14 Dec 2025
MFCN/ The Akyab Post/ The Red Flag
Fact-check
အခုရက်ပိုင်း လူမှုမီဒီယာတွေမှာ စစ်ကောင်စီရဲ့ မြောက်ဦးဆေးရုံကို လေကြောင်းတိုက်ခိုက်မှု အတွင်းမှာ အာရက္ခတပ်တော်ရဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခတို့ သေဆုံးတယ်ဆိုပြီးတော့ ရေးသားဖြန့်ဝေထားတဲ့ ပို့စ်တွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။
Facebook စာမျက်နှာမှာ “ဦးမျိုးချစ် မြန်မာ” ဆိုတဲ့ အကောက်ကနေ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ “မြောက်ဦးကိစ္စဟာ လည်း ဒဏ်ရာရ AA ထိပ်ပိုင်းခေါင်းဆောင်တွေ ဆေးကု နေချိန်မှာ ထွန်းမြတ်နိုင် လာကြည့်တယ် ဆိုပြီး တာဝန်သိ ရခိုင်ပြည်သူတွေ က သတင်းပေးလာလို့ ကျဲရတာ ဖြစ်တဟ်။
ဒါ့ကြောင့် ခင်များတို့ ဇာတ်နာပြနေလို့လည်း ထူးမှာ မဟုတ်ပါဘူး။ ကယ် အခုတော့ ကြားရတဲ့ သတင်းကောင်းတစ်ခု ကတော့ မြောက်ဦး ဖြစ်စဥ် မှာ ခိုင်သုခ ကျပြီး ထွန်းမြတ်နိုင် ဒဏ်ရာ ရတယ်တဲ့။ သတင်းကောင်းမို့ လို့ မှန်ပါစေ လို့ မျှော်လင့်နေပါတယ်။” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။
📌 ဖြန့်ဝေထားတဲ့အကြောင်းအရာ>>>> https://archive.ph/Xm8LR
ဖြန့်ချိထားတဲ့ ပို့စ်ကို Akyab Post ကနေ စစ်ဆေးထားတဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ အထိ reaction ပေးသူ ၁၉၇ ဦး comment ပေးသူ ၂၇ ဦးနဲ့ share ပြုလုပ်သူ ၇၆ ဦးအထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။u
လူမှုမီဒီယာမှာ ပျံ့နှံ့နေတဲ့ ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့ အခါ စစ်ကောင်စီရဲ့ မြောက်ဦးဆေးရုံကို လေကြောင်းတိုက်ခိုက်မှု အတွင်းမှာ အရပ်သားပြည်သူတွေနဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ထိခိုက်သေဆုံးသွားတာကို တွေ့ရပြီးတော့၊ အာရက္ခတပ်တော်ရဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ အေအေပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခတို့ ထိခိုက်ဒဏ်ရာရပြီး သေဆုံးတယ်ဆိုပြီး ရေးသားထားတဲ့ အကြောင်းအရာကို မတွေ့ရှိရပါဘူး။
▪️သတင်းစိစစ်ချက်
လူမှုမီဒီယာမှာ ပျံံ့နှံ့လျက်ရှိတဲ့ မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်မှုအတွင်း အာရက္ခတပ်တော်ရဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခတို့ ထိခိုက်ဒဏ်ရာရပြီး သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tool ကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Google မှာ မြောက်ဦးဆေးရုံလေကြောင်းတိုက်ခိုက်မှုဆိုတဲ့ keywords နဲ့ ရိုက်ရှာကြည့်လိုက်တဲ့အခါမှာ မြန်မာပြည်တွင်း သတင်းဌာနတွေနဲ့ နိုင်ငံတကာသတင်းဌာနတွေမှာ စစ်ကောင်စီဖက်မှနေ မြောက်ဦးဆေးရုံကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၃၀ ကျော်သေဆုံးပြီး ၇၀ ကျော် ထိခိုက်ဒဏ်ရာရရှိတယ်လို့ ရေးသားဖော်ပြထားကြပါတယ်။
မြန်မာပြည်တွင်း သတင်းဌာနကြီးတစ်ခုဖြစ်တဲ့ Myanmar Now ကနေ “လူ့အခွင့်အရေးနေ့တွင် မြောက်ဦးဆေးရုံကို ဗုံးကြဲ၊ အစုလိုက်အပြုံလိုက် သေဆုံး၊ ဒဏ်ရာရ” လို့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ရေးသားဖော်ပြထားပါတယ်။
Myanmar Now ရဲ့ ရေးသားဖော်ပြချက်အရ မြောက်ဦးရှိ ဆေးရုံကြီးကို ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ည ၉ နာရီကျော်တွင် လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ ကလေးများ၊ လူနာများအပါအဝင် လူ ၃၃ ဦး သေဆုံးကာ ၇၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။
🔗 Myanmar Now ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://bitly.cx/ZBI5g
ဒါ့အပြင် မြောက်ဦးဆေးရုံလေကြောင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ နိုင်ငံတကာသတင်းဌာနကြီး တစ်ခုဖြစ်တဲ့ BBC ကနေလည်း “More than 30 dead after Myanmar military air strike hits hospital” လို့ ရေးသားဖော်ပြထားပါတယ်။
BBC သတင်းဌာနရဲ့ ရေးသားဖော်ပြချက်မှာလည်း မြောက်ဦးဆေးရုံကို စစ်ကောင်စီဖက်မှနေ လေကြောင်းမှနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၃၀ ကျော်သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့ လူတွေ ထိခိုက်ဒဏ်ရာရရှိမှုရှိတယ်လို့ ရေးသားဖော်ပြထားးပါတယ်။
🔗 BBC ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://bitly.cx/b6tD
ဒါ့အပြင် ဒီသတင်းကိုပဲ နိုင်ငံတကာနဲ့ မြန်မာပြည်တွင်း သတင်းဌာနကြီးတွေဖြစ်ကြတဲ့ New York Times၊ Frontier Myanmar နဲ့ Al Jazeera တို့ကနေလည်း စစ်ကောင်စီဖက်မှ မြောက်ဦးဆေးရုံကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၃၀ ကျော် သေဆုံးပြီး ၇၀ ကျော် ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးတဲ့အထဲမှာ ဆေးလာကုနေကြတဲ့ လူနာတွေ၊ ကလေးငယ်တွေ အပါအဝင် အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ ရေးသားဖော်ပြထားပါတယ်။
🔗 New York Times – https://bitly.cx/CL0D
🔗 Frontier Myanmar – https://bitly.cx/NjKq
🔗 Al Jazeera – https://bitly.cx/qU12R
စိတ််ချယုံကြည်ရတဲ့ ပြည်တွင်းသတင်းဌာနတွေနဲ့ နိုင်ငံတကာသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေအရ စစ်ကောင်စီဖက်မှနေ မြောက်ဦးဆေးရုံကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၃၀ ကျော် သေဆုံးပြီး ၇၀ ကျော် ထိခိုက်ဒဏ်ရာရရှိတယ်လို့ ရေးသားဖော်ပြထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုထဲမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို မတွေ့ရပါဘူး။
ဒါ့အပြင် The Irrawaddy သတင်းဌာနရဲ့ အင်တာဗျုးတစ်ခုမှာလည်း အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက လေကြောင်းတိုက်ခိုက်မှုအပြီးမှာ “စစ်ကောင်စီအနေနဲ့ သူတို့ကျူးလွန်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအတွက် သူတို့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမှာဖြစ်ပါတယ်၊ ကျနော်တို့အနေနဲ့ကတော့ မတရားတိုက်ခိုက်သတ်ဖြတ်ခံရတဲ့ အပြစ်မဲ့ပြည်သူတွေ တရားမျှတမှု ရရှိဖို့အတွက် လိုအပ်သလို လက်တုံ့ပြန်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ အင်တာဗျူးဖြေကြားထားပါတယ်။
🔗 The Irrawaddy – https://bitly.cx/iAvue
▪️ သုံးသပ်ချက်
လူမှု မီဒီယာတွေမှာ ပျံံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ နိုင်ငံတကာ သတင်းမီဒီယာဌာနကြီးတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ ဆ်ိုရှယ်မီဒီယာမှာ ပျံ့နှံ့နေသလိုမျိုး စစ်ကောင်စီရဲ့ မြောက်ဦးဆေးရုံလေကြောင်းတိုက်ခိုက်မှုမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဦးခိုင်သုခတို့ ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို မတွေ့ရှိရပါဘူး။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်လို့ သေဆုံးတဲ့အထဲမှာ မွေးကင်းစကလေးငယ်တွေ၊ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ အပါအဝင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ဆေးလာကုကြတဲ့ ပြည်သူတွေ ပါဝင်နေတာကို တွေ့ရပါတယ်။
ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ အဆောက်အအုံတွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ပြီး ရေးသားပြီး ဖြန့်ချိလေ့ရှိပါတယ်။
လက်ရှိိမြောက်ဦးဆေးရုံလေကြောင်းတိုက်ခိုက်မှုအတွင်းမှာလည်း စစ်ကောင်စီဖက်မှနေ ဝါဒဖြန့်ချိမှုတွေ သတင်းတု သတင်းမှားတွေကို ဆက်တိုက်ဖြန့်ချိလျက်ရှိပြီးတော့ MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ သတင်းတုသတင်းမှားတွေကို စိစစ်နိုင်ခဲ့ပါတယ်။
✅ Akyab Post – https://bitly.cx/7g8Yc
လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
✅ Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။







