သရက်ချောင်းမှာ စစ်အာဏာရှင်တပ် အိမ်တွေမီးရှို့တာကို တော်လှန်ရေးအဖွဲ့တွေလက်ချက်လို့ သတင်းအမှားဖြန့်
Share:FacebookX

သရက်ချောင်းမှာ စစ်အာဏာရှင်တပ် အိမ်တွေမီးရှို့တာကို တော်လှန်ရေးအဖွဲ့တွေလက်ချက်လို့ သတင်းအမှားဖြန့်

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာမှာ နိုဝင်ဘာလ ၂၃ ရက်က နေအိမ် ၆၁ လုံးကို စစ်အာဏာရှင်တပ်က မီးရှို့ခဲ့တယ်လို့ နေအိမ်မီးရှို့ခံခဲ့ရတဲ့ ကာယကံရှင်တွေနဲ့ ဒေသခံတွေကို ပြောပါတယ်။

အဲဒီဖြစ်စဥ်အပေါ် စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုက မင်းဒပ်ရွာက နေအိမ်တစ်ရာလောက်ကို မီးရှို့တာဟာ KNU နဲ့ PDF ဖြစ်တယ်လို့ နိုဝင်ဘာလ ၂၅ ရက်မှာ ရေးသားဖြန့်ချိခဲ့ပါတယ်။

Subscribers ပြုလုပ်သူ သုံးသောင်းခြောက်ထောင်ကျော်ရှိတဲ့ နေပြည်တော် အမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဖြန့်ချိထားတာပါ။ အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

လင့်ခ် – https://archive.ph/WtGM8

အဲဒီချန်နယ်ရဲ့ ဖော်ပြချက်ကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ ပုံမှားရိုက်သတင်းဖြန့်ချိမှုအဖြစ် စိစစ်တွေ့ရှိရပါတယ်။

မင်းဒပ်ရွာဝန်းကျင်တွင် တိုက်ပွဲဖြစ်ပြီး စစ်အာဏာရှင်တပ်က အိမ်တွေကို မီးရှို့

မင်းဒပ်ရွာက နေအိမ်တွေမီးရှို့ခံရတဲ့ဖြစ်စဉ်မတိုင်ခင် တစ်ရက်ဖြစ်တဲ့ နိုဝင်ဘာလ ၂၂ရက်နေ့မှာ မင်းဒပ်ရွာအနားက ဝဲရစ်နဲ့ ကမြိုင်ရွာအကြားမှာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား ထိတွေ့တိုက်ပွဲတစ်ကြိမ်ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် နိုဝင်ဘာလ ၂၃ ရက်မှာ စစ်အာဏာရှင်တပ်က မင်းဒပ်ရွာအထဲ ဝင်ရောက်ပြီး နေအိမ် ၆၁ လုံးကို မီးရှို့ခဲ့တာလို့ ဒေသခံတွေက Dawei Watch ကို ပြောဆိုထားပါတယ်။

စစ်အာဏာရှင်တပ်စစ်ကြောင်း ပြန်ထွက်သွားပြီးနောက် နိုဝင်ဘာလ ၂၄ ရက်မှာ ကျေးရွာအတွင်း ဒေသခံတွေ သွားရောက်ကြည့်ရှုရာ နေအိမ်တွေမီးရှို့ဖျက်ဆီးခံထားရတာကို တွေ့ရှိရတာလို့ နေအိမ်မီးရှို့ခံခဲ့ရတဲ့ ကာယကံရှင်တွေနဲ့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ဆိုပါတယ်။

“(မီးရှို့ခံရတာမှာ) ကျွန်မတို့အိမ်လည်းပါတယ်။ အိမ်တစ်လုံးရဖို့ မနည်းကြိုးစားထားရတာ။ အခုမီးရှို့ခံရတဲ့ အိမ်တွေ အတော်များများက ထိုင်းနိုင်ငံမှာ သွားလုပ်စားကြပြီး ဆောက်ထားတဲ့ အိမ်တွေချည်းပဲ။ ကျွန်မလည်းငို ကျွန်မအမေတို့လည်း ငိုပဲ” လို့ သူက ပြောဆိုပါတယ်။

မင်းဒပ်ရွာက နေအိမ်တွေ မီးရှို့ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး Dawei Watch က သတင်းဖော်ပြထားတာကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

သတင်းလင့်ခ် – https://shorturl.at/7dpMp

မွန်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Than Lwin Times သတင်းဌာနကလည်း မင်းဒပ်ရွာဝန်းကျင်မှာ ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်အာဏာရှင်တပ်က အထိနာတာကြောင့် နေအိမ်တွေကို မီးရှို့တာဖြစ်တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေး အင်အားစုတွေကို ကိုးကားပြီး သတင်းဖော်ပြပါတယ်။ အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

သတင်းလင့်ခ် – https://shorturl.at/okfoE

နောက်ထပ် ကရင်သတင်းဌာနတစ်ခုဖြစ်တဲ့ KIC သတင်းဌာနကလည်း မင်းဒပ်ရွာမှာ ရွာသားတွေဟာ မေလကတည်းက စစ်ရှောင်နေရတာဖြစ်ပြီး ရွာသားတွေမရှိချိန် အခုတိုက်ပွဲထပ်ဖြစ်ပြီး စစ်အာဏာရှင်တပ်က နေအိမ်တွေ မီးရှို့ခဲ့တာဖြစ်တယ်လို့ ဒေသခံကို ကိုးကားပြီး သတင်းဖော်ပြပါတယ် ။

KIC သတင်းလင့်ခ် – https://shorturl.at/BTFyY

အိမ်တွေ မီးရှို့ခံရစဥ် မင်းဒပ်ရွာထဲ စစ်အာဏာရှင်တပ်ရှိနေ

စစ်အာဏာရှင်တပ်ဟာ မင်းဒပ်ရွာသို့ နိုဝင်ဘာလ ၂၃ ရက် မနက် ၈ နာရီလောက်မှာ ရောက်ရှိလာတာဖြစ်ပြီး အဲဒီနေ့ တစ်ရက်လုံး ရွာထဲမှာ စစ်အာဏာရှင်တပ် ရှိနေခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတွေက ပြောဆိုကြပါတယ်။

မင်းဒပ်ရွာက နေအိမ်တွေကို မနက်ပိုင်းမှာ မီးစရှို့သလို ညနေပိုင်းမှာလည်း ထပ်မံမီးရှို့ခဲ့တာဖြစ်တယ်လို့လည်း ပြောဆိုကြပါတယ်။ တော်လှန်ရေးတပ်တွေဘက်ကတော့ စစ်အာဏာရှင်တပ် စစ်ကြောင်းကို အဝေးကနေ ပစ်ခတ်တိုက်ခိုက်တာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ညနေပိုင်းကနေ ညမိုးချုပ်ခါနီးထိ အိမ်တွကို မီးထပ်ရှို့တယ်။ ရှို့ရှို့ဆိုတဲ့ အော်သံတွေပါ ကြားနေရတယ်” လို့ မင်းဒပ်ရွာနဲ့ မလှမ်းမကမ်းမှာ ရှိခဲ့တဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်အာဏာရှင်တပ်ဟာ နိုဝင်ဘာလ ၂၄ ရက် မနက်ပိုင်းမှာ မင်းဒပ်ရွာကနေ ပြန်လည်ထွက်ခွာသွားတာကြောင့် နေ့လယ်ပိုင်းမှာ ဒေသခံတွေ ကျေးရွာထဲကို ဝင်ပြီး မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ဒေသခံနောက်တစ်ဦးက ပြောဆိုပါတယ်။

ဒါကြောင့် မင်းဒပ်ရွာ ကနေအိမ်တွေ မီးလောင်နေချိန်မှာ ရွာထဲ စစ်အာဏာရှင်တပ်ပဲ ရှိနေပြီး တော်လှန်ရေး တပ်တွေကတော့ ရွာထဲရှိမနေခဲ့တာကိုတွေ့ရပါတယ်။

တယ်လီဂရမ်က ဖော်ပြတဲ့ရုပ်သံဖိုင်ကို စိစစ်ချက်

နေပြည်တော်တယ်လီဂရမ်ချန်က သတင်းအမှားနဲ့အတူ ယှဥ်တွဲဖော်ပြထားတဲ့ ရုပ်သံဖိုင်မှာ ကရင်တော်လှန်ရေးတပ် ဘက်တံဆိပ်ပါတဲ့ ရဲဘော်တချို့က မီးလောင်ပျက်စီးနေတဲ့ နေအိမ်တွေ ပတ်ဝန်းကျင်မှာ သွားလာနေတာကို တွေ့ရပါတယ်။

ရုပ်သံဖိုင်ရဲ့ မူရင်းကို သိရှိနိုင်ရန် Google Reverse Images နဲ့ စစ်ဆေးကြည့်ရာ ရုပ်သံဖိုင်မူရင်းတင်ခဲ့တဲ့ နယ်ခံတစ်ဦး ကို တွေ့ရှိရပါတယ်။

အဲဒီမူရင်းတင်တဲ့သူဆီ ဆက်သွယ်မေးမြန်းကြည့်ရာ အဲဒီရုပ်သံဖိုင်ဟာ တော်လှန်ရေးတပ်ဖွဲ့တစ်ယောက်က ကနဦးဖော်ပြ ခဲ့တဲ့ ရုပ်သံဖိုင်ဖြစ်ပြီး မီးရှို့ခံရပြီးမှ ကျေးရွာအတွင်း ဝင်ကြည့်ချိန်မှာ မှတ်တမ်းတင်ထားတဲ့ ရုပ်သံဖိုင်ဖြစ်တယ်လို့ ပြောပြ ပါတယ်။

ဒါ့ကြောင့် အဲဒီရုပ်သံဖိုင်ဟာ စစ်အာဏာရှင်တပ်က မီးရှို့ပြီးထွက်ခွာသွားပြီး နောက်ပိုင်းမှာမှ ရိုက်ကူးထားတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

အရင်ကလည်းဖြန့်ဖူး

အင်အား ၂၀၀ လောက်ရှိတဲ့ စစ်အာဏာရှင်တပ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ရက်ကစပြီး ထားဝယ်-မြိတ် ကားလမ်းတစ်လျှောက်ကို စစ်ကြောင်းထိုးနေပြီး ကျေးရွာတချို့မှာ နေအိမ် ရာနှင့်ချီကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ အဲဒီထဲက သရက်ချောင်းမြို့နယ် လဘရွာက နေအိမ်တွေကို စစ်အာဏာရှင်တပ်က မီးရှို့ခဲ့တဲ့ ဖြစ်စဉ်မှာဆိုရင်လည်း အခုလို အချိန်ကိုက် ပုံမှားရိုက် သတင်းအမှားဖြန့်ချိတာတွေ ရှိခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ထားထားတာကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

လင့်ခ် – https://shorturl.at/xqpS7

သုံးသပ်ချက်

မင်းဒပ်ရွာက နေအိမ်တွေကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့တာကို ဖုံးကွယ်ဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ပုံမှားရိုက်ပြီး အပြစ်ပုံချဖို့ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က အချိန်ကိုက် ကြိုးပမ်းမှုအဖြစ် တွေ့ရှိရပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .