အိန္ဒိယတိုက်အောက်ဖက်မှာရှိတဲ့ ကျောက်ချပ်လွှာကြီး နှစ်ခြမ်းကွဲတော့မယ်ဆိုတာ ဟုတ်ရဲ့လား 
Share:FacebookX

အိန္ဒိယတိုက်အောက်ဖက်မှာရှိတဲ့ ကျောက်ချပ်လွှာကြီး နှစ်ခြမ်းကွဲတော့မယ်ဆိုတာ ဟုတ်ရဲ့လား 

၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၊ ၅ရက်။

(Fact-check_DNA/The Akyab Post/ The Red Flag)

 အိန္ဒိယနိုင်ငံနဲ့ တိဘက်နိုင်ငံတို့ရဲ့ အောက်မှာရှိတဲ့ တယ်က်တောနစ် ကျောက်ချပ်လွှာကြီး (Tectonic Plate) နှစ်ခြမ်းကွဲနေပြီဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်တစ်ခု  လတ်တလော ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေမှာ ပျံ့နှံ့နေပါတယ်။

ပျံ့နှံ့နေတဲ့ မူရင်းပို့စ် –https://archive.ph/F1hWb 

 ဒါကို အာဖရိကတိုက်ကြီး (the African continent)ရဲ့ ကျောက်ချပ်လွှာကွဲသွားတာနဲ့  နှိုင်းယှဥ်ရေးသားနေကြတာ ဖြစ်ပြီးတော့ စာဖတ်သူတွေကြားမှာ ချက်ချင်းဖြစ်လာနိုင်လား၊ ကျောက်ချပ်လွှာကြီးကရော လုံးဝနှစ်ခြမ်းကွဲသွားမှာလားဆိုတဲ့ မေးခွန်းတွေက ဝိဝါဓကွဲပြားတာတွေ ကြောက်လန့်မှုတွေကို ဖြစ်လာစေပြီးတော့ ဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာလည်း အငြင်းပွားစရာတွေ ဖြစ်ပေါ်နေပါတယ်။

အိန္ဒိယကျောက်ချပ်လွှာကြီး ကွဲတာနဲ့ပတ်သက်လို့ ချက်ချင်းဖြစ်လာတော့မှာလား ဆိုတဲ့ မေးခွန်နဲ့အတူ ကျောက်ချပ်တွေ ကွဲအက်တဲ့သဘောကလည်း  ပုံမှန်ဖြစ်ရိုးဖြစ်စဥ်တစ်ခုသာဖြစ်ပြီးတော့ ဒီလိုဖြစ်စဥ်မျိုးကလည်း ချက်ချင်းလက်ငင်းဖြစ်လာတာမျိုး မဟုတ်ဘဲ နှစ်သန်းပေါင်းများစွာကြာမှာ ဖြစ်လာမှာ ဖြစ်ပါတယ်။

လက်ရှိသိပ္ပံပညာရှင်တွေ ဘူမိဗေဒသုတေသီတွေကတော့ ဒီလို ကျောက်ချပ်ကွဲတဲ့ ဖြစ်စဉ်ကို  အတည်ပြုထားပေမယ့် လူသားတွေအပေါ်မှာတော့ ချက်ချင်းထိခိုက်မှု ဖြစ်လာမယ်လို့ ပြောဆိုထားတာ ထုတ်ပြန်ထားတာတွေ မရှိသေးပါဘူး။

ဒီဆောင်းပါးမှာတော့ MFCN ရဲ့ အချက်လက်စစ်ဆေးသူတွေကနေ အိန္ဒိယ ကျောက်ချပ်လွှာကြီး ကွဲအက်တာနဲ့ ပတ်သက်လို့ ဘယ်လိုပုံစံမျိုးတွေ ဖြစ်လာမလည်း၊ ဘယ်အချိန်မှာ ဒီလို ဖြစ်စဉ်တွေ ဖြစ်လာမှာလည်း၊ လူသားတွေအပေါ်မှာရော ထိခိုက်မှုရှိမှာလားဆိုတဲ့ မေးခွန်းတွေကို  အချက်လက်နဲ့တကွ ရှင်းပြပြီးတော့ စာဖတ်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးသွားမှာဖြစ်ပါတယ်။

▪️ဘာကြောင့် အိန္ဒိယကျောက်ချပ်လွှာကြီး (Indian Plate) က ကွဲအက်လာရတာလဲ

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၈၀ခန့် ကနေ စပြီးတော့ မြောက်အမေရိကတိုက် ကျောက်ချပ်လွှာတွေကနေ ယူရေးရှားပလိတ် (Eurasian Plate) ဆိုပြီး ကွဲထွက်ခဲ့ပြီးတော့ အတ္တလန္တိတ်သမုဒ္ဒရာ ဖြစ်ပေါ်လာခဲ့တာပါ။

အိန္ဒိယကျောက်ချပ်လွှာဟာလည်း လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၅၀နဲ့ ၆၀ဝန်းကျင်ကြားမှာ မြောက်ဘက်ကို ဦးတည်ပြီးတော့ အလွန်လျင်မြန်စွာရွေ့လျားလာပြီးတဲ့နောက်မှာ ယူရေးရှားပလိတ်နဲ့ တိုက်မိခဲ့ပါတယ်။

အဲ့ဒီလိုတိုက်မိတာကြောင့်လည်း ဟိမဝန္တာ တောင်တန်း နဲ့ တိဗက်ကုန်းပြင်မြင့် (Tibetan Plateau) စတဲ့ နေရာတွေ ဖြစ်ပေါ်လာတာပါ။  

လက်ရှိကျောက်ချပ်လွှာရဲ့ သိပ်သည်းပြီး လေးလံတဲ့အောက်ပိုင်း(dense lower crust) ကလည်း ဖိအားကြောင့် ကွဲလာပြီးတော့ ကမ္ဘာ့အတွင်းမန်တယ်ထဲနစ်မြှုပ်နေသလို အပေါ်ပိုင်းက ပေါ့ပါးတဲ့အပိုင်း (lighter upper crust)ကတော့ ဆက်ရွေ့လျားနေဆဲဖြစ်ကာ ဒီဖြစ်စဥ်ကိုတော့ ကွာကျခြင်း “delamination”လို့ခေါ်ပါတယ်။

ဒါက ကျောက်ချပ်လွှာကို နှစ်ပိုင်း ခွဲထားသလို ဖြစ်နေပြီးတော့၊ အာဖရကတိုက်တစ်ခုလုံးရဲ့ East African Rift လို ကွဲအက်မှုနဲ့ ဆင်တူပေမဲ့လည်း  အိန္ဒိယကျောက်ချပ်လွှာကတော့ အလျားလိုက်ကွဲအက် (horizontal splitting) ဖြစ်နေပြီးတော့ အာဖရိကမှာတော့ ဒေါင်လိုက် ကွဲအက် (vertical rifting) ဖြစ်တာကြောင့် ဖြစ်စဥ်ကမတူညီဘဲ ကွဲပြားပါတယ်။ ဒီရုပ်သံလင့်မှာတော့ အိန္ဒိယကျောက်ချပ်လွှာကြီး အလျားလိုက် ကွဲအက်တဲ့ဖြစ်စဥ်နဲ့ ပတ်သက်ပြီး အသေးစိတ် လေ့လာနိုင်ပါတယ်။

https://www.youtube.com/watch?v=XWnpcgRjsUk&t=35s 

ဒီလိုအလျှားလိုက် ကွာကျလာတယ်ဆိုတဲ့ ဖြစ်စဥ်ဟာ  မြေမျက်နှာပြင်ပေါ်မှာ ငလျင်ကြော (Fault Lines) တွေ ပိုရှုပ်ထွေးလာတာကိုဖြစ်စေသလို ငလျင်လှုပ်ရှားတဲ့ပုံစံတွေကိုလည်း ပြောင်းလဲလာတာမျိုး ဖြစ်နိုင်ပါတယ်။

▪️ကျောက်ချပ်လွှာ ကွဲအက်မှုက ချက်ချင်းဖြစ်မှာလား

ကမ္ဘာကြီးရဲ့ တယ်က်တောနစ် လုပ်ငန်းစဉ်တွေက လူသားတွေရဲ့သက်တမ်းလို လျင်မြန်မှုမရှိပါဘူး၊ အိန္ဒိယကျောက်ချပ်လွှာရဲ့ ရွေ့လျားနှုန်းက ၂နှစ်ကို ၅မီလိီမီတာလောက်ပဲရှိပါတယ်။

သတင်းဖြန့်ဝေမှုမှာပါတဲ့ “မြန်မာ့မြေပုံလဲတစ်ဝက်ပါသွားနေတယ်” ဆိုတဲ့အသုံးနှုန်းက အလွန်ချဲ့ကားရေးသားထားတာဖြစ်ပြီးတော့ လက်တွ့အခြေအနေအရ မြန်မာနိုင်ငံရဲ့ အနောက်ဘက်နယ်နိမိတ်က အိန္ဒိယ-ဩစတြေးလျကျောက်ချပ်လွှာ (Indo-Australian Plate)နဲ့ ယူရေးရှားကျောက်ချပ်လွှာတို့ ဆုံတဲ့နေရာမှာ တည်ရှိနေတာဖြစ်ပြီး အိန္ဒိယကျောက်ချပ်လွှာက ယူရေးရှားပလိတ်အောက်ကို နစ်ဝင်နေတာကြောင့် ရခိုင်ကမ်းရိုးတန်းနဲ့ ချင်းတောင်တန်းတွေမှာ မြေကြီးတွေစုပုံတာ (Accretion) ဒါမှမဟုတ် တောင်တန်းတွေဖြစ်ပေါ်စေနိုင်တာမျိုးဖြစ်လာမှာပါ။

တောင်တန်းတွေဖြစ်ပေါ်တာနဲ့ပတ်သက်လို့ အပြည့်အစုံကို ဖတ်ရှုရန် – https://se.copernicus.org/articles/16/579/2025/ 

အိန္ဒိယကျောက်ချပ်လွှာဟာ တနှစ်မှာ ၄စင်တီမီတာ လောက်သာမြောက်ဘက်ကိုရွေးလျားနေတာဖြစ်ပြီး ဒီပမာဏက လူတဦးရဲ့သက်တမ်းမှာ မြေမျက်နှာသွင်ပြင်ကို သိသိသာသာပြောင်းလဲစေနိုင်တဲ့အရှိန်မဟုတ်သလို ပျံ့နှံ့နေတဲ့ စာထဲမှာရေးထားသလို “တဝက်ကွဲထွက်” တာလိုမျိုး ဖြစ်စဥ်အတွက် နှစ်သန်းပေါင်းများစွာလိုအပ်ပါတယ်။

▪️ကျောက်ချပ်လွှာ ကွဲအက်မှုက ဘယ်လောက်ကြာမလဲ

ဒီဖြစ်စဥ်တွေက လူသားတွေရဲ့ နေ့စဥ်ဘဝ ဒါမှမဟုတ် သက်တမ်းတခုအတွင်း ပြီးပြတ်သွားမယ့် အရာတွေမဟုတ်ဘဲ၊ ဘူမိဗေဒ အချိန်အတိုင်းအတာ (Geological Time Scale) နဲ့သာဖြစ်နေရှိတာမလို့ အချိန်ယူတာကြာပါတယ်။ 

ဒီအကြောင်းအရာနဲ့ ပတ်သက်တာကို ဒီမှာဖတ်ကြည့်ပါ – https://pmc.ncbi.nlm.nih.gov/articles/PMC11541214/ 

ကျောက်ချပ်လွှာတွေ ကွာကျတာ၊ ကွဲအက်တာနဲ့ မြေမျက်နှာသွင်ပြင် ပြောင်းလဲတာ(Delamination/Splitting) စတဲ့ ကျောက်ထုကြီးတွေရဲ့ ဖွဲ့စည်းပုံ အလွှာလိုက်ပြောင်းလဲတာ​ ဒါမှမဟုတ် တိုက်ကြီးတွေရဲ့ နယ်နိမိတ်တွေ သိသိသာသာရွေ့လျားပြောင်းလဲတဲ့ဖြစ်စဥ်တွေက နှစ်သန်းပေါင်းများစွာကြာမြင့်တဲ့ ဖြစ်စဥ်တွေဖြစ်ပါတယ်။

ဥပမာအနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅သန်း ဒါမှမဟုတ် ၁၀သန်းကြာမှ ဒီမြေမျက်နှာပြင်သွင်ပြင်ပေါ်မှာ သိသိသာသာ အကျိုးသက်ရောက်တာကိ စတင်တွေ့မြင်နိုင်မှာဖြစ်တာကြောင့် ဒီကွာအက်မှုက လာမယ့် ဆယ်စုနှစ်တွေမှာ ချက်ချင်း ပျက်ဆီးပြောင်းလဲတာကိုဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး။

ကျောက်ချပ်တွေရဲ့အောက်ခြေမှာ ကွဲထွက်ခြင်း (Delamination) က ကျောက်တွေရဲ့ စွမ်းအင်ထုတ်လွှတ်မှုပုံစံကို ပြောင်းလဲစေနိုင်ပြီး ရာစုနှစ်တွေအတွင်းမှာ ငလျင်ကြီးတွေလှုပ်ခတ်မှုအကြိမ်ရေ ပိုများပြားလာတာ ဒါမှမဟုတ် ငလျင်လှုပ်ခတ်စေသောနေရာတွေ ပြောင်းလဲသွားတာမျိုးဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါပေမယ့်လည်း ဘယ်အချိန်တွေမှာ ကြီးမားတဲ့ငလျင်လှုပ်ခတ်မယ်ဆိုတာမျိုး တိကျစွာ ခန့်မှန်းနိုင်တဲ့ သိပ္ပံပညာမျိုး လက်ရှိကမ္ဘာပေါ်မှာ မရှိသေးပါဘူး။ 

▪️သုံးသပ်ချက်

အိန္ဒိယကျောက်ချပ်တွေ ကွဲအက်နေပြီဆိုတဲ့ သိပ္ပံနည်းကျ တွေ့ရှိချက်တွေကတော့ ကမ္ဘာမြေကြီးရဲ့ နက်နဲတဲ့ လျှို့ဝှက်ချက်တွေကိုဖွင့်ပြနိုင်တဲ့ အရေးပါတဲ့ ဘူမိဗေဒသတင်းကောင်းတွေဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီဖြစ်စဥ်တွေက အလွန်နှေးကွေးတဲ့နှုန်းနဲ့သာဖြစ်ပေါ်နေပြီး သတင်းဖြန့်ဝေသူတွေပြောသလို “ချက်ချင်းကွာအက်တော့မယ်” ဒါမှမဟုတ် “မြန်မာနိုင်ငံမြေပုံတဝက်ပါသွားတော့မယ်” ဆိုတဲ့အသုံးနှုန်းတွေက ဆိုရှယ်မီဒီယာအသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်ပြီး စိုးရိမ်ပူပန်စိတ်များဖြစ်ပေါ်လာစေနိုင်တဲ့ ချဲ့ကားထားတဲ့ အကြောင်းအရာဖြစ်ပါတယ်။ 

စာဖတ်သူအနေနဲ့ နှစ်ပေါင်းများစွာ ကြာမယ့် ဘူမိဗေဒဖြစ်စဉ်တွေကို ချက်ချင်းစိုးရိမ်စရာမလိုဘဲ၊ ငလျင်ဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်မှုတွေနဲ့ အသိပညာမြှင့်တင်မှုတွေ ကိုသာ အာရုံစိုက်လုပ်ဆောင်သင့်ပါတယ်။

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းတု၊ သတင်းမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့နဲ့ The Akyab Post Fact Checkအဖွဲ့ကိုလည်း Facebook page တွေ ကနေဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .