လောင်းလုံးမှာ ကျေးရွာတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ဖို့ မှားယွင်းတံဆိပ်ကပ်ပြီး လှုံ့ဆော်
Share:FacebookX

လောင်းလုံးမှာ ကျေးရွာတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ဖို့ မှားယွင်းတံဆိပ်ကပ်ပြီး လှုံ့ဆော်

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က ကျေးရွာတချို့ကို PDF ရွာလို့ တံဆိပ်ကပ် စွပ်စွဲပြီး လေကြောင်းကနေ တိုက်ခိုက်ဖို့ လှုံ့ဆော်တာတွေ ရှိနေပါတယ်။

စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်တစ်ခုဖြစ်တဲ့ ‘အမဲလိုက်မုဆိုးကြီး သတင်းအမှန်’ ဆိုတဲ့ နာမည်နဲ့ ချန်နယ်က အောက်တိုဘာလ ၂၂ ရက်နဲ့ ၂၃ ရက်တွေမှာ သုံးကြိမ်တိတိ လှုံ့ဆော်ရေးသားဖြန့်ချိထားတာကို တွေ့ရပါတယ်။

လောင်းလုံးမြို့နယ်ထဲ သပြေရှောင်၊ စစ်ပြဲနဲ့ ကျောက်ဆင်ရွာတွေကို လေကြောင်း တိုက်ခိုက်ဖို့ အောက်တိုဘာလ ၂၂ ရက်မှာ လှုံ့ဆော်ထားတာကို ကြည့်နိုင်ပါတယ်။

အောက်တိုဘာလ ၂၃ရက်မှာတော့ ကရင်ကြီး၊ ကမ်းပနီနဲ့ ပညစ်ရွာတွေကို လေကြောင်း တိုက်ခိုက်ဖို့ ထပ်မံလှုံ့ဆော်ထားတာ ကို တွေ့ရပါတယ်။

လေကြောင်းတိုက်ခိုက်ဖို့ လှုံ့ဆော်ထားတဲ့နေရာတွေမှာ စာသင်ကျောင်းလို အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေ ပါဝင်နေပြီး ကျေးရွာတချို့ကိုဆိုရင် တစ်ရွာလုံး PDF လို့ စွပ်စွဲပြီး လေကြောင်းတိုက်ခိုက်ဖို့ လှုံ့ဆော်ထားတာ တွေ့ရပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၂၅ ရက်မှာလည်း သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်က ရွာတွေကို လေကြောင်း တိုက်ခိုက်ဖို့လှုံ့ဆော်ထားတာ တွေ့ရပါတယ်။

လက်ရှိ လောင်းလုံး စစ်ရေး

စစ်အာဏာရှင်တပ်ဟာ အောက်တိုဘာလ ၂၀ ရက်ကနေစပြီး လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စုနဲ့ ပညစ်ရွာတွေဘက်ကို ကုန်းကြောင်း၊ ရေကြောင်း သုံးပြီး စစ်ကြောင်းထိုးနေပါတယ်။

အဲဒီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေအကြားမှာလည်း ထိတွေ့တိုက်ပွဲတွေ ရှိခဲ့ပါတယ်။

အောက်တိုဘာလ ၂၀ ရက်မှာ စစ်အာဏာရှင်တပ်က ကျောက်ဆင်ရွာနဲ့ သဘော့ဆိပ်ရွာဘက်ကို အင်အား ၁၀၀ လောက် အသုံးပြုပြီး စစ်ကြောင်းထိုးလာတာကြောင့် ကျောက်ဆင်၊ သဘော့ဆိပ်၊ ကမ်းပနီ၊ ပြင်ကြီး၊ ကရင်ကြီး စတဲ့ရွာငါးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင် ခဲ့ရပါတယ်။ အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး Dawei Watch က သတင်းဖော်ပြထားတာကို ကြည့်နိုင်ပါတယ်။

အောက်တိုဘာလ ၂၁ ရက်မှာ စစ်အာဏာရှင်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေအကြား ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပြီး ဒေသခံရွာသားတွေကိုစစ်ကြောင်း က ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး Dawei Watch က သတင်းဖော်ပြပါထားပါတယ်။

အောက်တိုဘာလ ၂၂ ရက်မှာလည်း နှစ်ဖက် ထိတွေ့တိုက်ပွဲ တစ်ကြိမ်ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။

အောက်တိုဘာလ ၂၃ ရက်မှာတော့ စစ်အာဏာရှင်တပ်က ဖမ်းထားတဲ့ရွာသား သုံးဆယ်ကျော်ကို ပြန်လွှတ်ပေးခဲ့ပါတယ် ။

ဒါပေမဲ့ လောင်းလုံးကျွန်းဆွယ်တစ်လျှောက်မှာ စစ်အာဏာရှင်တပ်က ဆက်ရှိနေသေးတာကြောင့် အောက်တိုဘာလ ၂၄ ရက်အထိ ရွာသားများ တိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးရာကနေ နောက်ဆက်တွဲဖြစ်ပေါ်နေတဲ့ စစ်ရေးတင်းမာမှုတွေကြောင့် ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာတွေကို စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က လေကြောင်းတိုက်ခိုက်ဖို့ လှုံ့ဆော်နေတာကို တွေ့ရှိရတာ ဖြစ်ပါတယ်။

PDF ရွာ မဟုတ်

လောင်းလုံးမြို့နယ်ထဲမှာ စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ ကာလတစ်လျှောက်လုံးမှာ ကျေးရွာတွေကို စစ်အာဏာရှင်တပ်က ဖြတ်သန်းသွားလာတာ ရှိသလို PDF တွေလည်း ဖြတ်သန်းသွားလာ လှုပ်ရှားတာတွေရှိပါတယ်။

အဲဒီလိုလှုပ်ရှားသွားလာမှုတွေရှိတာကို PDF ရွာလို့ တံဆိပ်ကပ်တာက မှားယွင်းတယ်လို့ လောင်းလုံးမြို့နယ် အပါအဝင် ထားဝယ်ခရိုင်အတွင်း လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီရဲ့ ပြန်ကြားရေးတာဝန်ခံ က ပြောပါတယ်။

“PDF ရွာလို့ စွပ်စွဲတာကတော့ မဖြစ်သင့်ဘူးပေါ့။ ရွာထဲမှာ PDF တွေ စခန်းချပြီးနေတာ တစ်ရွာမှမရှိဘူး၊ တကယ်လက်တွေ့ မြေပြင်မှာပေါ့။ လာတပ်စွဲတာကိုလည်း ပြည်သူတွေက လက်မခံဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ နောက်ဆုံးခံရတာသည် ပြည်သူပဲ ဖြစ်တာကြောင့်မို့လို့ ဖြစ်တယ် ” လို့ သူက ပြောဆိုပါတယ်။

အရင်လည်း လေကြောင်းတိုက်ခိုက်ဖို့ လှုံ့ဆော်ဖူးတယ်

PDF တွေက လောင်းလုံးမြို့နယ်က ပြည်သူတွေကို စစ်သင်တန်းပေးနေတယ်ဆိုပြီး ကျေးရွာတွေကို တိုက်ခိုက်ဖို့ ၂၀၂၄ ခုနှစ် ဧပြီလက အမဲလိုက်မုဆိုးကြီး သတင်းအမှန် ချန်နယ်ကပဲ သတင်းအမှားဖြန့်ပြီး လေကြောင်းတိုက်ခိုက်ဖို့ လှုံ့ဆော်ခဲ့ပါတယ်။

အဲဒီလှုံ့ဆော်မှုနဲ့ပတ်သက်ပြီး Dawei Watch အချက်အလက်စိစစ်ပြီး ပြည်သူတွေကို သတိထားနိုင်ဖို့ ဖော်ပြခဲ့တာကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။ https://shorturl.at/Luwb0

လှုံ့ဆော်ပြီးနောက် တိုက်ခိုက်တာတွေရှိ

စစ်ကော်မရှင် ဝါဒဖြန့်တယ် လီဂရမ်ချန်နယ်တွေက လေကြောင်း တိုက်ခိုက်ဖို့ လှုံ့ဆော်ပြီးရင် မြေပြင်မှာ အမှန်တကယ် လေကြောင်း တိုက်ခိုက်ခဲ့တာတွေလည်း တွေ့ရတယ်။

သာဓကအနေနဲ့ အခုနှစ် ဇွန်လကဖြစ်ခဲ့တဲ့ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲက တောင်ပျောက်တိုက်နယ် လေကြောင်းတိုက်ခိုက်ခံရမှုမှာ တွေ့နိုင်ပါတယ်။

ဇွန်လ ၆ ရက်မှာ တောင်ပျောက်တိုက်နယ်ထဲက ကျေးရွာတချို့ဟာ PDF တွေရဲ့ စုရပ်ဖြစ်တယ်လို့ ပုံဖော်ကာ အမဲလိုက်မုဆိုးကြီး သတင်းအမှန်ချန်နယ်က စွပ်စွဲဖော်ပြခဲ့ပါတယ်။

အဲဒီလို လှုံ့ဆော်ပြီး နောက်တစ်ရက် ဇွန်လ ၇ ရက်မှာတော့ စွပ်စွဲဖော်ပြခံရတဲ့အထဲမှာ ပါဝင်တဲ့ မယ်ကဲရွာကို စစ်အာဏာရှင် တပ်က လေကြောင်းကနေ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ နေအိမ်တစ်လုံးအပေါ် ဗုံးကျရောက် ပေါက်ကွဲတာကြောင့် ဒေသခံ အရပ်သား ကလေးငယ်တစ်ဦး အပါအဝင် သားအဖနှစ်ဦး သေဆုံးပြီး မိသားစုဝင် လေးဦးအပါအဝင် ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။

တောင်ပျောက်တိုက်နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ဒေါင်းမင်းစစ်ဆင်ရေး တာဝန်ရှိသူကတော့ မယ်ကဲရွာဗုံးကြဲခံရတာဟာ တယ်လီဂရမ်ချန်နယ်တွေရဲ့ လှုံ့ဆော်မှုကြောင့်ဖြစ်တယ်လို့ Dawei Watch ကို ပြောဆိုဖူးပါတယ်။

“အမဲလိုက်မုဆိုး (စစ်ကောင်စီဝါဒဖြန့်ချန်နယ်) က နေပြီးတင်နေတာတော့ ဆေးခန်းတွေဘာတွေရှိတယ်ဆိုပြီး သူတို့ ယူဆတာဖြစ်မယ်၊ ဆေးခန်း(ဆိုပြီး)တည်နေရာနဲ့တကွ တင်ထားတာတွေလည်းရှိတယ်။ ပွိုင့်ပေးထားတာတွေ အဲ့ဒါကြောင့် ကြဲတာထင်တယ်” လို့ သူက ပြောဆိုပါတယ်။

ဒီပြောဆိုချက်ကို မယ်ကဲရွာ လေကြောင်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ကို Dawei Watch က အချက်အလက် စိစစ်ဖော်ပြရာမှာ ထည့်သွင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်ပြီးရင် ဘယ်လိုပုံဖော်လဲ

စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်လို့ အရပ်သားတွေ သေဆုံး ထိခိုက်တာမျိုးရှိခဲ့ရင် အဲဒီအရပ်သားတွေဟာ တော်လှန်ရေးတပ်သားတွေ ဖြစ်တယ်လို့ ဝါဒဖြန့်ချန်နယ်တွေက ပုံဖော်ဝါဒဖြန့်တာရှိသလို အဲဒီတိုက်ခိုက်မှုဟာ တော်လှန်ရေးတပ်တွေက လုပ်တာလို့ သတင်းအမှား ဖြန့်ချိတာမျိုးတွေ လုပ်ဆောင်လေ့ရှိပါတယ်။

စစ်ကော်မရှင်ဝါဒဖြန့် ချန်နယ်တွေဟာ တော်လှန်ရေးအင်အားစုတွေဘက်က သတင်းထုတ်ပြန်တဲ့ ဓာတ်ပုံတွေယူသုံးပြီး ပြန်လည်ဝါဒဖြန့်တာမျိုးပြုလုပ်ကြပါတယ်။

အဲဒီလို အရပ်သားတွေကို တော်လှန်ရေးတပ်သားတွေအဖြစ် ပုံဖော်ဝါဒဖြန့်တာစစ်အာဏာရှင်တပ်က လေကြောင်း တိုက်ခိုက်တာကို တော်လှန်ရေးတပ်ဖွဲ့တွေက လုပ်တာလို့ အပြစ်ပုံချဖို့ သတင်းအမှားဖြန့်တာတွေနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ဖော်ပြထားတာတွေကို ကြည့်နိုင်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေကို တော်လှန်ရေးတပ်သားတွေ သေဆုံးသယောင် ဝါဒဖြန့်မှုတွေ အကြောင်း Myanmar Factchecking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတာကိုလည်း ကြည့်နိုင်ပါတယ်။

လေကြောင်းတိုက်ခိုက်ဖို့ လှုံ့ဆော်မှုတွေနဲ့ ပတ်သက်လို့ သတိပြုဖို့လို

အခုလို ထားဝယ်ခရိုင်အတွင်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ဖို့ ဆက်တိုက်လှုံ့ဆော်နေတာဟာ ပြည်သူတွေ အတွက် စိုးရိမ်ဖွယ်အခြေအနေဖြစ်တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုရဲ့ မဟာမိတ်ဆက်ဆံရေးတာဝန်ခံက ပြောပါတယ်။

“ပြည်သူလူထုအတွက်ကတော့ စိုးရိမ်စရာကောင်းတဲ့ အချက်ဖြစ်တယ်။ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကတော့ ကျွန်တော်တို့ဒေသတစ်ခုတည်း မဟုတ်ဘူး။ ဒီလိုပဲ ညသန်းခေါင်ယံမှာ အဆင်အခြင်မဲ့ ပေါင် ၅၀၀ ဗုံး ၊ ပေါင် ၂၅၀ ဗုံးတွေ လာကြဲချတာတွေပေါ့နော်။ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့ ရှမ်းမြောက်ဘက်မှာဆိုရင်လည်း TNLA နဲ့ ဖြစ်တဲ့ နေရာမှာလည်း ထိန်းချုပ်ထားတဲ့ ရွာတွေ၊ မြို့တွေကို ကြဲတာရှိတယ်လေ။ အာရက္ခတပ်တော်နဲ့တိုက်ပွဲဖြစ်တဲ့ ဖြစ်စဥ်တွေမှာလည်း ရခိုင်ပြည်နယ် တစ်ဝှမ်းမှာ ကြဲတဲ့ဟာတွေ အများကြီးရှိတယ် ။ အဲဒါကြောင့် စိုးရိမ်စရာရှိပါတယ်” လို့ သူက ပြောပါတယ်။

ဒါ့ကြောင့် တိုက်ပွဲဖြစ်နေတဲ့ ဧရိယာနဲ့ နီးတဲ့ပြည်သူတွေက လေကြောင်း အသိ၊ လေကြောင်း သတိပေးချက်တွေကို အမြဲမပြတ်စောင့်ကြည့်သင့်ပြီး ဗုံးခိုကျင်းလို အကာအကွယ်တွေ ပြင်ဆင်ကြဖို့လည်း သူက အကြံပေးပါတယ်။

သုံးသပ်ချက်

လောင်းလုံးမြို့နယ်ထဲ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေပြီး စစ်ရေးတင်းမာနေချိန်မှာ ကျေးရွာတွေကို လေကြောင်း တိုက်ခိုက်ပြီး လက်ဦးမှုရယူဖို့ စစ်ကော်မရှင် ဝါဒဖြန့်ချန်နယ်က အချိန်ကိုက်လှုံ့ဆော်နေတာ တွေ့ရပါတယ်။ အရပ်သားပြည်သူတွေ နေထိုင်နေတဲ့ အဲဒီ ကျေးရွာတွေကိုလည်းPDF ရွာလို့ တံဆိပ်ကပ်ပြီး လေကြောင်းတိုက်ခိုက်ဖို့ အခါတော်ပေးနေတာလည်း ဖြစ်ပါတယ်။

အရင်က လှုံ့ဆော်မှုဖြစ်စဉ်တွေမှာ အရပ်သားနေအိမ်၊ စာသင်ကျောင်းလို အများပြည်သူနဲ့ ဆိုင်တဲ့ အဆောက်အအုံတွေ ထိခိုက်ပြီး ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူတွေ သေဆုံး ဒဏ်ရာရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ အခုလို လှုံ့ဆော်မှုတွေကို အထူးဂရုပြုသင့်ပါတယ်။

တနင်္သာရီတိုင်းထဲမှာ အခုလပိုင်းထဲ လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ်ရှိလာပြီး အရပ်သား ထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .