ကျောက်ဖြူမြို့နယ်ရှိ အေအေစခန်းကို လေကြောင်းမှနေ တိုက်ခိုက်ဆိုကာ သတင်းမှားဖြန့်
21 Nov 2025
MFCN/Akyab Post/ The Red Flag
အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင်းမှာရှိတဲ့ အေအေရဲ့ စခန်းတွေကို စစ်ကောင်စီဖက်ကနေ လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်ဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်တွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ “နေပြည်တော်” ဆိုတဲ့ ချန်နယ်ကနေ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ “ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် AAရွာများကို မနေ့ကစပြီး ကြည်းရေလေ အသုံးပြု တိုက်ခိုက်သုတ်သင် နေတယ်လို့ သိရပါတယ်။ ကျောက်ဖြူမြို့နယ် ကျောက်ကလေကို မနေ့က နေ့လယ်၁၂ နာရီခွဲခန့် ပေါင်၅၀၀ရာ ဗုံးနှစ်လုံး စကြဲချခဲ့ပါတယ်။ လိပ်တင်ကျေးရွာ AAစခန်းကို ဂျက်ဖိုက်တာနဲ့ ဆူဆိုက်ဒရုန်းများနဲ့ တိုက်ခိုက်သုတ်သင်ထားပါတယ်။” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။
“နေပြည်တော်” – https://archive.ph/FvZ8d
ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၃.၃K reaction ပြုလုပ်သူ ၁၃၁ ဦးထိရှိပြီးတော့ အခြားစစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
ဆက်စပ်သတင်းမှား – https://archive.ph/Ql1Ud
ဒီပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးခဲ့တာဟာ အေအေရဲ့ စခန်းမဟုတ်ဘဲ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေနဲ့ စာသင်ကျောင်းဖြစ်ပြီးတော့ လေကြောင်းတိုက်ခိုက်မှု အတွင်းမှာလည်း အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး ၅ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
▪️သတင်းစိစစ်ချက်
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google reversed image search tools အပါအဝင် google advanced search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
ဝါဒဖြန့်ချန််နယ်တွေကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံတွေကို Reversed image search tools နဲ့ စစ်ဆေးကြည့်လိုက်တဲ့ အခါမှာ မြန်မာပြည်တွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ DVB ကနေ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ “ကျောက်ဖြူနှင့် စစ်တွေကို တရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်” ဆိုတဲ့ သတင်းမှာပါရှိတဲ့ ပုံတွေဖြစ်နေတာကို တွေ့ရပါတယ်။
DVB သတင်းဌာနရဲ့ ရေးသားချက်တွေအရ ကျောက်ဖြူမြို့နယ် ကျောက်ကလေကျေးရွာကို နိုဝင်ဘာ ၁၇ ရက် နေ့လယ် ၁၂ နာရီခွဲမှာ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့သလို၊ လိပ်တင်ကျေးရွာ စာသင်ကျောင်းကိုလည်း နေ့လယ် ၁၂ နာရီခွဲနဲ့ ၁၂ နာရီ ၃၉ မိနစ်မှာလည်း ဂျက်တိုက်လေယာဉ် တစင်းနဲ့ အသေခံ ဒရုန်းတစီး အသုံးပြုပြီး ထပ်မံ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။
DVB – https://tinyurl.com/yupn4dpr
ဒါ့အပြင် google မှာ “ကျောက်ဖြူလေကြောင်းတိုက်ခိုက်”ဆိုတဲ့ keywords နဲ့ ရှာကြည့်လိုက်တဲ့ အခါမှာလည်း DVB ကနေ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ “ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသူတယောက် အပါအဝင် အမျိုးသမီး ၃ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် ဒဏ်ရာရရှိသူ ၅ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။” ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။
DVB – https://tinyurl.com/bdf38z9u
ဒီသတင်းကိုပဲ ရခိုင်ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Development Media Group (DMG) ကနေလည်း နိုဝင်ဘာလ ၁၈ ရက်နေ့မှာ “ကျောက်ဖြူမြို့နယ်၊ တောင်ငူကျေးရွာကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သား ၃ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ နိုဝင်ဘာ ၁၇ ရက် ညအချိန်တွင် စစ်ကောင်စီက တောင်ငူရွာကို ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး Grade 10 ကျောင်းသူ မဝိုင်းစုဌေး (၁၆) နှစ်၊ ဒေါ်မအောင်သာ (၇၄) နှစ်၊ ဒေါ်စုစုမ (၄၇) နှစ်တို့မှာ ပွဲချင်းသေဆုံးခဲ့သည်။” ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။
DMG – https://tinyurl.com/2puhneys
နောက်ထပ် မြန်မာပြည်တွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Myanmar Now ကနေလည်း နိုဝင်ဘာလ ၁၈ ရက်နေ့မှာ “တရုတ်ရင်းနှီးမြှုပ်နှံမှုများရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ယခုရက်ပိုင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများရှိပြီးနောက် လေကြောင်းတိုက်ခိုက်ရာ အမျိုးသမီး သုံးဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရသွားကြောင်း သိရသည်။ နိုဝင်ဘာလ ၁၇ ရက်၊ ည ၈ နာရီကျော်က တောင်ငူနှင့် အလယ်ရွာသစ်ကို ဗုံးကြဲရာတွင် မဝိုင်းစုဌေး (၁၆ နှစ်)၊ ဒေါ်စုစုမ (၄၇ နှစ်)နှင့် ဒေါ်အောင်မသာ (၇၄ နှစ်)တို့ သေဆုံးသည်။ မစိုးဝင်းရီ(၁၅ နှစ်)၊ မပန်းအိခိုင်(၁၆ နှစ်)၊ ဦးသိန်းရွှေ(၅၃ နှစ်)၊ ဦးအောင်ရီဝင်း(၄၃ နှစ်) နှင့် ဦးသင်္ချီအောင် (၅၅ နှစ်)တို့ ဒဏ်ရာရသွားကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။” ဆိုပြီးတော့ ရေးသား ဖော်ပြထားပါတယ်။
Myanmar Now – https://tinyurl.com/4dufsp26
သုံးသပ်ချက်
စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ အဆောက်အအုံဟာ အရပ်သားပြည်သူတွေရဲ့ စာသင်ကျောင်းနဲ့ နေအိမ်တွေသာ ဖြစ်ပြီးတော့ လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားပြည်သူ အမျိုးသမီး ၃ ဦးအပါအဝင် ၅ ဦးထိခိုက်ဒဏ်ရာရှိခဲ့တာကို တွေ့ရပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးတဲ့အထဲမှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တစ်ဦးပါဝင်တာကိုလည်း တွေ့ရပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ရေးသားဖြန့်ဝေထားတဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အေအေရဲ့ စခန်းတွေနဲ့ ကျေးရွာတွေကို တိုက်ခိုက်ခဲ့တယ်ဆိုတာဟာ မှန်ကန်တိကျမှုမရှိဘဲ လုပ်ကြံရေးသားထားတဲ့ သတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ပြီး ရေးသားဖော်ပြလေ့ရှိပါတယ်။
လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
✅ Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။







