ချင်းတော်လှန်ရေးအဖွဲ့ရဲ့ မူးယစ်ဆေးများကို အိန္ဒိယ-မြန်မာနယ်စပ်တွင် ဖမ်းမိဆိုသည့် သတင်းမှား
Fact-check_ Akyab Post/ The Red Flag
21 Oct 2025
အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ချင်းတော်လှန်ရေးအဖွဲ့ တစ်ခုဖြစ်တဲ့ ချင်းညီနောင်အဖွဲ့ရဲ့ မူးယစ်ဆေးတွေကို အိန္ဒိယ-မြန်မာနယ်စပ် ဇိုခေါထာရ်ရွာမှာ မီဇူရမ်ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးရမိတယ်ဆိုပြီးတော့ ရေးသားထားတဲ့ အကြောင်းအရာတွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ “Ko Chit MDY” ဆိုတဲ့ အကောက်ကနေ အောက်တိုဘာလ ၂၀ ရက်နေ့မှာ “အေအေ လက်အောက်ခံ ချင်းပဒပ်ထောက်ပို့ထံမှ ရူပီး ၃၆ သိန်းကျော်တန်ဖိုးရှိတဲ့ဘိန်းဖြူများဖမ်းမိ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ် မြို့မှာနေထိုင်သူ CB ထောက်ပို့ ခေါလ်လျန်လာလ်လာ ( Khawlianlala) အသက် ၂၈ နှစ်ထံမှ ရူပီး ၃၆ သိန်းကျော်တန်ဖိုးရှိတဲ့ဘိန်းဖြူ များကို ယမန်နေ့ (အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်) ညပိုင်းမှာ ကျန်ဖိုင်ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း ဒေသတွင်းသတင်းများကဖော်ပြထားပါ တယ်။” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။
📌 မူရင်းပို့စ် အပြည့်အစုံ – https://archive.ph/5IFMX
ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ အောက်တိုဘာလ ၂၀ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၄k ထိရှိပြီးတော့ reaction ပြုလုပ်သူ ၁၆၀ နဲ့ comment ပေးသူ၂ဦးထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
📌 ထပ်ဆင့်ဖြန့်ချိထားတဲ့ သတင်းမှား – https://archive.ph/s0rpc
ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နေတဲ့ ပို့စ်ကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ အိန္ဒိယနိုင်ငံ မီဇူရမ်ပြည်နယ်မှာ မူးယစ်ဆေးသယ်ဆောင်လာတဲ့ ယာဉ်ကို အိန္ဒိယဖက်ကနေ ဖမ်းဆီးခဲ့တာဖြစ်ပြီးတော့ ဖမ်းဆီးခဲ့ရတာဟာ မြန်မာနိုင်ငံသားတစ်ဦး ဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။
▪️သတင်းစိစစ်ချက်
ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse Image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
ဝါဒဖြန့်ချန်နယ်တွေကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံကို google reverse Image search tools နဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ချင်းဒေသအခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Khonumthung ကနေ အောက်တိုဘာလ ၁၇ ရက်နေ့မှာ “မီဇိုရမ်မှာ မြန်မာနိုင်ငံသားတစ်ဦးထံ ရူပီးသိန်း ၃၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ” ဆိုတဲ့ သတင်းမှာပါရှိတဲ့ ပုံဖြစ်နေတာကို တွေ့ရပါတယ်။
Khonumthung သတင်းဌာနရဲ့ ရေးသားဖော်ပြချက်တွေအရ “အိန္ဒိယ-မြန်မာနယ်စပ် ဇိုခေါထာရ်ကျေးရွာ ရဲတပ်ဖွဲ့မှ အောက်တိုဘာလ ၁၅ ရက်နေ့က ကားတစ်စီးကို မသင်္ကာ၍ တားဆီးပြီးစစ်ဆေးခဲ့ရာမှာ အလေးချိန် ၁.၂၁၅ ကီလိုဂရမ်ရှိသော ဘိန်းဖြူ၊ ကာလပေါက်စျေးဖြင့် ရူပီး ၃၆.၄၅ တန်ဖိုးရှိ သည်ဟုသိရသည် အဆိုပါဘိန်းဖြူများ သယ်ဆောင်လာသူသည် ချင်းပြည်နယ် ရိခေါဒါရ်မြို့အမှတ် ၂ ရပ်ကွက် (Tio-Khawmawi) တွင် နေထိုင်သူ ဦး Hrinthanga ၏သား အသက် ၂၈ နှစ်အရွယ် Khawlianlala ဖြစ်သည်” လို့ ရေးသားဖော်ပြထားပါတယ်။
🔗 Khonumthung သတင်းအပြည့်အစုံ – https://bitly.cx/8LR5
ဒါ့အပြင် အခြားချင်းဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Zalen ကနေလည်း အောက်တိုဘာလ ၁၆ ရက်နေ့မှာ “မီဇိုရမ်မှာ မြန်မာနိုင်ငံသားတစ်ဦးထံကနေ ရူပီး ၃၆ သိန်းကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူများဖမ်းမိ” ဆိုပြီးတော့လည်း ရေးသားဖော်ပြထားပါတယ်။
🔗 Zalen – https://bitly.cx/ykzVA
ဒီသတင်းကိုပဲ မီဇူရမ်အခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Bengvarna ကနေ အောက်တိုဘာလ ၁၆ ရက်နေ့မှာပဲ မြန်မာနိုင်ငံသားတစ်ဦးကို မူးယစ်ဆေးတွေနဲ့ ဖမ်းဆီးရရှိမိတယ်လို့ ရေးသားဖော်ပြထားပါတယ်။
🔗 Bengvarna – https://bitly.cx/OXXwc
▪️သုံးသပ်ချက်
စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ မြန်မာ အိန္ဒိယနယ်စပ် ဇိုခေါထာရ်ကျေးရွာမှာ မူးယစ်ဆေးသယ်ဆောင်လာတာဟာ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီးတော့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်ဖြစ်တဲ့ ချင်းညီနောင်အဖွဲ့နဲ့ ဆက်စပ်နေတယ်ဆိုပြီး ရေးသားထားတာကို မတွေ့ရှိရပါဘူး။
စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေကနေ သတင်းမှန်ပေါ်အခြေခံပြီးတော့ လိုအပ်သလို ပုံဖော်ရေးသားထားတဲ့ Misleading သတင်းမှားသာ ဖြစ်ပါတယ်။
ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ မူးယစ်ဆေးဝါးသယ်ဆောင်သူတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆက်စပ်နေပါတယ်ဆိုပြီးတော့ ပုံဖော်ရေးသားပြီးတော့ သတင်းတုသတင်းမှားတွေကို ဖြန့်လေ့ရှိပါတယ်။
ဒီလို မူးယစ်ဆေးနဲ့ ပတ်သက်ပြီး Akyab Post ကနေ စစ်ဆေးကြည့်တဲ့အခါမှာလည်း စစ်ကောင်စီချန်နယ်တွေကနေ မူးယစ်ဆေးဝါးနဲ့ ၏ စွပ်စွဲဝါဒဖြန့်ထားတဲ့ အကြောင်းအရာတွေကို ဆက်တိုက်လုပ်ဆောင်နေခဲ့တာကို တွေ့လာရပါတယ်။
✅ မူးယစ်ဆေးဝါးစွပ်စွဲချက်တွေနဲ့ Akyab Post ကနေ စစ်ဆေးထားတဲ့ Debunking Fact Check များ –
လက်ရှိ မြန်မာနိုင်ငံတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/