ခရစ်ယာန်ဘာသာဝင်တွေရဲ့စီတန်းလှည့်လည်ခြင်းမှာ ထီးဖြူသုံးမိလို့ စစ်လော်ဘီတွေ ဘာသာရေး အမုန်းတရားလှုံ့ဆော်
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၊ ၃ရက်။
(Fact-check _DNA/ The Red Flag)
ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်က ကနစိုးကုန်းကျေးရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ၊ ၂၃ရက်က ခရစ်ယာန်ဘာသာဝင်တွေရဲ့ထီးဖြူဆောင်းပြီးစီတန်းလှည့်လည်တာမှာ ဗုဒ္ဓဘာသာဝင်တွေအသုံးပြုတဲ့ ထီးဖြူကို Ombrellino ကိုအစားထိုးသုံးတာကြောင့် ဆိုရှယ်မီဒီယာတွေမှာ အမုန်းစကားတွေပျံ့နှံ့နေပါတယ်။
ဝါဒဖြန့် သတင်းလင့် – https://archive.ph/d9IaM
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ခုရှေ့မှာ ထီးဖြူတစ်ချောင်း မြင်ရင် လူအများစုက ဘာမှ ထူးထူးဆန်းဆန်း မထင်ကြပါဘူး။
သို့ပေမယ့် ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ အတူတူ ထီးဖြူတစ်ချောင်း မြင်လိုက်ရရင်တော့ ချက်ချင်း သံသယဝင်သွားတတ်ကြပါတယ်။
“ခရစ်ယာန်တွေ ဗုဒ္ဓဘာသာ သင်္ကေတကို ဘာလို့ သုံးနေတာလဲ၊ ခိုးယူနေတာလား၊ သိမ်းပိုက်ချင်နေတာလား” ဆိုပြီး လူမှုကွန်ရက်မှာ အမုန်းတရားတွေပါတဲ့စာတွေနဲ့ ဖြန့်ဝေနေကြတာမျိုးတွေပြုလုပ်တာမျိုးတွေ့ရပါတယ်။
တကယ်တမ်းတော့ အဲဒီ ထီးဖြူက ဗုဒ္ဓဘာသာကို ဂုဏ်ပြုဖို့လည်း မဟုတ်သလို၊ သိမ်းပိုက်ဖို့ကြိုးစားတာလည်း မဟုတ်ပါဘူး။
အဲဒါက ခရစ်ယာန်ကက်သလစ်ဘာသာရဲ့ အခမ်းအနားဆိုင်ရာ ထီးငယ် (Ombrellino) ကို မြန်မာနိုင်ငံမှာ ရှိတဲ့ ပစ္စည်းနဲ့ အစားထိုးသုံးထားတာမျိုးသာ ဖြစ်ပါတယ်။
ခရစ်ယာန် ထီးငယ် (Ombrellino) ဆိုတာ ဘာလဲ
ရိုမန်ကက်သလစ်ဘာသာမှာ ထီးငယ်လေး တစ်မျိုးရှိပါတယ်။ အမည်က Ombrellino (အီတလီ စကား – ထီးငယ်) လို့ ခေါ်ပါတယ်။
အဓိက အသုံးပြုတာက –
- ခရစ်တော်ရဲ့ ကောင်းချီးပေးထားတဲ့ မုန့်တော်မြတ် (Blessed Sacrament) ကို ချီတက်တဲ့အခါ အပေါ်ကနေ ဖုံးအုပ်ပေးဖို့
- ဘုန်းကြီးကျောင်း (Basilica) အဆင့်ရှိတဲ့ ဘုရားကျောင်းတွေရဲ့ ဂုဏ်သိက္ခာသင်္ကေတအဖြစ် တစ်ဝက်ဖွင့်ပြီး ချိတ်ဆွဲထားဖို့
ဥရောပမှာ ဒီထီးငယ်ဟာ အနီ-အဝါ အစင်းကြောင်းပါတတ်ပြီး တစ်ဝက်ဖွင့်ထားတဲ့ ပုံစံဖြစ်ပါတယ်။
ကနစိုးကုန်းသာသနာကက်သလစ်ဘုရားကျောင်းရဲ့ စီတန်းလှည့်လည်တာနဲ့ပတ်သက်ပြီး ဘုရားကျောင်းကို ဆက်သွယ်မေးရာမှ “ကျနော်တို့ ငယ်ငယ်လေးထဲက သုံးတာပေါ့နော်ထီးဖြူသုံးတယ်၊ ရွှေထီးသုံးတယ်၊ ကျနော်တို့သုံးတယ်ဆိုတာက ကိုယ်တော်မြတ်အတွက်သုံးတာပေါ့နော်၊ ကိုယ်တော်မြတ်ဆိုတာက ဘုရားပေါ့ အဲ့ဒီပုံထဲကရောင်ခြည်တော်ထွက်နေတဲ့ပုံပေါ့နော်၊ ကျနော်တို့အဲ့ထဲမှာကျေးဇူးတော်ယူထားတာပေါ့နော်၊ အဲ့ဒါကိုထီးဖြူဆောင်းပေးတာပါ။” လို့ ဘုရားကျောင်းက ပြောရေးဆိုခွင့်ရှိသူက DNAကိုပြောပါတယ်။
အခုလိုထီးဖြူဆောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဘာသာရေးဘုန်းကြီးတွေနဲ့ ညှိနှိုင်းစကားပြောပြီးသလို၊ နောက်နောင် ကောင်းချီးပွဲတော်ချီတက်လှည့်လည်တယ်အခါမှာ ထီးဖြူကိုမသုံးဖို့နဲ့၊ လိုင်းပေါ်မှာ မတင်ဖို့ ပြောဆိုခဲ့တယ်လို့သူကဆိုပါတယ်။
“ထီးဆောင်းတာကိုတော့ ခမ်းခမ်းနားနားပွဲကြီးတွေမှာသုံးတာပေါ့လေ၊ မြန်မာပြည်မှာ အလွယ်ဝယ်မရတာမို့ ဒီထီးဖြူကိုသုံးလိုက်ရတဲ့သဘောပါ၊ ဒီမှာဆောင်းတဲ့ထီးကရှိပြီးသား၊ ခရစ်ယာန်မှာ ကိုယ်တော်မြတ်ကိုထီးဆောင်းတာကရှိပြီးသား၊ ကိုယ်တော်မြတ်ဆိုတာ ဘုရားကိုယ်စားပဲလေ”လို့ ရိုမန်ကက်သလစ်ခရစ်ယာန်ဘာသာဝင်တဦးက DNAကိုပြောပါတယ်။
မြန်မာနိုင်ငံထဲ ဘာကြောင့် Ombrellino ကနေ ထီးဖြူဖြစ်သွားရတာလဲ
ခရစ်ယာန်ဘာသာ မြန်မာနိုင်ငံထဲ ရောက်လာတာ ၁၅၁၀ ခုနှစ်ကတည်းကပါ။ အစပိုင်းမှာတော့ ပေါ်တူဂီ၊ အီတလီ၊ ပြင်သစ် သာသနာပြုဆရာတွေနဲ့ လာခဲ့ပါတယ်။
ဒါပေမဲ့ ၁၉၄၈ မတိုင်ခင် ကိုလိုနီခေတ်ကာလမှာ ဥရောပပုံစံ ထီးငယ်ကို တင်သွင်းဖို့ အလွန်ခက်ခဲခဲ့ပါတယ်။ ပိုက်ဆံကုန်သလို ပုံစံလည်း မတူညီပါဘူး။
ဒါနဲ့ သာသနာပြုဆရာတွေက မြန်မာနိုင်ငံမှာ ရှိပြီးသား ထီးဖြူကို ကြည့်လိုက်တော့ –
- အဖြူရောင်က သန့်ရှင်းခြင်း၊ ဂုဏ်ပြုခြင်းကို ကိုယ်စားပြုတယ်
- အပေါ်ကနေ ဖုံးအုပ်ပေးတာ နေရောင်၊ မိုးကို ကာကွယ်ပေးတယ် ဒီအချက်နှစ်ချက်ဟာ Ombrellino ရဲ့ မူလအဓိပ္ပာယ်နဲ့ အတိအကျ ကိုက်ညီပါတယ်။
တကယ်တော့ ဒါဟာ ဗုဒ္ဓဘာသာကို လေးစားလို့ ဒေသယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ခဲ့တာပါ။
ဘာသာရေး အမုန်းတရား နဲ့ တော်လှန်ရေး ကာလ မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှု တွေ
- ၂၀၁၃–၂၀၁၉ ကာလတွင် ကချင်၊ ရှမ်း၊ ချင်း ပြည်နယ်များရှိ ခရစ်ယာန်ဘုရားကျောင်း ၆၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ် (Hidden Plight: Christian Minorities in Burma)။
- ၂၀၂၁ အာဏာသိမ်းပြီးနောက် ချင်းပြည်နယ် ထန်တလန်းမြို့မှာ ဘုရားကျောင်း ၁၉ ခု အပါအဝင် အိမ် ၂၀၀ ကျော် မီးရှို့ခံရပြီး မြို့လုံးကျွတ် မီးလောင်ပျက်စီးခဲ့ပါတယ်။ (Human Rights Watch, 2021; Chin Human Rights Organization, 2024)။
- ၂၀၂၁–၂၀၂၅ အတွင်း ချင်းပြည်နယ်တစ်ခုတည်းမှာပဲ ခရစ်ယာန်ဘုရားကျောင်း ၈၅ ခု လေကြောင်း၊ လက်နက်ကြီးနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံရပြီး လူပေါင်း ၈၅ ဦး သေဆုံး၊ ၂၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ် (Chin Human Rights Organization, 2024)။
- ၂၀၂၅ မတ်လအထိ ကချင်၊ ကယား၊ ကရင်၊ ရှမ်း၊ ချင်း ပြည်နယ်တွေမှာ ခရစ်ယာန်ဘုရားကျောင်း အနည်းဆုံး ၂၀၀ ကျော် စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီး၊ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည် (Christian Solidarity Worldwide, 2024–2025)။
ဒီ တိုက်ခိုက်မှု တွေ က စစ်တပ် ရဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာမျိုး ဖြစ်ပါတယ်။
တော်လှန်ရေးကာလမှာ ခရစ်ယာန် တိုင်းရင်းသားတွေက လွတ်လပ်ရေးတပ်မတော် တွေ (ဥပမာ Chin National Army၊ Kachin Independence Army၊ Karen National Liberation Army) မှာ ပါဝင်တိုက်ပွဲ ဝင်ခဲ့ပြီးနောက် စစ်တပ်က ဒီဘာသာရေးအမုန်းစကား နဲ့ လူမျိုးရေး ခွဲခြားမှုအခြေပြုပြီးကို ဝါဒဖြန့်သတင်းတွေကို ဖြန့်ဝေတာ၊ ဘုရားကျောင်းတွေကို ဦးတည်တိုက်ခိုက်တာမျိုးပြုလုပ်ခဲ့တာပါ။
ရလဒ်အနေနဲ့ ၂၀၂၁ မှ ၂၀၂၅ အထိ ဘုရားကျောင်း ၂၀၀ ကျော် ပျက်စီး ခဲ့ ပြီး လူရာချီသေဆုံး၊ ရာချီ ဖမ်းဆီးခံခဲ့ရပါတယ်။
ဒီပဋိပက္ခတွေက ရိုဟင်ဂျာ အမုန်းတရားနဲ့ဆင်တူပြီး ဘာသာရေး အမျိုးသားရေးဝါဒ ကိုအခြေပြု လှုံ့ဆော်နေတာမျိုးပါ။
တကယ်တော့ အဲဒီသင်္ကေတတွေကို ခရစ်ယာန်ဘာသာဝင်တွေ အသုံးပြုကြတယ်ဆိုတာက ဗုဒ္ဓဘာသာဝင်တွေသုံးတဲ့ရည်ရွယ်ချက်လိုပဲ သူတို့ရဲ့ ဘုရားကိုဂုဏ်ပြု၊ အကာအကွယ်ပေးဖို့အတွက်သာ သုံးခဲ့ကြတာမျိုးဖြစ်ပြီး ဗုဒ္ဓဘာသာကို လေးစားလို့ ဒေသယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ခဲ့တာပါ။
ဒီလို ယဉ်ကျေးမှု ရောယှက်တာ ကမ္ဘာမှာ ပုံမှန်ပါပဲ
- ဂျပန်က ခရစ်ယာန်ဘုရားကျောင်းတချို့ကို ဂျပန်ရိုးရာ ဘုန်းကြီးကျောင်း အမိုးကွေးကွေး ပုံစံနဲ့ ဆောက်လုပ်ထားကြပြီး
- ကိုရီးယားကက်သလစ်တွေက ရိုးရာ ဝတ်စုံနဲ့ အခမ်းအနားတက်ကြတာမျိုးပါ။
- အာဖရိကတိုက်က ကက်သလစ်တွေက ဒရမ်တီး၊ ဒေသခံသံစဉ်တွေနဲ့ ဘုရားကျောင်းထဲ ဝတ်ပြုကိုလည်း ကြည့်လို့ရပါတယ်။
ခရစ်ယာန်ဘာသာဟာ နှစ်ပေါင်း ၂၀၀၀ ကျော်ကလည်း ဒေသယဉ်ကျေးမှုနဲ့ ရောယှက်ပြီး ရှင်သန်ခဲ့တာပါ။ ဒါကို ကမ္ဘာတစ်ဝှမ်း လက်ခံထားကြပါတယ်။
မြန်မာနိုင်ငံက ကိုးကွယ်ရာဘာသာနဲ့ ယဉ်ကျေးမှုး စုံလင်တဲ့နိုင်ငံဖြစ်ပါတယ်။ ဘာသာတရားတိုင်း အထွဋ်အမြတ် ထားတဲ့ အရာတွေကို မစော်ကား၊ မနှောက်ယှက်မိဖို့သာအရေးကြီးပါတယ်။ အခြားဘာသာရဲ့ အထိမ်းအမှတ်တခုကို အခြားသောဘာသာတွေက ခိုးယူအသုံးပြုနေတာမျိုး မရှိပါဘူး။ သို့သော် ရေမြေအလိုက် မူရင်းအသုံးပြုသည့် ပစ္စည်းများ မရနိုင်သောကြောင့် နီးစပ်ရာ ပုံသဏ္ဍာန်တူကို ရှာဖွေအသုံး ပြုကြရပါတယ်။ ဒါတွေက ဆင်တူယိုးမှားဖြစ်တတ်ပြီး စွပ်စွဲပြောဆိုမှုတွေကနေလည်း ဒေသတွင်းနေထိုင်သူတွေ အကြား အမုန်းတရားကြီးထွားလာနိုင်ပါတယ်။ ထိုကြောင့် ပြဿနာတရပ်ကို သေသေခြာခြာ မလေ့လာဘဲ အမုန်းတရား ကြီးထွားအောင်လှုံဆော်ပြောဆိုတာမျိုးကိုရှောင်ရှားသင့်ပါတယ်။
ဒါကြောင့် လူမှုကွန်ရက်ပေါ်မှာတွေ့တိုင်း အမှန်တကယ်မခံယူဘဲ တကယ် လုပ်ဆောင်နေတဲ့ ဖြစ်စဉ်ကို လေ့လာစောင့်ကြည့်ဖို့လိုအပ်ပါတယ်။ အခုချိန်မှာ စစ်ကော်မရင် ဝါဒဖြန့် ချန်နယ်တွေက ၎င်းတို့ အာဏာတည်မြဲဖို့ အတွက် ပဋိပက္ခဖြစ်စေနိုင်မယ့် လူမျိုးရေး ဘာသာရေး အမုန်းတရားတွေကို ကိစ္စသေးသေး လေးကနေစပြီးလှုံဆော်နေတာမျိုးတွေလည်းရှိပါ။ ထိုအတွက်ကြောင့် ကိုယ်ကိုယ်တိုင် အမုန်းတရားဖြန့်ပွားသူမဖြစ်ဖို့ အရေးကြီးပါတယ်။
ဒါကို နားလည်ပေးရင် ဘာကောင်းကျိုးရှိမလဲ ထီးတစ်ချောင်းက ဘာသာတရားတစ်ခုကို ပိုင်ဆိုင်ထားတာ မဟုတ်ပါဘူး။ ထီးဆိုတာ ဂုဏ်ပြုဖို့၊ အကာအကွယ်ပေးဖို့ သင်္ကေတတစ်ခုသာ ဖြစ်ပါတယ်။
ဒီလို အသေးအဖွဲကိစ္စလေးကို နားလည်ပေးရင်း တစ်ယောက်ကိုတစ်ယောက် ယုံကြည်ချက်ကို လေးစားပေးရင်း မြန်မာနိုင်ငံဟာ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရာ နေရာတစ်ခု ဖြစ်လာနိုင်ပါတယ်။
ထီးတစ်ချောင်းကို ကြည့်ပြီး ရန်ဖြစ်မဲ့အစား ထီးတစ်ချောင်းကို ကြည့်ပြီး အချင်းချင်း ပြုံးနိုင်ကြပါစေ။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#DNAFactCheck #DNA #MFCN #FactCheck #ခရစ်ယာန် #ဘာသာရေးအမုန်းတရားဖြန့် #ကက်သလစ် #ခရစ်ယာန်ထီးငယ် #Umbrellino







