်းမီဒီယာတစ်ခုဖြစ်တဲ့ BBC Burmese ကနေ မြောက်ဦးဗုံးကြဲခံရပြီးနောက်နေ့မှာ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီဖက်မှနေ လေကြောင်းနဲ့ ထပ်တိုက်ခိုက်ခံရတာ ဖြစ်ပြီး အရပ်သား ၈ ဦး သေ၊ ၁၀ ဦးခန့်ဒဏ်ရာရရှိတယ်လို့  ရေးသားဖော်ပြထားပါတယ်။ 

BBC Burmese သတင်းဌာနကရေးသားဖော်ပြထားတဲ့သတင်း>>> – https://bit.ly/3L9VfVb 

ဝါဒဖြန့်ချန်နယ်တွေကနေ ဖြန့်ချိထားတဲ့ ဂွမြို့နယ်ကနေ အေအေစခန်းကို လေကြောင်းတိုက်ခိုက် ဆိုပြီး ရေးသားဖြန့်ဝေထားတာတဲ့ ပုံတွေကို reverse image search tools နဲ့ စစ်ဆေးကြည့်လိုက်တဲ့ အခါမှာ ရခိုင်ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Arakan Bay News ကနေ “ဂွမြို့ကို စစ်ကော်မရှင် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်” လို့  ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ရေးသားဖော်ပြထားတဲ့ သတင်းက ပုံတွေဖြစ်နေတာကို တွေ့ရပါတယ်။ 

Arakan Bay News ရဲ့ ရေးသားဖော်ပြချက်တွေမှာ  “ဒီဇင်ဘာ ၁၃ ရက်၊ နေ့လယ် ၁၁ နာရီ ၅ မိနစ်အချိန်ခန့်က စကမသည် ဂွမြို့နယ်အတွင်း မြိုမရပ်ကွက်၊ အလယ်ရွာ လမ်းမကြီးဘေးရှိ ကျေးလက်ရုံးဟောင်း ပစ္စည်းသိုလှောင်ရုံနေရာများနှင့် ယခင်က ၎င်းတို့ အခြေစိုက်ခဲ့သော ခမရ ၅၆၂၊ ခမရ ၅၆၃ တပ်ရင်း ရုံးဟောင်းများ၏ အနောက်ဖက်တောင်တန်းများသို့ လေကြောင်းမှ ဗုံး ၈ လုံး ကြဲချခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်ပျက်စီးမှုများရှိခဲ့သည်” လို့ ဖော်ပြထားပါတယ်။ 

Arakan Bay News သတင်းကဖော်ပြထားတဲ့သတင်း>>> – https://bit.ly/4j6DD9i 

ဒါ့အပြင် BBC သတင်းဌာနကနေလည်း ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ “ ဂွမြို့နယ်ထဲက စစ်တပ်စခန်းနေရာဟောင်းတွေအနီးကို ဒီနေ့နေ့လယ်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေသိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ မြို့မရပ်ကွက် အလယ်ရွာအနီးက ကျေးလက်ရုံးဟောင်းနဲ့ စစ်တပ်ရဲ့ အမှတ် ၅၆၃ နဲ့ ၅၆၂ တပ်ရင်းရုံးဟောင်း အနောက်ဘက်ခြမ်းက တောင်တန်းတွေကို ကြဲချခဲ့တာပါ” လို့ ရေးသားဖော်ပြထားပါတယ်။ 

 BBC သတင်းဌာနကဖော်ပြထားတဲ့သတင်း>>> https://bit.ly/44D5eZQ 

အထက်မှာဖော်ပြခဲ့တဲ့အတိုင်း တိုက်ဆိုင်စိစစ်ချက်အရကျောက်ဖြူမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးတဲ့သူတွေဟာ  အရပ်သားတွေသာဖြစ်ပြီးတော့၊ ဂွမြို့နယ်က လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ပျက်စီးတဲ့ အဆောက်အအုံဟာလည်း ဂွမြို့မရပ်ကွက် အလယ်ရွာအနီးက ကျေးလက်ရုံးဟောင်းသာ ဖြစ်တာကို စိစစ်တွေ့ရပါတယ်။​ 

သုံးသပ်ချက် 

စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့လျက်ရှိတဲ့ အကြောင်းအရာကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နေသလိုမျိုး ထိခိုက်သေဆုံးတဲ့သူတွေဟာ အေအေတပ်သားတွေဖြစ်ပြီးတော့၊ ပျက်စီးသွားတဲ့ အဆောက်အအုံတွေဟာ အေအေနဲ့ ဆက်စပ်နေတယ်ဆိုပြီး ရေးသားထားတာကို မတွေ့ရှိရပါဘူး။ 

ဒီအချက်အလက်တွေအရ စစ်တပ်ဝါဒဖြန့်ချန်နယ်တွေကနေ အရပ်သားတွေ သေဆုံးတာကို အေအတပ်သားတွေဆိုပြီး လိမ်လည်ရေးသားပြီးတော့ သတင်းတု သတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။​ 

ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို  အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ပြီး ရေးသားပြီး သတင်းတုသတင်းမှားတွေ ဖြန့်လေ့ရှိပါတယ်။ 

လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။

ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။

Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-

(၁) လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားသော နေအိမ်များမှာ အေအေနိုင်ငံရေးမှုးများ၏ နေအိမ်ဆိုကာ သတင်းအမှားဖြန့် >>> https://bitly.cx/ahf2  

(၂) မြောက်ဦးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အေအေတပ်သားများသေဆုံးဆိုကာ စစ်ကောင်စီချန်နယ်များ သတင်းမှားဖြန့်>>> https://bitly.cx/tdwxm 

လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .