နာဂတိုင်းရင်းသား လက်နက်ကိုင်အဖွဲက လဟယ်မြို့နယ်၊ ကာမွေလောရီကျေးရွာရှိ ပြည်သူတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ဆိုတဲ့သတင်းမှား
အောက်တိုဘာ ၂၈ ရက်၊ Fact-check
ဖက်ဒရယ် FM/ The Red Flag / MFCN
အနှစ်ချုပ်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ လဟယ်မြို့နယ် ကမ်မော်လောရီကျေးရွာကို နာဂတိုင်းရင်းသား လက်နက်ကိုင်အဖွဲက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ( ၂ ) နှစ်အရွယ်ကလေးငယ်အပါအဝင် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည့် အကြောင်းအရာသည် မှားယွင်းဖော်ပြသည့် သတင်းမှားဖြစ်ပါတယ်။
စစ်ကော်မရှင် ဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်တဲ့ Kyaw Swar တယ်လီဂရမ် ချန်နယ်က အောက်တိုဘာ ၂၂ ရက်နေ့မှာ အဲဒီအကြောင်းအရာကို ဖြန့်ချိခဲ့ပါတယ် ။ အဆိုပါ ဖြန့်ချိထားတဲ့ သတင်းကို ဝင်ရောက်ဖတ်ရှူသူဦးရေ နှစ် သောင်းနီးပါးနဲ့၊ Reaction ပြုလုပ် သူဦးရေ ငါးရာကျော်ရှိပါတယ် ။
ဖြန့်ချိထားတဲ့ သတင်းလင့်ခ် – https://t.me/kyawswar49111/37968
အဲဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact-checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ် FM က အချက်အလက် စိစစ်ကြည့်ရာမှာတော့ သတင်းမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။
စစ်ဆေးတွေ့ရှိချက်
လွတ်လပ်တဲ့ မီဒီယာ သတင်းဌာနဖြစ်တစ်ခု ဖြစ်တဲ့ People’s Spring သတင်းဌာနမှာတော့ “ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ လဟယ်မြို့နယ် ကမ်မော်လောရီကျေးရွာကို အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ (၈)နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားနှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ကမ်မော်လောရီကျေးရွာကို အောက်တိုဘာ ၂၀ရက် ည ၇နာရီခန့်မှာ ဒရုန်းနဲ့ ဗုံးလေးလုံးကြဲချတာလို့ လဟယ်မြို့ဒေသခံတစ်ဦးက ပြောကြောင်း၊ အိန္ဒိယအစိုးရကိုတော်လှန်နေတဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN) တာဝန်ရှိတဲ့သူတွေလာရောက်ဖူးတဲ့ နေရာကို ဗုံးကြဲသွားတာဖြစ်ပြီး အရပ်သား တွေထိခိုက်သေဆုံးခဲ့ကြောင်း၊ ကမ်မော်လော်ရီ ကျေးရွာကို ဒရုန်းနဲ့ဗုံးကြဲတာဟာ သူရဲဘောကြောင်တဲ့ အိန္ဒိယစစ်တပ် လုပ်ရပ်ဖြစ်ပြီး အပြင်းထန်ဆုံးရှုတ်ချတယ်လို့ NSCNက အောက်တိုဘာ ၂၁ရက်မှာ ထုတ်ပြန်ကြောင်း” သတင်းမှာဖော်ပြပါတယ် ။
သတင်းလင့်ခ် – https://www.facebook.com/share/p/1DL3h7NFGP/
Myanmar Now မီဒီယာသတင်းဌာနမှာတော့ “ အိန္ဒိယအစိုးရကို ဆန့်ကျင်တဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K)ကို ပစ်မှတ်ထားပြီး မြန်မာနိုင်ငံ နာဂဒေသကို နယ်ကျော်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗုံးသီးတွေဟာ လူနေအိမ်တွင်းကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဲ့ဒီတိုက်ခိုက်မှုကြောင့် ၈နှစ်အရွယ် ကလေး ၁ဦးနဲ့ NSCN-K အဖွဲ့ ဗိုလ်ချုပ်ပီးအောင်ဆိုသူရဲ့ အသက် ၂၇ နှစ်အရွယ်သားတို့ သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်းနဲ့ အိန္ဒိယစစ်တပ်က ယခုနှစ်အတွင်း မြန်မာဘက်ထိ ဝင်ရောက်တိုက်ခိုက်မှုမှာ နှစ်ကြိမ်ရှိပြီဖြစ်ကြောင်း၊ အိန္ဒိယစစ်တပ်က ထိုတိုက်ခိုက်မှုကို အပြင်းအထန်ရှုတ်ချကြောင်း” သတင်းမှာ ဖော်ပြထားပါတယ်။
သတင်းလင့်ခ် – https://www.facebook.com/share/p/17CSFy4Qcv/
နောက်ထပ်လွတ်လပ်တဲ့ ဒေသတွင်းမီဒီယာသတင်းဌာနဖြစ်တဲ့ Naga News သတင်းဌာနမှာတော့ “ ယခု တိုက်ခိုက်မှုကို စုံစမ်းမေးမြန်း အတည်ပြုချက်အရ လဟယ်မြို့နယ်၊ Khammoi ကျေးရွာမှာ ရှိတဲ့ NSCN-K (YA) အဖွဲ့ရဲ့ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဗိုလ်ချုပ် Piyong ရဲ့ နေအိမ်ကို အိန္ဒိယစစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း၊ အခု တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး NSCN-K အဖွဲ့က အိန္ဒိယ စစ်တပ်ရဲ့ လုပ်ရပ်အပေါ် ရှုတ်ချပြောဆိုရာမှာ အိန္ဒိယ စစ်တပ်ဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်အဖြစ် ပြောဆိုထားကြောင်း၊ ယခု လိုမျိုးလုပ်ရပ်ဟာ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တဲ့ရာဇဝတ်မှု ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း အိန္ဒိယ စစ်တပ်က အရပ်သားနေထိုင်ရာနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုဟာ ၂ ကြိမ်ရှိပြီ ဖြစ်ကြောင်း” သတင်းမှာ ဖော်ပြထားပါတယ်။
သတင်းလင့်ခ့် – https://www.facebook.com/share/p/16dZhqXkX8/
အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံ တစ်ဦးကို ဖက်ဒရယ် FM က ဆက်သွယ်မေးမြန်းထားပါတယ်။
“မြန်မာဘက်အခြမ်းကို ဒရုန်းနဲ့တိုက်ခိုက်တဲ့ သတင်းက ဟုတ်ပါတယ်။ NSCN-K စခန်းတော့ မဟုတ်ဘူး။ သွားလာနေထိုင်တာမျိုးတော့ရှိတယ်။ အခု ကြဲတာက ရွာထဲမှာရှိတဲ့ နေအိမ်ကို ကြဲတာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
လင့်ခ့် – https://www.facebook.com/share/p/1ZJ3JmfT7V/
သုံးသပ်ချက်
သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်နဲ့ ဒေသခံတစ်ဦးရဲ့ဖြေဆိုချက်အရ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ လဟယ်မြို့နယ် ကမ်မော်လောရီကျေးရွာကို အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ (၈)နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားနှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့တာကို တွေ့ရပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ ဝါဒဖြန့်ချန်နယ်တွေဟာ ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင်နဲ့ ပြည်သူတွေ တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ်ယုံကြည်မှုပျက်ပြားအောင်တမင်လှည့်စားပြီး ဝါဒဖြန့်ချိနေပါတယ်။
စာဖတ်သူတွေအနေနဲ့ အခုလို ဒီဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်တာတွေ သိလိုရင်ဖြစ်ဖြစ် သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ် အတည်ပြု မေးမြန်းလိုရင်ပဲ ဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ်FM နဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web-https://myanmarfactcheckingnetwork.org/
Fb-https://www.facebook.com/myanmarfactcheckingnetwork







