ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ရဲ့ ရာမညမွန်တပ်တော်က ဗိုလ်မှူးအဆင့်ရှိတဲ့ အရာရှိတစ်ဦး ဒီဇင်ဘာလ ၁၆ရက်က ကားတိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။
အဲဒီဖြစ်ရပ်အပေါ် စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတော့ ဆက်ကြေးကောက်နေတဲ့ PDF ခေါင်းဆောင် တစ်ဦးကို ပြည်သူတစ်ဦးက မကျေနပ်လို့ ကားနဲ့ တိုက်သတ်တယ်ဆိုပြီး ပုံဖျက်ရေးသား ဖြန့်ချိခဲ့ကြပါတယ်။
Subscriber ပြုလုပ်သူ တစ်သိန်းရှစ်သောင်းကျော်ရှိတဲ့ မှိုင်းဝေ အမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာလ ၁၇ ရက် ကစပြီး ဖြန့်ချိခဲ့ပါတယ်။ အဲဒီဖော်ပြချက်ကို မြင်တွေ့ပြီးသူ နှစ်သောင်းခွဲကျော်၊ Reaction ပြုလုပ်သူ တစ်ထောင်နီးပါးရှိပြီး ဆက်လက်ပျံ့နှံ့နေပါတယ်။ အောက်ဖော်ပြပါလင့်ခ်မှာကြည့်နိုင်ပါတယ်။
မှိုင်းဝေချန်နယ်က ဖြန့်ချိတဲ့လင့်ခ် – https://archive.ph/2JGh2
အဲဒီဖော်ပြချက်ကိုပဲ နောက်ထပ် စစ်ကော်မရှင် ဝါဒဖြန့်ချန်နယ်အချို့က ထပ်ဆင့်ကူးယူဖော်ပြထားတာကို အောက်ဖော်ပြပါလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။
MDY Image ချန်နယ် က သတင်းအမှားလင့်ခ် – https://archive.ph/sStk6
Snow queen ချန်နယ် က သတင်းအမှာလင့်ခ် – https://archive.ph/JEqsY
ဗိုလ်မှူးမိုးကြိုး ကားတိုက်ခံရပြီး သေဆုံး
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ရဲ့ ရာမညမွန်တပ်တော်က တပ်ပိုင်းဆိုင်ရာ အရာရှိတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးမိုးကြိုး ကလိန်အောင်-မလွှဲတောင် ကားလမ်းပိုင်းမှာ ဒီဇင်ဘာလ ၁၆ ရက် နံနက်အစောပိုင်းက ကားတိုက်ခံရပြီး ကွယ်လွန်တဲ့အကြောင်း ဒေသအခြေစိုက်နဲ့ မွန်သတင်းဌာနတွေက ဖော်ပြပါတယ်။
ကားလမ်းမနံဘေးရှိနေစဥ် အသားငါးစျေးလှည့်ရောင်းနေတဲ့ ကားတစ်စီးက မတော်တဆ ဝင်တိုက်မိလို့ ဗိုလ်မှူးမိုးကြိုး ကွယ်လွန်ခဲ့ရတယ်လို့ ရာမညမွန်တပ်တော်ရဲ့ မဟာမိတ်တော်လှန်ရေးတပ်၊ ဒေသခံနဲ့ လမ်းပိုင်းအသုံးပြုတဲ့ ကားသမား တွေကို ကိုးကားပြီး Dawei Watch က သတင်းဖော်ပြထားတာရှိပါတယ်။ အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
Dawei Watch သတင်းလင့်ခ် – https://shorturl.at/2eTeD
မွန်သတင်းဌာနတွေဖြစ်တဲ့ Than Lwin Times ၊ လဂွန်းအိမ် စာစဉ်နဲ့ လွတ်လပ်သောမွန်သတင်းအေဂျင်စီ စတဲ့ သတင်းဌာနတွေက ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို ကိုးကားဖော်ပြတဲ့ သတင်းမှာလည်း ယာဥ်မတော်တဆမှုကြောင့် သေဆုံးတယ်လို့ပဲ ဖော်ပြကြတာ တွေ့ရပါတယ်။အောက်ဖော်ပြပါလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။
Than Lwin Times သတင်းလင့်ခ် – https://shorturl.at/NYbDL
လဂွန်းအိမ် စာစဉ် သတင်းလင့်ခ် – https://shorturl.at/ozrts
လွတ်လပ်သောမွန်သတင်းအေဂျင်စီ သတင်းလင့်ခ် – https://shorturl.at/aRHWy
မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကား ကလည်း ဗိုလ်မှူးမိုးကြိုးဟာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးတာလို့ Dawei Watch ရဲ့ မေးမြန်းချက်ကိုပြန်လည် ဖြေကြားပါတယ်။
“ကျွန်တော်သိထားတာက (တိုက်မိတဲ့ကား) အရပ်သားကားပဲလေ။ အရပ်သားကားပဲဆိုတော့ accidently (မတော်တဆ) လို့ပဲ ပြောလို့ရမှာပေါ့” လို့ ဖြေကြားပါတယ်။
လမ်းပိုင်းအခြေအနေ
အခု ယာဉ်မတော်တဆ ဖြစ်တဲ့ ကလိန်အောင် – မလွှဲတောင်လမ်းပိုင်းမှာ အခုနှစ် သြဂုတ်လမှာ စစ်ရေးပြင်းထန်ပြီး လမ်းရက်ရှည်ပိတ်ခဲ့ပါတယ်။ အဲဒီနောက် စစ်အာဏာရှင်တပ်သားတွေက ကားလမ်းမပေါ် နေရာအများစုကို နေရာပြန်ယူပြီး လှည့်လည်သွားလာနေထိုင်တယ်လို့ ကားသမားတွေက ပြောပါတယ်။
ထို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များ လမ်းပိုင်းစစ်ဆေးမှုဟာ အရင်လိုခပ်စိပ်စိပ်မရှိတော့သလို စစ်အာဏာရှင်တပ်ရဲ့ စစ်ဆေးမှုတွေဟာလည်း နိုဝင်ဘာလ နောက်ဆုံးအပတ် ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပြီးကတည်းက မရှိတော့ဘူးလို့ အဲဒီလမ်းပိုင်းကနေ နေ့စဥ် စျေးရောင်းသွားနေတဲ့ စျေးသည်တစ်ဦးက ပြောဆိုပါတယ်။
“ဆက်ကြေးကောက်ဖို့နေနေသာသာ လမ်းမှာ စစ်ဆေးတာတောင် မရှိတော့ဘူး။ ရာဖူးမှာ စစ်တပ်က ဂိတ်ချတာ ပစ်ခံရပြီး ကတည်းက မရှိတော့တာ။ နေ့တိုင်းသွားနေတာပဲ ဆက်ကြေးပေး ရတာမျိုးတော့မရှိဘူး” လို့ သူက ပြောပါတယ်။
ခရီးသည်တင်ယာဥ်မောင်းတစ်ယောက်ကို မေးကြည့်ရာမှာလည်း ကလိန်အောင်နဲ့ မလွှဲတောင်ကြားမှာ ငွေပေးရတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ မလွှဲတောင်ဂိတ်ကိုကျော်ပြီး ရေးမြို့ဘက်ခြမ်းနဲ့ ကလိန်အောင်-ထားဝယ်လမ်းပိုင်းမှာတော့ စစ်အာဏာရှင်တပ်နဲ့ တခြားလက်နက်ကိုင်ဂိတ်တွေမှာတော့ ငွေပေးဖြတ်သန်းရတာမျိုးရှိတယ်လို့ ပြောပါတယ်။
အခုနှစ် သြဂုတ်လနောက်ပိုင်းကတည်းက ကလိန်အောင်-မလွှဲတောင်လမ်းပိုင်း မှာ စစ်ဆေးတာတွေလျော့သွားသလို ငွေကြေး ကောက်ယူတာမျိုးလည်း မကြုံရဘူးလို့ လမ်းပိုင်းအသုံးပြုသူတွေရဲ့ ပြောပြချက်အရသိရပါတယ်။
စိစစ်တွေ့ရှိချက်
ရေဖြူမြို့နယ် မလွှဲတောင်ကားလမ်းပိုင်းမှာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) က ဗိုလ်မှူးမိုးကြိုး သေဆုံး တာဟာ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြနေသလို ရည်ရွယ်ချက်ရှိရှိ တိုက်သတ်တာမျိုး မဟုတ်ဘဲ ယာဉ်မတော်တဆမှုကြောင့် သေဆုံးတယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။ ဒါ့အပြင် အခင်းဖြစ်တဲ့ကာလမှာ ခရီးသွားပြည်သူတွေအပေါ် ငွေကြေး ကောက်ယူတယ်ဆိုတာလည်း အချက်အလက် အမှားဖြစ်တာ တွေ့ရပါတယ်။
တော်လှန်ရေးအင်အားစုတွေကို ပုံဖျက်လိုတာကြောင့် စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက အချိန်ကိုက် ပုံဖော်ပြီး သတင်းအမှားဖြန့်တာလို့ သုံးသပ်ရပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။







