ဒေါက်တာဇော်ဝေစိုးပုံကို AI အသုံးပြုပြီး ဒေါက်တာဆာဆာအား တော်လှန်ရေးသစ္စာဖောက်လို့ ပြောဆိုတဲ့ သတင်းမှား
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၊ ၅ရက်။
(Fact-check _DNA/ The Red Flag)
အနှစ်ချုပ်
“ဒေါက်တာဆာဆာက NUGကိုသစ္စာဖောက်ပြီး ငြိမ်းချင်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ အင်စတီကျု(Institute of Peace and Federal Democracy – IPFD)ကိုတည်ထောင်လိုက်တာဖြစ်လို့ ဒေါက်တာဇော်ဝေစိုးပြော” ဆိုတဲ့ရုပ်သံဖိုင်က AI နဲ့ပြုပြင်ဖန်တီးထားတဲ့ သတင်းမှားတခုသာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ရဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒေါက်တာဆာဆာကို “တော်လှန်ရေးကို အကြောင်းပြပြီး ကိုယ်ကျိုးစီးပွားကိုပဲကြည့်တဲ့သူ” လို့ပြောဆိုနေတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
သတင်းမှားလင့် –
ပျံ့နှံ့လာတဲ့အဲ့ဒီအကြောင်းကို MFCN အဖွဲ့ဝင်တွေဖြစ်တဲ့ DNA Fact Check အဖွဲ့နဲ့ Real or Not အဖွဲ့ကနေ စစ်ဆေးကြည့်တဲ့အခါမှာ AI အသုံးပြုဖန်တီးထားတဲ့ ရုပ်သံဖိုင်တခုဖြစ်တာကိုတွေ့ရပါတယ်။
သတင်းစိစစ်ချက်
ပျံ့နှံ့လာတဲ့ရုပ်သံဖိုင်ကို AIနဲ့ ဖန်တီးထားတာ ဟုတ်၊ မဟုတ် imagewhisperer ဆိုတဲ့ AI ရုပ်ပုံတွေကို စစ်ဆေးနိုင်တဲ့ website နဲ့ စစ်ဆေးကြည့်တဲ့အခါမှာ “AI-generated image (high confidence)” လို့ ပြထားတာကြောင့် AI နဲ့ဖန်တီးထားတဲ့ရုပ်သံဖိုင်ဖြစ်ကြောင်း စစ်ဆေးနိုင်ခဲ့ပါတယ်။
Imagewhisperer – https://drive.google.com/file/d/1y8ZGyLQK6zKheIWQ_0hVn7ZtoNXt7_hD/view?usp=drive_link
အဲ့ဒီAi ရုပ်သံမှာသုံးထားတဲ့ ရုပ်ပုံက ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်၊ ဇူလိုင်လ၊ ၂၅ ရက်နေမှာ၊ NUG အနေနဲ့ ပြည်သူတွေကို ဩဂုတ်လ၊ ၂၀၂၁ ခုနှစ်မှာ ကိုဗစ်ကာကွယ်ဆေးစထိုးပေးတော့မယ် ဆိုတဲ့အကြောင်း မီဒီယာတွေနဲ့ တွေ့ဆုံပြောဆိုတဲ့ ရုပ်သံဖိုင်ထဲက ဒေါက်တာဇော်ဝေစိုးရဲ့ ပုံကို ရုပ်ပုံရိုက်ယူထားတာဖြစ်တာကို တွေ့ရပါတယ်။
ပြည်သူတွေကို နောက်လထဲမှာ ဗစ်ကာကွယ်ဆေးစထိုးပေးတော့မယ်လို့ NUGအစိုးရပြော – https://www.facebook.com/share/p/1Pjc8K3H7b/
ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်၊ ဇူလိုင်လ၊ ၂၅ရက်မှာ အမျိုးသားညီညွှတ်အစိုးရ (NUG) က သတင်းစာရှင်းလင်းပွဲ အမှတ် (၃/၂၀၂၁)ကိုပြုလုပ်ခဲ့ပြီး အဲ့ဒီသတင်းစာရှင်းလင်းမှာ ပါဝင်တဲ့ ဒေါက်တာဇော်ဝေစိုးဝတ်ထားတဲ့ အင်္ကျီ၊ နောက်ခံ အရိပ်ကျပုံတို့ကို ကြည့်ပြီး၊ ပျံ့နှံ့နေတဲ့ AI နဲ့ပြုပြင်ဖန်တီးထားတဲ့ရုပ်သံဖိုင်က ရုပ်ပုံကို အတည်ပြုနိုင်ခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲ အမှတ် (၃/၂၀၂၁) – https://www.facebook.com/share/v/1DGspa3pgF/
သုံးသပ်ချက်
အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကနေ ဒေါက်တာဆာဆာအနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ၊ ၂၇ရက်မှာ အနားယူခဲ့ပြီးတဲ့နောက် အခုလို ဒေါက်တာဇော်ဝေစိုးက တော်လှန်ရေးကို အသုံးချသူလို့ ပြောဆိုတဲ့ Ai ရုပ်သံဖိုင်ထွက်ပေါ်လာတာကိုတွေ့ရပါတယ်။
အခုလို AI အသုံးပြုပြီး နိုင်ငံရေးနဲ့ဆိုင်တဲ့ သတင်းမှားကို အချိန်ကိုက် ဝါဒဖြန့်ဝေနေတာကိုတွေ့ရပြီး “ဒေါက်တာဆာဆာဆိုတာ တော်လှန်ရေးကိုအကြောင်းပြပြီးတော့ သူ့ရဲ့ကိုယ်ကျိုးစီးပွားကိုကြည့်တဲ့သူတယောက်ပဲဖြစ်ပါတယ်” ဆိုတဲ့ရုပ်သံဖိုင်က AI နဲ့ပြုပြင်ဖန်တီးတင်ဆက်ထားတဲ့ ဝါဒဖြန့် လုပ်ကြံဖန်တီး ဖြန့်ဝေနေတဲ့သတင်းမှားဖြစ်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့နဲ့ Real or Not အဖွဲ့ကိုလည်း Facebook page တွေ ကနေဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#DNAFactCheck #DNA #Real_Or_Not #RealOrNot#FactCheck #MFCN







