9 Dec 2025
MFCN/ The Akyab Post/ The Red Flag
Fact check
အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ချင်းပြည်နယ် တီးတိန်မြို့နယ်က ကနေဒီတောင်မှာ စစ်သတင်းရယူရင်း မိုင်းထိတဲ့ အမေရိကန်နိုင်ငံသား အလွတ်တန်းသတင်းထောက် ကောလင်း မေဖီဟာ သတင်းထောက်မဟုတ်ဘဲ ချင်းတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDF Zoland ကို စစ်ပညာသင်ပေးနေသူဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်တွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “မှိုင်းဝေ”ချန်နယ်ကနေ ဒီဇင်ဘာလ ၅ ရက်နေ့မှာ “ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ထဲက ကနေဒီတောင်မှာ မိုင်းထိပြီး ခြေပြတ်လက်ပြတ်ဖြစ်သွားတဲ့ အမေရိကန်ကောင်က သတင်းထောက်မဟုတ်ဘူးတဲ့… အကြမ်းဖက် CDF Zoland အဖွဲ့ကို စစ်ပညာသင်ပေးနေတဲ့ အကြမ်းဖက်အားပေးကောင်တဲ့.. သူများနိုင်ငံမှာလာပြီး စစ်မီးမွှေးပေးနေတဲ့ကောင် တိုပြတ်ရုံတင်မကဘူး တစ်ခါတည်းရှောဘရားသားဖြစ်သွားရမှာ…” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။
📌 ဖြန့်ဝေထားတဲ့သတင်းအမှားလင့်ခ်>>> https://archive.ph/OATm0
ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့က စပြီး Akyab Post ကနေ စစ်ဆေးထားတဲ့ ဒီဇင်ဘာလ ၈ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၂၅.၁K ထိရှိပြီးတော့ reaction ပေးသူ ၅၆၅ ဦးထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
ဝါဒဖြန့်ချန်နယ်တွေကနေ ဖြန့်ချိထားတဲ့ အကြာင်းအရာနဲ့ ပတ်သက်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ မိုင်းထိတဲ့ အမေရိကန်နိုင်ငံသားဟာ အလွတ်တန်းသတင်းထောက်တစ်ဦးသာဖြစ်ပြီးတော့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDF Zoland ကို စစ်ပညာသင်ပေးနေသူဆိုတာဟာ လုပ်ကြံရေးသားထားတဲ့ သတင်းတုသတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
▪️သတင်းစိစစ်ချက်
ဝါဒဖြန့်ချန်နယ်တွေကနေ ဖြန့်ချိထားတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ reverse image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
“မှိုင်းဝေ”ချန်နယ်ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံကို reverse image search tools နဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ နိုင်ငံတကာ သတင်းမီဒီယာဌာနတစ်ခုဖြစ်တဲ့ BBC Burmese ကနေ ဒီဇင်ဘာလ ၄ ရက်နေ့မှာ “ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းထိတဲ့ အမေရိကန် သတင်းထောက် အိန္ဒိယမှာ ဆေးကုနေရ” ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။
BBC Burmese ရဲ့ ရေးသားဖော်ပြချက်တွေအရ အမေရိကန်အလွတ်သတင်းထောက် ကောလင်း မေဖီးဟာ မြန်မာနဲ့အိန္ဒိယအစပ် ချင်းပြည်နယ်ထဲက တိုက်ပွဲတစ်ခုမှာ သတင်းယူရင်း မြေမြှုပ်မိုင်း နင်းမိပြီး ဘယ်ဘက်ခြေထောက်ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာ ဖြစ်ပြီးတော့ သူဟာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ထဲက ကနေဒီတောင် သိမ်းတဲ့တိုက်ပွဲမှာ သတင်းယူရင်း ထိခိုက်ခဲ့တာလို့ ရေးသားဖော်ပြထားပါတယ်။
🔗 BBC သတင်းဌာနရဲ့သတင်း>>> https://bit.ly/490xO9W
ဒီသတင်းကိုပဲ ပြည်တွင်း သတင်းမီဒီယာဌာနကြီးတစ်ခုဖြစ်တဲ့ The Irrawaddy သတင်းဌာနကနေလည်း ဒီဇင်ဘာလ ၃ ရက်နေ့မှာ “ချင်းမှာ မိုင်းနင်းမိတဲ့ အမေရိကန် စစ်သတင်းထောက် မီဇိုရမ်မှာ ဆေး ကုနေ” လို့ ရေးသားဖော်ပြထားပါတယ်။
The Irrawaddy ရဲ့ ရေးသားဖော်ပြချက်မှာလည်း မေဖီးလ်ဟာ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် တီးတိန်မြို့နယ်၊ ကနေဒီတောင်အနီးရှိ စစ်ဆင်ရေး ဧရိယာတခုတွင် PDF-Zoland စစ်ကြောင်းနှင့်အတူ လိုက်ပါလာစဉ်အတွင်းမှာ မြေမြှုပ်မိုင်းနင်းမိခဲ့ပြီး ၎င်း၏ ခြေထောက်နှင့် ခြေချောင်းများ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။
🔗 The Irrawaddy သတင်းဌာနကဖော်ပြထားတဲ့သတင်း>>> https://bit.ly/3KEYy6C
ဒါ့အပြင် Mizzima သတင်းဌာနကနေလည်း ဒီဇင်ဘာလ ၃ ရက်နေ့မှာ “တီးတိန်တွင် အမေရိကန်သတင်းထောက် မိုင်းနင်းမိပြီး ဒဏ်ရာရ” လို့ ရေးသားဖော်ပြထားပြီးတော့ သူဟာ မြန်မာ့စစ်ပွဲရှေ့တန်းမြင်ကွင်းများပါဝင်သော “The Chin Resistance” အမည်ရှိသော အပိုင်း သုံးပိုင်းပါသည့် မှတ်တမ်းရုပ်သံကို Qilo တီဗွီတွင် ၂၀၂၄ခုနှစ်အတွင်း ထုတ်လွှင့်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။
🔗 Mizzima သတင်းဌာနကဖော်ပြထားတဲ့သတင်း>>> https://bit.ly/3Kim21m
စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေမှာ ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ မိုင်းထိတဲ့ အမေရိကန် အလွတ်တန်းသတင်းထောက်ဟာ CDF Zoland ကို စစ်ပညာသင်ပေးနေသူမဟုတ်ဘဲ သူဟာ ယခင်ကလည်း ယူကရိန်းကို ရုရှားကျူးကျော်မှု၊ ဟေတီနိုင်ငံရှိ ဂိုဏ်းဂဏအကြမ်းဖက်မှု၊ ဘိုကိုဟာရမ်၊ အစ္စလာမ္မစ်နိုင်ငံ တော်အဖွဲ့၊ ယာဇီဒီ လူမျိုးတုန်းသတ်ဖြတ်မှုနှင့် အီရတ်နိုင်ငံရှိ အီရန်အတိုက်အခံအဖွဲ့ များနှင့်ပတ်သက်ပြီး သတင်းရယူခဲ့သူ စစ်သတင်းထောက်တစ်ဦးဖြစ်ပါတယ်။
▪️သုံးသပ်ချက်
စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့လျက်ရှိတဲ့ အကြောင်းအရာကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ မိုင်းထိခဲ့တဲ့ အမေရိကန်နိုင်ငံသား ကောလင်း မေဖီးဟာ အလွတ်တန်းစစ်သတင်းထောက်တစ်ဦးဖြစ်ပြီးတော့ နိုင်ငံတကာမှာလည်း သတင်းရယူခဲ့သူ တစ်ဦးဖြစ်တာကို တွေ့ရပါတယ်။
ဒီအချက်အလက်တွေအရ စစ်တပ်ဝါဒဖြန့်ချန်နယ်တွေကနေ ဖြန့်ထားသလိုမျိုး ချင်းတော်လှန်ရေးအဖွဲ့ဖြစ်တဲ့ CDF Zoland ကို ကောလင်းမေဖီးဟာ စစ်ပညာသင်ကြားနေတယ်ဆိုဟာ လုပ်ကြံရေးသားထားတဲ့ သတင်းတုသတင်းမှားသာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ စစ်ရေးအရအထိနာနေတာကြောင့် ဝါဒဖြန့်ချန်နယ်တွေကနေ တစ်ဆင့် တော်လှန်ရေးတပ်တွေကြား နားလည်မှုလွှဲမှားအောင် တိကျသေချာမှုမရှိတဲ့ သတင်းတုသတင်းမှားတွေကို ဝါဒဖြန့်ခဲ့တာကို တွေ့ရပါတယ်။
စစ်ရေးပြင်းထန်နေတဲ့ နေရာဒေသတွေမှာ အင် တာနက်ဖြတ်တောက်မှုတွေနဲ့ VPNပိတ်ပင်ထားမှုတွေကြောင့် သတင်းစီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #RedFlag #Akyab Post #FactCheck #Mis_Disinformation #AA







