ရသေ့တောင်မြို့နယ် လေကြောင်းတိုက်ခိုက်မှုအတွင်း အေအေတပ်သားများ သေဆုံးဆိုကာ သတင်းမှားဖြန့်
၂၀၂၅ နိုဝင်ဘာ ၁၈
Fact-check_ MFCN/ Akyab Post/ The Red Flag
အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ရခိုင်ပြည် ရသေ့တောင်မြို့နယ်က လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ အရပ်သားပြည်သူတွေကို အာရက္ခတပ်တော်ရဲ့ တပ်သားတွေအဖြစ် ပုံဖော်ပြီး ရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာတွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ Ka Ka Han ချန်နယ်ကနေ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ “ရသေ့တောင်ဒေသခံတွေရဲ့ သတင်းအတိအကျပေးမှုအရ ရသေ့တောင်မြို့နယ်၊ ဘာထလေရွာ အကြမ်းဖက် AA တွေ စုဝေးနေထိုင်ရာ နေရာအား ဒီနေ့ နိုဝင်ဘာလ ၁၅ ရက် မနက် ၁၀ နာရီ ခန့်က လေကြောင်းကနေ တိုက်ခိုက်ရှင်းလင်းခဲ့ပါတယ်… ပြည်သူတွေရဲ့ တိကျမှန်ကန်တဲ့ သတင်းပေးမှုကြောင့် အကြမ်းဖက်ပဒက်တွေကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး AAအကြမ်းဖက်သမား ၅ ကောင် ငရဲပြည်စောက်ထိုးဆင်းသွားခဲ့ပါတယ်…” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။
📌 သတင်းမှား လင့်ခ် – https://archive.ph/LwCjg
ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၃.၃ k ထိရှိပြီးတော့ reaction ပြုလုပ်သူ ၆၁ ဦးနဲ့ အခြားဝါဒဖြန့်ချန်နယ်တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
📌 ဆက်စပ်သတင်းမှား လင့်ခ် –
ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးတဲ့သူတွေဟာ အေအေတပ်သားတွေမဟုတ်ဘဲ အရပ်သားပြည်သူတွေ ဖြစ်နေတာကို တွေ့ရှိရပါတယ်။
▪️သတင်းစိစစ်ချက်
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse Image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
ဝါဒဖြန့်ချန်နယ်တွေကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံတွေကို google reverse Image search tools နဲ့ ရှာကြည့်လိုက်တဲ့အခါ မြန်မာပြည်တွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ People Spring ကနေ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ “ရသေ့တောင်မြို့ကို စစ်ကောင်စီဗုံးကြဲလို့ အရပ်သား ၅ဦးသေဆုံး” ဆိုတဲ့ သတင်းက ပုံကို ယူသုံးထားတာကို တွေ့ရပါတယ်။
People Spring ရဲ့ ရေးသားချက်တွေအရ ရသေ့တောင်မြို့နယ်၊ ဘာထလေရွာကို စစ်ကောင်စီက နိုဝင်ဘာ ၁၅ရက် မနက် ၁၀ နာရီ ၁၀ မိနစ်ခန့်မှာ ဂျက်ဖိုက်တာနဲ့ဗုံးကြဲသွားတာဖြစ်ပြီးတော့ စုစုပေါင်းအရပ်သားသေဆုံးသူ ငါးဦးရှိတယ်လို့ ရေးသားဖော်ပြထားပါတယ်။
People Spring – https://tinyurl.com/mpftd6ev
ဒါ့အပြင် google မှာ ရသေ့တောင် ဘာထလေဆိုတဲ့ Keywords နဲ့ ရိုက်ရှာကြည့်လိုက်တဲ့အခါမှာလည်း ရခိုင်ဒေသအခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Narinjara ကနေလည်း နိုဝင်ဘာလ ၁၇ ရက်နေ့မှာ “နိုဝင်ဘာ ၁၅ ရက်နေ့က ရသေ့တာင်မြို့နယ် ဘာထလေနဲ့ နွားတင်းကုပ် ကျေးရွာနှစ်ခုကို အကြမ်းဖက် လေတပ်က ရော့ကတ်တွေနဲ့ တိုက်ခိုက်မှုအတွင်း အရပ်သား ငါးဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ခြောက်ဦးရှိကာ အရပ်သားနေအိမ်အချို့နဲ့ စက်လှေ ငါးစီးပျက်စီးခဲ့တယ်” လို့ ရေးသားဖော်ပြထားပါတယ်။
Narinjara – https://tinyurl.com/424z4yj8
ဒါ့အပြင် အခြားမြန်မာပြည်တွင်း သတင်းဌာနကြီးနှစ်ခုဖြစ်တဲ့ The Irrawaddy နဲ့ DVB သတင်းဌာနတို့ကနေလည်း ‘ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ ဘာထလေကျေးရွာ၊ နွားတင်းကုပ်ကျေးရွာနှင့် ဘာထလေချောင်းများအား နိုဝင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီကျော်တွင် စစ်ကော်မရှင်မှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ ၅ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့” လို့ ရေးသားဖော်ပြထားကြပါတယ်။
The Irrawaddy – https://tinyurl.com/cnc4a9te
DVB – https://tinyurl.com/2bc7wwy2
သုံးသပ်ချက်
စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဘာထလေကျေးရွာမှာ လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးတဲ့ သူတွေဟာ အာရက္ခတပ်တော်ရဲ့ တပ်သားတွေမဟုတ်ဘဲ အရပ်သားပြည်သူတွေ ဖြစ်နေကြတာကို တွေ့ရပါတယ်။
ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ပြီး ရေးသားနေတဲ့ မှားယွင်းတင်ပြတဲ့ သတင်းမှားအမျိုးအစားသာဖြစ်ပါတယ်။
လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #RedFlag #Akyab Post #FactCheck #Mis_Disinformation #AA







