မောင်တောမြို့နယ်မှာ အာရက္ခတပ်တော်က မွတ်ဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှု ပြုလုပ်နေဆိုကာ သတင်းမှားဖြန့် 
Share:FacebookX

မောင်တောမြို့နယ်မှာ အာရက္ခတပ်တော်က မွတ်ဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှု ပြုလုပ်နေဆိုကာ သတင်းမှားဖြန့် 

9 Dec 2025

MFCN/ The Akyab Post

Fact-check

အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ အာရက္ခတပ်တော် အေအေက  မောင်တောမြို့နယ် မြောက်ပိုင်းက ကျေးရွာတွေမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ပြုလုပ်နေတယ်ဆိုပြီးတော့ ရေးသားဖြန့်ဝေထားတဲ့ ပို့စ်ဟာ ပျံ့နှံ့လျက်ရှိပါတယ်။ 

“Doror Waddy Media” ဆိုတဲ့တယ်လီဂရမ် ချန်နယ်ကနေ ဒီဇင်ဘာလ ၆ ရက်နေ့မှာ “ကျောက်ချောင်းနှင့် လိပ်ရရွာများတွင် ULA/AA ၏ ဘင်္ဂါလီလူမျိုး မွတ်ဆလင်အများစုကို Genocide ပြုလုပ် မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်ချောင်းနှင့် လိပ်ရ ကျေးရွာအုပ်စုများတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်၍ ခဲဝါကောင် အကြမ်းဖက် ULA/AA အဖွဲ့က ဘင်္ဂါလီများကို ARSA နှင့် ဆက်စပ်ကြောင်း စွပ်စွဲကာ အဓမ္မဖမ်းဆီးမှုများ ကျူးလွန်နေကြောင်း အမျိုးသမီး ၁၇ ဦး၊ ကလေး ၂၄ ဦးကို အိမ်တစ်အိမ်ထဲတွင် ပိတ်ကာ သော့ခတ်ထားပြီး ဆက်သွယ်မှုလည်း ဖြတ်တောက်ထားသည်။ အမျိုးသား ၄၂ ဦးကိုလည်း တောတောင်သို့ သို့မဟုတ် နယ်မြေရုံးသို့ ခေါ်ဆောင်သွားပြီး အိမ်ထဲရှိ ပစ္စည်းများကို ရခိုင်အစွန်းရောက် ULA/AA သူပုန်အဖွဲ့က သိမ်းယူ ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိသည်။ အမျိုးသမီးများ၊ ကလေးများ အပါအဝင် စုစုပေါင်း ၆၁ ဦး ဖမ်းဆီးခံထားရကြောင်း သိရှိရသည်။” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။ 

သတင်းမှားလင့်ခ် 

ဒီပို့စ်ကို Akyab Post ကနေ စစ်ဆေးထားတဲ့ ဒီဇင်ဘာလ ၈ ရက်နေ့ အထိ ဝင်ရောက်ဖတ်ရှုသူ ၂၀၄ ဦးထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။ 

ဝါဒဖြန့်ချန်နယ်တွေကနေ ဖြန့်ချိထားတဲ့ ပို့စ်မှာပါဝင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းတုသတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။ 

◾️ သတင်းစိစစ်ချက်

လူမှုကွန်ရက်မှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools ကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။ 

Google မှာ “အေအေ မောင်တော လူမျိုးတုန်းသတ်ဖြတ်မှု” ဆိုတဲ့ Keywords နဲ့ ရိုက်ရှာကြည့်လိုက်တဲ့အခါမှာ စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာဌာနကြီးတွေနဲ့ ဒေသတွင်း သတင်းမီဒီယာဌာနတွေမှာ အေအေဖက်ကနေ မောင်တောမြို့နယ်မှာ လူမျိုးတုန်း သတ်ဖြတ်ထားတယ် ဆိုပြီးတော့ ရေးသားဖော်ပြထားတဲ့ အကြောင်းအရာကို မတွေ့ရပါဘူး။ 

🔗DMG – https://www.dmgburmese.com/ 

🔗 Narinjara – https://www.narinjara.com/

နောက်ထပ် “မောင်တော ကျောက်ချောင်း လိပ်ရ” ဆိုတဲ့ keywords နဲ့ ရိုက်ပြီး ရှာကြည့်တဲ့ အခါမှာတော့ BNI ကနေ ၂၀၂၅ စက်တင်ဘာလ ၈ ရက်နေ့မှာ “တိုက်ပွဲများကြောင့် မောင်တောဒေသခံများ စိုးရိမ်နေကြ” ဆိုတဲ့ သတင်းကို တွေ့ရပါတယ်။ 

BNI ရဲ့ ရေးသားဖော်ပြချက်မှာလည်း “ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်းတွင် ယခုရက်ပိုင်းအတွင်း မွတ်ဆလင်လက်နက်ကိုင်တပ် ARSA နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲ မကြာခဏဖြစ်နေခြင်း၊ နယ်စပ်တွင် ARSA လှုပ်ရှားမှုများရှိနေခြင်းကြောင်း ဒေသခံများမှာ လုံခြုံရေးစိုးရိမ်နေကြောင်း သတင်းရရှိသည်။ စက်တင်ဘာလ ၆ ရက်၊ ည ၁၀ နာရီကျော်ကလည်း မောင်တောမြောက်ပိုင်း ရေတွင်းပြင်ကျေးရွာနှင့် ကျောက်ချောင်းကျေးရွာ အနီးတွင် ARSA နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။” လို့ ရေးသားဖော်ပြထားပါတယ်။ 

🔗BNI သတင်းဌာနရဲ့ သတင်းဖော်ပြမှု>>>> https://bit.ly/48IHMLZ 

ဒါ့အပြင် ရခိုင်ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Narinjara ကနေလည်း အောက်တိုဘာလ ၁၂ ရက်နေ့မှာ “ရခိုင်ပြည် မောင်တောမြို့နယ်မြောက်ပိုင်းမှာ အောက်တိုဘာ ၁၁ ရက် ဒီနေ့ ညနေပိုင်းက အကြမ်းဖက် စစ်သွေးကြွ ARSA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် ဒေသခံ ကယ်ရီသမား တစ်ဦး သေဆုံးခဲ့ရတယ်လို့   ဒေသခံတွေက နိရဉ္စရာ သတင်းဌာနကို ပြောဆိုပါတယ်။” လို့ ရေးသားဖော်ပြထားပါတယ်။ 

🔗 Narinjara သတင်းဌာနရဲ့ သတင်းဖော်ပြမှု>>> https://bit.ly/3KQLNWB 

ဒါ့အပြင် ဝါဒဖြန့်ချန်နယ်တွေကနေ ဖြန့်ချိထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်တွေမှာလည်း အေအေဖက်ကနေ မွတ်ဆလင်တွေအပေါ် ဖမ်းဆီးမှုတွေ ပြုလုပ်တာနဲ့ ပတ်သက်လို့ တစုံတရာ ထုတ်ပြန်ထားတာမျိုး မတွေ့ရှိရပါဘူး။ 

🔗 AA Info desk တယ်လီဂရမ်ချန်နယ် >>> https://bit.ly/3MzFt6l 

စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေမှာ အေအေဖက်ကနေ မောင်တောမြို့နယ် မြောက်ပိုင်းမှာ မွတ်ဆလင်လူမျိုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ပြုလုပ်နေပါတယ်ဆိုပြီး ရေးသားထားတဲ့ အကြောင်းအရာကို မတွေ့ရှိရပါဘူး။ 

▪️သုံးသပ်ချက် 

စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ အာရက္ခတပ်တော် အေအေဖက်ကနေ မောင်တောမြို့နယ် မြောက်ပိုင်းက ကျောက်ချောင်းနှင့် လိပ်ရရွာမှာရှိတဲ့ မွတ်ဆလင်လူမျိုးတွေ အပေါ်မှာ ဖမ်းဆီးပြီးတော့ လူမျိုးတုံး သတ်ဖြတ်တယ်ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့ ပို့စ်တွေဟာ တင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။ 

လက်ရှိမောင်တောမြို့နယ်မှာ အာရက္ခတပ်တော် အေအေနဲ့ မွတ်ဆလင်လက်နက်ကိုင် ARSA တို့ကြား တိုက်ပွဲတွေ ပြင်းထန်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုရှိတာကို ပြည်တွင်း သတင်းမီဒီယာဌာနတွေကနေ ရေးသားဖော်ပြထားပါတယ်။ 

စစ်ကောင်စီဟာ စစ်ရေးအရ လက်လွှတ်ခဲ့ရတဲ့ ဒေသတွေမှာ ဝါဒဖြန့်ချန်နယ်တွေကနေ တစ်ဆင့် တိကျသေချာမှုမရှိတဲ့ သတင်းတုသတင်းမှားတွေကို ဝါဒဖြန့်ခဲ့တာကို တွေ့ရပါတယ်။ 

လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #RedFlag #Akyab Post  #FactCheck #Mis_Disinformation  #AA

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .