KNU က ကျားဖြန့်ဝန်ထမ်း ၃၀၀၀ နီးပါးကို သက်သေဖျောက်ရန် နေရာရွေ့ဖို့ ကြိုးပမ်းနေကြောင်း စစ်လော်ဘီများဖြန့်သည့် သတင်းမှား
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၊ ၄ရက်။
(Fact-check _DNA/ The Red Flag)
အနှစ်ချုပ်
“မင်းလက်ပံရှိကျားဖြန့်၃၀၀၀နီးပါးကို KNUအဖွဲ့က သက်သေဖျောက်ဖျက်ဖို့ နေရာပြောင်းရွှေ့မှာကို ဝန်ထမ်းများကလက်မခံကြလို့ KNUအခက်တွေ့နေရ”ဆိုတဲ့အကြောင်းရာက လိမ်လည်ရေးသာထားတဲ့ ဝါဒဖြန့်သတင်းမှားတခုဖြစ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မင်းလက်ပံ(ဖလူး) ဒေသမှာရှိတဲ့ ကျားဖြန့်စခန်းက လုပ်သားတွေကို ကရင်အမျိုးသားအစည်းအရုံး (KNU)ကနေ သက်သေဖျောက်ဖို့ နေရာအရွေ့အပြောင်းလုပ်တဲ့အပေါ် ကျားဖြန့်စခန်းအတွင်းက လုပ်သား ၃၀၀၀ကျော်ကလက်မခံတာကြောင့် KNU အဖွဲ့အနေနဲ့ အခက်တွေ့နေရတယ်ဆိုတဲ့ သတင်းတွေ လူမှုစာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။
ဒီအကြောင်းရာကို စစ်တပ်လော်ဘီချန်နယ်တခုဖြစ်တဲ့ Truth Media ကနေ မနေ့က ဒီဇင်ဘာ ၃ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုလည်းအားကောင်းနေပါတယ်။
သတင်းမှားလင့် – https://archive.ph/wip/Y5EAv
ပျံ့နှံ့လာတဲ့ အဲ့ဒီသတင်းမှားကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA FactCheck ကနေ အချက်လက်စစ်ဆေးကြည့်တဲ့အခါမှာ ဝါဒဖြန့်ရေးသားထားတဲ့ သတင်းမှားဖြစ်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။
သတင်းစိစစ်ချက်
ကျားဖြန့်စခန်းကို စွန့်ခွာပြီး မိခင်နိုင်ငံတွေဆီ ပြန်ချင်သူ နိုင်ငံခြားသား ၁၇၇ဦးကို KNU အနေနဲ့ သောင်ရင်းမြစ်အနားမှာ ယာယီနေရာချထားပေးပြီး၊ ထိုင်းအာဏာပိုင်တွေဘက်က လွှဲပြောင်းလက်ခံယူမယ့် အချိန်ကို စောင့်နေတာဖြစ်သလို၊ KNU အနေနဲ့ အဲ့ဒီ Shunda Park ကျားဖြန့်စခန်းထဲက လူပေါင်း ၃,၅၈၂ ဦး ကို စာရင်းကောက်ယူနိုင်ခဲ့ပြီး အဲ့ဒီထဲက ၂,၆၄၀ဦးကို သူတို့ရဲ့ သဘောဆန္ဒနဲ့အညီ ကူညီရွှေ့ပြောင်းပေးထားပြီ ဖြစ်တယ်လို့ People’s Springက သတင်းရေးသားထားပါတယ်။
People’s Spring – https://www.facebook.com/share/p/1BBaSatihS/
KNU အနေနဲ့ ကျားဖြန့်စခန်းအတွင်းကနေ၊ နေရပ်ပြန်လိုသူ ၂,၆၄၀ဦးကို ထိုင်းအာဏာပိုင်တွေရဲ့အကူအညီတွေနဲ့ ကူညီကယ်ထုတ်ပေးပြီး၊ ၂၇၇ဦးကိုတော့ ထိုင်းအာဏာပိုင်တွေခေါ်ယူမယ့်အချိန်ကို သောင်ရင်းမြစ်ဘေးမှာ စောင့်ဆိုင်းနေကြတာဖြစ်သလို၊ ကျားဖြန့်စခန်းကို စွန့်ခွာပြီး၊ နေရပ်ပြန်ဖို့ငြင်းဆန်နေတဲ့ ကျားဖြန့်လုပ်သား ၉၀၀ကျော်ကျန်ရှိနေသေးတယ်ဆိုတဲ့အကြောင်း Myanmar Now သတင်းဌာနက သတင်းဖော်ပြထားပါတယ်။
Myanmar Now – https://www.facebook.com/share/p/16iFGUMktb/
ကရင်ပြည်နယ်၊ မင်းလက်ပံ (ဖလူး)ဒေသမှာရှိတဲ့ ကျားဖြန့်စခန်းမှာ ကရင်အမျိုးသားအစည်းရုံး (KNU) က ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသားအယောက် ၉၀၀ကျော်က နောက်ကြောင်းရာဇဝတ်မှုတွေနဲ့ သက်ဆိုင်ရာနိုင်ငံတွေကနေ အရေးယူခံရတာ၊ ဖမ်းဆီးခံရမှာကို စိုးရိမ်နေကြတာကြောင့် မိခင်နိုင်ငံကို ပြန်ဖို့ငြင်းဆန်နေတာဖြစ်တယ်ဆိုတဲ့အကြောင်း DVB သတင်းဌာနမှာ ဖော်ပြထားပါတယ်။
DVB – https://burmese.dvb.no/post/735819
သုံးသပ်ချက်
မင်းလက်ပံ (ဖလူး)ဒေသကို စစ်ကော်မရှင်တပ်အနေနဲ့ စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေသလို၊ လေကြောင်းကတဆင့် ဗုံးကြဲတိုက်ခိုက်တာမျိုး လုပ်ဆောင်နေတာပါ။
ဒါ့အပြင်လွန်ခဲ့တဲ့ နိုဝင်ဘာလ၊ ၃၀ရက်က ကျားဖြန့်လုပ်ငန်းကထွက်ခွာလာတဲ့ လုပ်သားတွေစုဝေးနေတဲ့ မြစ်ကမ်းနဘေးကို စစ်တပ်ကနေပစ်ခတ်လိုက်တဲ့ ၁၂၀ မမလက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သလို၊ Shunda Parkအတွင်းက အဆောက်အဦးတခုကိုလည်း လက်နက်ကြီး တလုံးကျရောက်ပေါက်ကွဲခဲ့ပါသေးတယ်။
ဒီလို စစ်ကြောင်းထိုးတိုက်ခိုက်နေတာ၊ လေကြောင်းကတဆင့်တိုက်ခိုက်နေတာကြောင့် KNU အနေနဲ့ ကျားဖြန့်ဝန်ထမ်းတွေကို သက်ဆိုင်ရာနိုင်ငံအလိုက် ပြန်ပို့ဖို့ နိုင်ငံတကာနဲ့ လက်တွဲလုပ်ဆောင် နေတာဖြစ်ပါတယ်။
ဒါကြောင့် “မင်းလက်ပံရှိကျားဖြန့်၃၀၀၀နီးပါးကို KNUအဖွဲ့က သက်သေဖျောက်ဖျက်ဖို့ နေရာပြောင်းရွှေ့မှာကို ဝန်ထမ်းများကလက်မခံကြလို့ KNU အခက်တွေ့နေရ”ဆိုတဲ့အကြောင်းအရာက လိမ်လည်လှည့်ဖျား ရေးသားထားတဲ့၊ ဝါဒဖြန့်သတင်းမှားတခုဖြစ်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#DNAFactCheck #DNA #MFCN #FactCheck #သတင်းမှားဝါဒဖြန့် #ကျားဖြန့် #မင်းလက်ပံ_ဖလူး_ဒေသ







