◾️ကန်ပက်လက် လေကြောင်းတိုက်ခိုက်မှုမှာ ချင်းနှင့် ရခိုင်တော်လှန်ရေးခေါင်းဆောင်ပိုင်း အပါအဝင် ၃၂ဦး သေဆုံး ဆိုသည့် သတင်းမှား
27 October 2025
The Red Flag/ MPA / The Akyab Post
Fact-check
“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၂၄ ရက် နေ့လည် ၃ နာရီ ၇ မိနစ်တွင် ကန်ပက်လက် လေကြောင်းတိုက်ခိုက်မှုတွင် CDF နှင့် AA ခေါင်းဆောင်ပိုင်း အပါအဝင် ၃၂ ဦး သေဆုံးကြောင်း၊ သတို့သား အပါအဝင် ၄၀ လောက် မသေမရှင် ဖြစ်သွားကြောင်း၊ ဆော တွင် အခေါင်းများ သွားရောက်ငှားရမ်းနေရကြောင်း ရေးသားဖြန့်ဝေခဲ့သည်။
အဆိုပါအကြောင်းအရာကို အောက်တိုဘာ ၂၇ ရက်နေ့အထိ ဝင်ရောက်ကြည့်ရှုသူ ၃၆,၀၀၀၊ Reaction ပေးသူ ၁,၀၀၀ ကျော် ရှိခဲ့ပြီး “ကိုနှင်းမောင် ၊ MDY image” အပါအဝင် အခြား စစ်ကော်မရှင်လော်ဘီ တယ်လီဂရမ်ချန်နယ်များကပါ ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများခဲ့သည်။
📌 မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/UGM7O
📌 ကိုနှင်းမောင် – https://archive.ph/DMvXg
📌 MDY image – https://archive.ph/9FOqM
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA နှင့် The Akyab Post က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
▪️သတင်းစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ MPA နှင့် The Akyab Post Fact Checking Team က Google တွင် “ကန်ပက်လက် လေကြောင်းတိုက်ခိုက်မှု” ဆိုသည့် keywords ဖြင့် ရှာဖွေကြည့်ခဲ့ရာ မီဒီယာများတွင် သတင်းဖော်ပြထားသည်ကို တွေ့ခဲ့ရသည်။
DVB တွင် အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းက ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ မှာ ပြုလုပ်နေတဲ့ CDF ကန်ပက်လက် စစ်ဦးစီးချုပ်၏ မင်္ဂလာပွဲကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CDF ရဲမေ တစ်ဦး အပါအဝင် သုံးယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
🔗 အပြည့်အစုံဖတ်ရန် >>> https://bitly.cx/QVOxA
Mizzima တွင် အောက်တိုဘာ ၂၄ ရက်နေ့က ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့ပေါ်ကို စစ်ကော်မရှင်တပ်က ဗုံးကြဲခဲ့ရာ ဒေသခံ သုံးဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကော်မရှင်တပ်က ကန်ပက်လက်မြို့ပေါ် နှစ်နေရာကို ပေါင် ၅၀၀ ဗုံး သုံးလုံး ကြဲချခဲ့တာဖြစ်ကြောင်း၊ စစ်ကော်မရှင်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် CDF ကန်ပက်လက် စစ်ဦးစီးချုပ်၏ မင်္ဂလာဆောင်သို့ သွားရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဖော်ပြထားကြောင်း ရေးသားထားသည်။
🔗 အပြည့်အစုံဖတ်ရန် >>> https://bitly.cx/ktBbS
Zalen တွင် ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့ကို စစ်ကော်မရှင်တပ်က အောက်တိုဘာ ၂၄ နှင့်၂၅ ရက်များတွင် နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ အောက်တိုဘာ ၂၅ ရက်တွင် ကန်ပက်လက်မြို့ပေါ် ၊ မြို့မ ၂ ရပ်ကွက် အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး အထိအခိုက် မသိရသေးကြောင်း၊ အောက်တိုဘာ ၂၄ ရက်တွင် မင်္ဂလာဆောင်ပွဲတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သုံးဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။
🔗 အပြည့်အစုံဖတ်ရန် >>> https://bitly.cx/Q9gm
▪️သုံးသပ်ချက်
သတင်းမီဒီယာများတွင် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သုံးဦး သေဆုံးပြီး ၁၀ ဦး ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ရေးထားသည်ကို တွေ့ရသည်။
သေဆုံးသူများထဲတွင် CDF ရဲမေတစ်ဦး ပါဝင်ကြောင်း တွေ့ရသည်။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ ကန်ပက်လက်လေကြောင်းတိုက်ခိုက်မှု တွင် CDF နှင့် AA ခေါင်းဆောင်ပိုင်း အပါအဝင် ၃၂ ဦး သေဆုံးပြီး ၄၀ ကျော် မသေမရှင်ဖြစ်” ဆိုသည့် အကြောင်းအရာသည် တစ်စိတ်တစ်ပိုင်း မှားယွင်းနေသော သတင်းအမှားဖြစ်သည်။
ယနေ့ခေတ် အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းတု၊ သတင်းမှားများ ပျံ့နှံ့လျက်ရှိသည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။
ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။
Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork…







