24 Nov 2025
Fact-check
MFCN/ Akyab Post/ The Red Flag
အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာရှိတဲ့ ကနေဒီတောင်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ချင်းညီနောင်တပ်ဖွဲ့တွေကနေ သိမ်းပိုက်ထားတာဟာ ပုံဟောင်းနဲ့ သတင်းမှားဖြန့်တာ ဆိုပြီးတော့ ရေးသားထားတဲ့ ပို့်စ်တွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရမ်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “နေပြည်တော်”ကနေ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ “ကနေဒီတောင် “CB/CNDF အကြမ်းဖက်တွေလည်း နီပေါပိုးဝင်နေပြီ၊ AAဘုံကျွန်ဆိုတော့ AAပိုးလည်း ဝင်နေတာ ဖြစ်မယ် ပိုး၂ပိုးဝင်။ ဒါမှမဟုတ် CNDFတွေ ငွေလိုနေတာဖြစ်မယ် ကနေဒီတောင် ပြန်သိမ်းတယ် ပြောနေတာ မရှက်ဘူးလား မသိဘူး။ ဘယ်နေရာသိမ်းတာလဲ။ သိမ်းတယ်ဆိုလည်း ကနေဒီတောင် အပေါ်မှာနေကြပါကွဲ့ စစ်ကြောင်းတွေက တွယ်ချင်လွန်းလို့ လိုက်ရှာနေရတာ။ ချင်းလူမျိုးတွေနဲ့ နီပိတ်တွေ အထင်များကြီးမလားလို့ လိမ်နေတာ ရှက်သင့်တယ်။ CBနဲ့CNDF အဖွဲ့ပုံဟောင်းတွေနဲ့ သာယာမနေကြပါနဲ့။ ဝွန့်…” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။
မူရင်းပို့စ်အပြည့်အစုံ – https://archive.ph/kGkUy
ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၈၀၀၀ ကျော်နဲ့ reaction ပြုလုပ်သူ ၂၉ ဦးထိရှိပြီးတော့ စစ်ကောင်စီဝါဒဖြန့် အခြားချန်နယ်တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
ဝါဒဖြန့်ချန်နယ်တွေကနေ ဖြန့်ချိထားတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ သတင်းတု သတင်းမှား ဖြစ်တာကို တွေ့ရှိရပါတယ်။
သတင်းစိစစ်ချက်
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google reversed image search tools အပါအဝင် google advanced search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Google မှာ “ကနေဒီတောင်” ဆိုတဲ့ Keywords နဲ့ ရိုက်ရှာကြည့်လိုက်တဲ့အခါမှာ ချင်းဒေသအခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Chin World ကနေ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ “ကနေဒီတောင်စခန်းကို ချင်းညီနောင် (CB)က ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့” ဆိုတဲ့ သတင်းကို တွေ့ရှိရပါတယ်။
Chin World သတင်းဌာနရဲ့ ရေးသားဖော်ပြချက်တွေအရ “ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာရှိတဲ့ စစ်ရေးအရ အချက်အချာကျတဲ့ ကနေဒီတောင်ကို ချင်းညီနောင် (CB) အဖွဲ့က နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်” လို့ ရေးသားဖော်ပြထားပါတယ်။
Chin World – https://www.facebook.com/share/p/1BRmHR8X5X/
ဒါ့အပြင် ချင်းအခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Zalen ကနေလည်း နိုဝင်ဘာလ ၁၉ ရက်နေ့မှာ “ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က ကနေဒီတောင်ကို PDF Zoland တပ်ဖွဲ့က နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်” လို့ ရေးသားဖော်ပြထားပါတယ်။
Zalen – https://www.facebook.com/share/p/1HDLbSikjU/
ဒီသတင်းကိုပဲ မြန်မာပြည်တွင်း သတင်းဌာနတွေဖြစ်ကြတဲ့ DVB နဲ့ Mizzima သတင်းဌာနတို့ ကနေလည်း နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ကနေဒီတောင်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတယ်ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။
DVB – https://burmese.dvb.no/post/733796
Mizzima – https://www.facebook.com/share/p/1ASAxJQv8i/
သုံးသပ်ချက်
စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေမှာ ချင်းပြည်နယ် တီးတိန်မြို့နယ်မှာရှိတဲ့ ကနေဒီတောင်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကနေ သိမ်းပိုက်ထားတယ် ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။
ယခင်ကလည်း စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ချန်နယ်တွေဟာ စစ်ရေးအရ လက်လွှတ်ဆုံးရှံးခဲ့တဲ့ နေရာတွေကို တော်လှန်ရေးအဖွဲ့တွေကနေ သိမ်းပိုက်နိုင်ခြင်းမရှိဘူးဆိုပြီးတော့ ရေးသားဖြန့်ဝေခဲ့ကြ ပါတယ်။
စစ်ရေးအခြေအနေဟာ အချိန်မရွေးအပြောင်းအလဲရှိနိုင်တာကြောင့် စစ်ရေးနဲ့ ပတ်သက်ပြီး သတင်းတုသတင်းမှားတွေ ပျံ့နှံ့နေတာကိုလည်း ပြည်သူတွေအနေနဲ့ သတိထားရှိဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် လက်ရှိ စစ်ကော်မရှင်ဟာ မြန်မာတစ်နိုင်ငံလုံးအနဲ့မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီး၊ ဒီကျုးလွန်မှုတွေကို ဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း ဝါဒဖြန့်ချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
✅ Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-
လက်ရှိမြန်မာနိုင်ငံမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/







