28 November 2025
Fact-check
MFCN/Akyab Post/ The Red Flag/ Real or Not
အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ အမေရိကန်နိုင်ငံက စစ်ကောင်စီ ကျင်းပမဲ့ ရွေးကောက်ပွဲကို ထောက်ခံအားပေးနေပါတယ်ဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်တွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “တပ်ကြပ်ကြီးဖိုးစီ” ချန်နယ်က နိုဝင်ဘာလ ၂၅ ရက်နေ့မှာ “အမေရိကန်က မြန်မာနိုင်ငံသားများကို ပေးအပ်ထားတဲ့ ယာယီခိုလှုံခွင့် TPS ကို တရားဝင် ရပ်စဲလိုက်ပြီဆိုတဲ့ ထုတ်ပြန်ချက်ကို အနှစ်ချုပ်ရမယ်ဆိုရင် နံပါတ် (၁) မြန်မာနိုင်ငံအခြေအနေက တိုးတက်လာနေပြီ ပုံမှန်နီးပါးပြန်ဖြစ်နေပြီလို့ ပြောလိုက်တာပဲ(အုပ်ချုပ်ရေးနှင့် တည်ငြိမ်မှု၊ အရေးပေါ်အခြေအနေ ပြီးဆုံးခြင်း၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများအတွက် စီမံကိန်းများ၊ အောင်မြင်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ၊ ဒေသန္တရအုပ်ချုပ်ရေး၊ ပြည်သူ့ဝန်ဆောင်မှု ပေးအပ်မှုနှနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး) ဒါတွေကို အခြေခံထားတယ်လို့ ပြောတယ်။ နံပါတ်(၂) ရွေးကောက်ပွဲကို တနည်းအားဖြင့် လက်ခံတယ်လို့ ပြောလိုက်တာပဲ။” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။
ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၂၅၈၀၀ ဦး၊ reaction ပေးသူ ၁၆၈ ဦးနဲ့ Share ပြုလုပ်သူ 10 ဦးထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
ဒီပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ အမေရိကန်နိုင်ငံကနေ မြန်မာနိုင်ငံသားတွေကို ပေးအပ်ထားတဲ့ အရေးပေါ်ခိုလှုံခွင့်ကို ရပ်ဆိုင်းလိုက်တဲ့ ကိစ္စကိုအခြေခံပြီးတော့ အမေရိကန်နိုင်ငံက ရွေးကောက်ပွဲကို ထောက်ခံပါတယ်ဆိုပြီး လုပ်ကြံထားတဲ့ သတင်းတုသတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။
▪️သတင်းစိစစ်ချက်
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google reversed image search tools အပါအဝင် google advanced search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
ဝါဒဖြန့်ချန်နယ်တွေကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို reversed image search tools နဲ့ သုံးပြီး စစ်ဆေးကြည့်လိုက်တဲ့အခါမှာ US ရဲ့ Citizenship and Immgration Service ကနေ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ “DHS Terminating Temporary Protected Status for Burma” ဆိုတဲ့ ထုတ်ပြန်ချက်ကို တွေ့ရပါတယ်။
US Citizenship and Immigration Service ရဲ့ ထုတ်ပြန်ချက်မှာ အမေရိကန်မှာ မြန်မာနိုင်ငံသားတွေ အတွက်ပေးထားတဲ့ ယာယီအကာအကွယ်ပေးမှု (TPS) ကို ရုပ်သိမ်းကြောင်း အမေရိကန်ရဲ့ အမိမြေလုံခြုံရေးဝန်ကြီးဌာန(DHS) က ထုတ်ပြန်ထားတာမှန်ကန် ပါတယ်။
DHS ရဲ့ ထုတ်ပြန်ချက်ထဲမှာဆိုရင် မြန်မာနိုင်ငံမှာ အပစ်အခတ်ရပ်ဆဲမှုတချို့၊ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့အပြင် အုပ်ချုပ်ရေးပိုင်းမှာလည်း မြင်သာတဲ့ တိုးတက်မှုတွေ တွေ့ရတယ်ဆိုတဲ့ အကြောင်းပြချက်မျိုးနဲ့ TPS ကို ရုတ်သိမ်းတယ်ဆိုတာမျိုးကို တွေ့ရှိရပေမယ့်၊ မြန်မာနိုင်ငံမှာ စစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံတယ်ဆိုတဲ့ အသုံးအနှုန်းမျိုးကို သုံးနှုန်းထားတာမျိုးမရှိပါဘူး။
🔗 ထုတ်ပြန်ချက် အပြည့်အစုံကိုဖတ်ရှုရန်
ဒါ့အပြင် ဒီသတင်းကိုပဲ နိုင်ငံတကာသတင်းမီဒီယာဌာနကြီးတစ်ခုဖြစ်တဲ့ Reuters ကနေ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ “US ends temporary status for Myanmar nationals, cites upcoming elections as ‘progress’” လို့ ရေးသားဖော်ပြထားပါတယ်။
Reuters သတင်းဌာနရဲ့ ရေးသားဖော်ပြချက်မှာလည်း မြန်မာနိုင်ငံမှာ အပစ်အခတ်ရပ်ဆဲမှုတချို့၊ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့အပြင် အုပ်ချုပ်ရေးပိုင်းမှာလည်း မြင်သာတဲ့ တိုးတက်မှုတွေ တွေ့ရတယ်ဆိုတဲ့ အကြောင်းပြချက်မျိုးနဲ့ TPS ကို ရုတ်သိမ်းတယ်လို့ ရေးသားဖော်ပြထားတာကိုတွေ့ရပြီးတော့၊ အမေရိကန်ကနေ မြန်မာနိုင်ငံမှာ စစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံတယ်ဆိုတဲ့ အသုံးအနှုန်းမျိုးကို ဖော်ပြထားတာမတွေ့ရှိရပါဘူး။
Reuters သတင်းအပြည့်အစုံကိုဖတ်ရန်
ဒါ့အပြင် ဒီသတင်းကိုပဲ နိုင်ငံတကာသတင်းမီဒီယာဌာနကြီးတွေဖြစ်ကြတဲ့ CNN၊ The Diplomat၊ Aljazeera နဲ့ The Guardian သတင်းဌာနတွေကလည်း TPS ကို ရုတ်သိမ်းတယ်လို့ ရေးသားဖော်ပြထားတာကိုတွေ့ရပြီးတော့၊ အမေရိကန်ကနေ မြန်မာနိုင်ငံမှာ စစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံတယ်ဆိုတဲ့ အကြောင်းကို မတွေ့ရှိရပါဘူး။
ဒါ့အပြင် မြန်မာပြည်တွင်း သတင်းဌာနတွေဖြစ်ကြတဲ့ BBC Burmese၊ Myanmar Now နဲ့ Mizzima သတင်းဌာနတွေမှာလည်း ယာယီနေထိုင်ခွင့် TPS ကို ရုတ်သိမ်းတယ်ဆိုတာမျိုးကို တွေ့ရှိရပေမယ့် မြန်မာနိုင်ငံမှာ စစ်အုပ်စုက ပြု လုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံတယ်ဆိုတဲ့ အသုံးအနှုန်းမျိုးကို သုံးနှုန်းထားတာမျိုးမရှိပါဘူး။
▪️သုံးသပ်ချက်
စိတ်ချယုံကြည်ရတဲ့ နိုင်ငံတကာသတင်းဌာနကြီးတွေ မြန်မာပြည်တွင်း သတင်းဌာနတွေအပါအဝင် အမေရိကန် DHS ရဲ့ ထုတ်ပြန်ချက်တွေနဲ့ တိုက်ကြည့်လိုက်တဲ့အခါမှာ အမေရိကန်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ယာယီနေထိုင်ခွင့် TPS ကို ရုတ်သိမ်းတယ်ဆိုတာမျိုးကို တွေ့ရှိရပေမယ့် မြန်မာနိုင်ငံမှာ စစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံတယ်ဆိုတဲ့ အသုံးအနှုန်းမျိုးကို သုံးနှုန်းထားတာမျိုးမရှိပါဘူး။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ အမေရိကန်နိုင်ငံကနေ မြန်မာနိုင်ငံသားတွေကို ပေးအပ်ထားတဲ့ အရေးပေါ်ခိုလှုံခွင့်ကို ရပ်ဆိုင်းလိုက်တဲ့ ကိစ္စကိုအခြေခံပြီးတော့ အမေရိကန်နိုင်ငံကနေ ရွေးကောက်ပွဲကို ထောက်ခံပါတယ်ဆိုတဲ့ အကြောင်းအရာက လှည့်ဖြားမှားယွင်း တင်ဆက်ထားသည့် သတင်းတုသတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။







