2 Dec 2025
Fact-check
MFCN/ The Akyab Post/ The Red Flag
အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် အေအေမှနေ ပြည်သူတွေကို မောင်းထုတ်ပြီး ပစ္စည်းတွေကို ခိုးယူနေတယ် ဆိုပြီးတော့ ရေးသားထားတဲ့ အကြောင်းအရာတွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “View of Sue” ချန်နယ်ကနေ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ “တပ်က ပစ်နေတာဖြင့် သူတို့ AA တွေကိုပါ။ ဒရုန်း video တွေ ကြည့်လေ။ ရွာထဲမှာ ဘာပြည်သူမှ မရှိဘူး။ AA က ပစ္စည်းတွေ ခိုးချင်လို့ လူတွေကို မောင်းထုတ်နေတာ။” လို့ ရေးသားဖြန့်ဝေထားပါတယ်။
📌 မူရင်းသတင်းမှားလင်ခ့်ကို ဒီမှာကြည့်ပါ
ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၂၈၀၀ ကျော်ထိရှိပြီးတော့ reaction ပေးသူ ၅၅ ဦးထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
ဖြန့်ချိထားတဲ့ ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ အေအေအဖွဲ့ကနေ ပြည်သူတွေကို မောင်းထုတ်တယ်ဆိုတာဟာ သတင်းမှားဖြစ်ပြီးတော့ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် အေအေနဲ့ စစ်ကောင်စီတို့ကြားမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အရပ်သားပြည်သူအများစု ဘေးလွတ်ရာကို အရေးပေါ် စစ်ဘေးရှောင်နေရတာသာ ဖြစ်ပါတယ်။
▪️သတင်းစိစစ်ချက်
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse Image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
ဝါဒဖြန့်ချန်နယ်ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံတွေကို google reverse image search tool နဲ့ ရှာကြည့်လိုက်တဲ့အခါမှာ ရခိုင်ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Narinjara သတင်းဌာနကနေ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ တင်ထားတဲ့ သတင်းမှာပါရှိတဲ့ ပုံတွေဖြစ်နေတာကို တွေ့ရပါတယ်။
Narinjara သတင်းဌာနရဲ့ ရေးသားဖော်ပြချက်တွေအရ ကျောက်ဖြူမြို့နယ်မှ အရပ်သား ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို စစ်ကောင်စီဖက်မှနေ ကြည်း၊ ရေ၊ လေသုံးပြီးတော့ နေ့စဉ်ပစ်ခတ်နေတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာနေရပြီးတော့ ပိတ်မိနေသူတွေကို အာရက္ခတပ်တော် အေအေဖက်မှနေ ကယ်ထုတ်ပေးနေတယ်လို့ ရေးသားဖော်ပြထားပါတယ်။
🔗 Narinjara သတင်းဌာနရဲ့သတင်းအပြည့်အစုံကို ဒီမှာကြည့်ပါ
ဒီသတင်းကိုပဲ မြန်မာဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Myanmar Now ကနေလည်း နိုဝင်ဘာလ ၁၉ ရက်နေ့မှာ “ကျောက်ဖြူတွင် စစ်ရေးပြင်းထန်လာမှုကြောင့် ရွာပေါင်း ၂၀ ကျော် အရေးပေါ်ပြောင်းရွှေ့ရ” လို့ ရေးသားဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်း စစ်တပ်နှင့် အာရက္ခတပ်တော်(AA)တို့ Myanmar Now ရဲ့ ရေးသားဖော်ပြချက်မှာလည်း ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ရွာပေါင်း ၂၀ ခန့်ကို အရေးပေါ်ပြောင်းရွှေ့နေရပြီးတော့ ကျောက်ဖြူမြို့နယ်မှ ကျေးရွာပေါင်း ၂၀ ကျော်မှနေ လူပေါင်း ၂၀၀၀ ကျော်ကို ယခုလဆန်းပိုင်းကပင် စတင်ပြောင်းရွှေ့နေတာလို့ ရေးသားဖော်ပြထားပါတယ်။
🔗 Myanmar Now သတင်းဌာနရဲ့ သတင်းအပြည့်အစုံကို ဒီမှာကြည့်ပါ
ဒါ့အပြင် ဒီသတင်းအကြောင်းအရာနဲ့ ဆက်စပ်နေတဲ့ သတင်းကိုလည်း BNI ကနေ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ “တိုက်ပွဲများကြောင့် ကျောက်ဖြူဒေသခံ ၂,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်” လို့ ရေးသားဖော်ပြထားပါတယ်။
စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ အေအေအဖွဲ့ကနေ ပြည်သူတွေကို မောင်းထုတ်တယ်ဆိုတဲ့ အကြောင်းအရာကိုမတွေ့ရဘဲ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော်အေအေနဲ့ စစ်ကောင်စီတို့ကြားတိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ပြည်သူတွေ နေရပ်စွန့်ခွာနေရတာကို တွေ့ရပါတယ်။
◾️ သုံးသပ်ချက်
စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့နေသလိုမျိုး အေအေအဖွဲ့ကနေ ပြည်သူတွေကို မောင်းထုတ်တယ်ဆိုတာဟာ သတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
လက်ရှိကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် အေအေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကျေးရွာပေါင်း ၂၀ ကျော်မှ အရပ်သားပြည်သူ ၂၀၀၀ ကျော် အရေးပေါ် ရွေ့ပြောင်းနေရတာ ဖြစ်ပြီးတော့ စစ်ဘေးရှောင်တွေအနေနဲ့ အကူအညီတွေလိုအပ်နေတာကို ဒေသတွင်းသတင်းမီဒီယာဌာနတွေမှာ ရေးသားဖော်ပြထားပါတယ်။
ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ပြီး ရေးသားနေတဲ့ မှားယွင်းတင်ပြတဲ့ သတင်းမှားအမျိုးအစားသာဖြစ်ပါတယ်။
လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
✅ Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။







