11 Dec 2025
MFCN/ The Akyab Post
Fact Check
အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ဆေးရုံကို လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတွေဟာ အာရက္ခတပ်တော် အေအေရဲ့ တပ်သားတွေ ဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်တွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်တစ်ခုဖြစ်တဲ့ “တိုက်ပွဲသတင်းစုံ” ဆိုတဲ့ ချန်နယ်ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ “ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က ဆေးရုံမှာ AA အကြမ်းဖက်တွေ စခန်းချခိုအောင်းနေထိုင်နေကြောင်း ဒေသခံရခိုင်လူမျိုးတွေရဲ့ သတင်းပေးချက်အရ ဒီဇင်ဘာလ ၁၀ ရက် ညပိုင်းမှာ ဗုံးကြဲချေမှုန်းရှင်းလင်းနိုင်ခဲ့တာကြောင့် AA အကြမ်းဖက်တွေတော်တော်ကိုသေကုန်ပြီး ထိခိုက်ဒဏ်ရာရတွေလည်း မနည်းမနော ဖြစ်ကုန်ပါတယ်…”(မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။
📌 ဖြန့်ဝေထားတဲ့အကြောင်းအရာ>>> https://archive.ph/7tUDo
ဒီပို့စ်ကို ဖြန့်ဝေထားတဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၇၈၀၀ ကျော်ထိရှိပြီးတော့ reaction ပေးသူ ၂၅၈ ဦးထိရှိပြီးတော့ အခြားစစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
📌 ဆက်စပ်သတင်းမှားများ – https://archive.ph/SJvka
ဝါဒဖြန့်ချန်နယ်တွေကနေ မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ အေအေတပ်သားတွေ သေဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေထားတာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့ အခါ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေထဲမှာ မွေးကင်းစကလေးငယ်တွေ အပါအဝင် အသက်မပြည့်သေးတဲ့ ကလေးတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ အရပ်သားပြည်သူတွေ သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေဟာလည်း ဆေးကုသမှုခံယူနေကြတဲ့ ပြည်သူတွေ ဖြစ်နေတာကို တွေ့ရပါတယ်။
▪️သတင်းစိစစ်ချက်
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံံ့နှံ့လို့ရှိတဲ့ မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးသူတွေဟာ အေအေတပ်သားတွေဆိုပြီး ရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools ကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Google မှာ “မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်မှု” ဆိုတဲ့ keywords နဲ့ ရှာကြည့်လိုက်တဲ့အခါ ရခိုင်ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Development Media Group ကနေ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ “မြောက်ဦးဆေးရုံဗုံးကြဲခံရမှု သေဆုံးသူ ၃၀ ကျော်နှင့် ဒဏ်ရာရသူ ၇၀ ကျော်ရှိလာ” ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။
DMG သတင်းဌာနရဲ့ ရေးသားဖော်ပြချက်အရ “စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် မြောက်ဦးဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် လူနာများနှင့် လူနာစောင့်များထဲမှ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၃၃ ဦး သေဆုံးမှုရှိခဲ့သည်။ သေဆုံးသူများမှာ ဆက်လက် မြင့်တက်လာနိုင်ပြီးတော့ ဒဏ်ရာရတဲ့အထဲမှာ အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၂၇ ဦးမှာလည်း ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး အလတ်စားနှင့် အငယ်စားဒဏ်ရာရရှိသူ ၄၉ ဦးရှိတယ်”လို့ ရေးသားဖော်ပြထားပါတယ်။
🔗 DMG သတင်းဌာနရဲ့ သတင်း>>> https://bit.ly/4rPtQsd
ဒ့ါအပြင်ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Myanmar Now သတင်းဌာနမှာလည်း “ရခိုင်ပြည်နယ် မြောက်ဦးဆေးရုံ လေကြောင်းဗုံးကြဲခံရမှု ၃၃ ဦး သေဆုံး၊ ၇၆ ဦး ဒဏ်ရာရ” ဆိုပြီးတော့ ဒီဇင်ဘာ ၁၁ ရက်မှာ သတင်းရေးသားဖော်ပြထားပါတယ်။
Myanmar Now ရဲ့ သတင်းထဲမှာဆိုရင် “ရခိုင်ပြည်နယ်၊ ရှေးဟောင်းယဉ်ကျေးမှု မြို့တော် မြောက်ဦးရှိ ဆေးရုံကြီးကို ဒီဇင်ဘာလ ၁၀ရက်နေ့၊ ည ၉ နာရီကျော်တွင် လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ လူ ၃၃ ဦး သေဆုံးကာ ၇၆ ဦး ဒဏ်ရာရခဲ့သည်။ သေဆုံးသူများထဲတွင် ကလေးငယ်များ၊ မွေးလူနာများနှင့် ရိုဟင်ဂျာအမျိုးသမီးငယ်များလည်းပါဝင်သည်၊ ဒဏ်ရာရသူများတွင် အပြင်းစားဒဏ်ရာရရှိသူ ၂၇ ဦးနှင့် အလတ်စား ဒဏ်ရာရရှိသူ ၄၉ ဦး ရှိတယ်” လို့ ရေးသားဖော်ပြထားပါတယ်။
🔗 Myanmar Now သတင်းဌာနရဲ့သတင်း>>> https://bit.ly/3YqCAHy
မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေ ဖြစ်ကြတဲ့ The Irrawaddy၊ DVB၊ Mizzima၊ Frontier Myanmar တို့ကလည်း လေကြောင်းတိုက်ခိုက်မှု အတွင်းမှာ အရပ်သားပြည်သူ ၃၀ ကျော်သေဆုံးပြီး ၇၀ ကျော် ထိခိုက်ဒဏ်ရာရရှိမှုရှိတယ်လို့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ သတင်းရေးသားဖော်ပြထားပါတယ်။
🔗 DVB သတင်းဌာနကဖော်ပြထားတဲ့သတင်း>>> https://bit.ly/48wvVlf
🔗 Mizzima သတင်းဌာနကဖော်ပြထားတဲ့သတင်း>>> https://bit.ly/3MtzbFq
🔗 The Irrawaddy – https://www.facebook.com/share/p/1Czc7vnLD2/
🔗 The Irrawaddy သတင်းဌာနကဖော်ပြထားတဲ့သတင်း>>> https://bit.ly/4abxFBA
🔗 Frontier Myanmarသတင်းဌာနကဖော်ပြထားတဲ့သတင်း>>> https://bit.ly/48xIRaD
ဒါ့အပြင် မြောက်ဦးလေကြောင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ ယုံကြည်စိတ်ချရတဲ့ နိုင်ငံတကာသတင်းမီဒီယာတွေ ဖြစ်ကြတဲ့ The Japan Times၊ BBc Burmese၊ CNA၊ Times of India၊ တို့ရဲ့သတင်းတွေမှာလည်း ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ မြောက်ဦးဆေးရုံကို စစ်ကောင်စီတပ်က ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ အရပ်သားပြည်သူ ၃၀ ကျော်သေဆုံးပြီး ၇၀ ကျော် ထိခိုက်ဒဏ်ရာရရှိမှု ရှိတယ်လို့ ရေးသားဖော်ပြထားပါတယ်။
🔗 The Japan Times သတင်းဌာနရဲ့သတင်း>>> https://bit.ly/453bSsh
🔗 CNA သတင်းဌာနရဲ့သတင်း>>> https://bit.ly/4q2AVDR
🔗 Times of India သတင်းဌာနရဲ့သတင်း>>> https://bit.ly/4pr7MT7
🔗 BBC Burmese သတင်းဌာနရဲ့သတင်း>>> https://bit.ly/4rWbDtc
အထက်မှာဖော်ပြခဲ့တဲ့ ယုံကြည်စိတ်ချရတဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေ ကိုကြည့်မယ်ဆိုရင် အရ မြောက်ဦးဆေးရုံကို စစ်ကောင်စီက ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အပါအဝင် အရပ်သားပြည်သူ ၃၀ ကျော်သေဆုံးပြီး ပြည်သူ ၇၀ ကျော် ထိခိုက်ဒဏ်ရာရရှိမှုရှိတယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။
◾️ သုံးသပ်ချက်
စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ နိုင်ငံတကာ သတင်းမီဒီယာဌာနကြီးတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့နေသလိုမျိုး မြောက်ဦးဆေးရုံကို လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတဲ့သူတွေဟာ အေအေတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်ဆိုတဲ့ အထောက်အထားမတွေ့ရှိရပါဘူး။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်လို့ သေဆုံးတဲ့အထဲမှာ မွေးကင်းစကလေးငယ်တွေ၊ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ အပါအဝင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ဆေးလာကုကြတဲ့ ပြည်သူတွေ ပါဝင်နေတာကို တွေ့ရပါတယ်။
ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ပြီး ရေးသားနေတဲ့ မှားယွင်းတင်ပြတဲ့ သတင်းမှားအမျိုးအစားသာဖြစ်ပါတယ်။
လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
✅Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #RedFlag #Akyab Post #FactCheck #Mis_Disinformation #AA







