ထားဝယ်မှာ တော်လှန်ရေးတပ်တစ်ခုရဲ့ခေါင်းဆောင်ကို PDF တပ်ရင်းကဖမ်းဆီးမှုအပေါ် ပုံမှားရိုက်သတင်းအမှားဖြန့်
Share:FacebookX

ထားဝယ်မှာ တော်လှန်ရေးတပ်တစ်ခုရဲ့ခေါင်းဆောင်ကို PDF တပ်ရင်းကဖမ်းဆီးမှုအပေါ် ပုံမှားရိုက်သတင်းအမှားဖြန့်

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မော်ဒန်ပန့် (Modern Punk) တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ကိုကြက်ဥကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်တပ်ရင်း (၁) က အောက်တိုဘာလ ၇ရက်မှာ ဖမ်းဆီးထိန်းသိမ်း ခဲ့ပါတယ်။

အဲဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက PDF အချင်းချင်း အဝေမတည့်မှုနဲ့ မိန်းမကိစ္စတွေကြောင့် ဖမ်းဆီးရခြင်းဖြစ်တယ်ဆိုပြီး ဖြန့်ချိနေတာ တွေ့ရပါတယ်။

အဲဒီလို ဖြန့်ချိမှုနဲ့ ပတ်သက်လို့ Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ လိုရာဆွဲပုံဖော်ထားတဲ့ သတင်းအမှားဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

Subscribers ပြုလုပ်သူ တစ်သိန်းရှစ်သောင်းကျော်ရှိတဲ့ မှိုင်းဝေ အမည်နဲ့ တယ်လီဂရမ်ချန်နယ်က ကိုကြက်ဥ ဖမ်းဆီးခံရ တာနဲ့ ပတ်သက်လို့ PDF အချင်းချင်းရဲ့ မိန်းမကိစ္စကြောင့် ဖမ်းဆီးတာလို့ အောက်တိုဘာလ ၁၂ရက်မှာ စတင်ဖြန့်ချိခဲ့ပါတယ်။ အဲဒီဖော်ပြချက်ကို မြင်တွေ့သူ သုံးသောင်းကျော်၊ Reaction ပြုလုပ်သူ ခုနစ်ရာနီးပါးနဲ့ ဆက်လက်ပျံ့နှံ့ နေတာကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

ဒါ့အပြင် Subscribers ပြုလုပ်သူ တစ်သောင်းလေးထောင်ကျော်ရှိတဲ့ ကာနယ်ချစ်ကောင်းအမည်နဲ့ တယ်လီဂရမ်ချန်နယ် ကလည်း အောက်တိုဘာ ၁၂ ရက်မှာ အထက်ပါဖြစ်စဥ်ကိုပဲ PDF အချင်းချင်း အဝေမတည့်တာကြောင့် ဖမ်းဆီးတာ ဖြစ်တယ်လို့ ဖြန့်ချိခဲ့ပါတယ်။ အဲဒီဖော်ပြချက်မှာလည်း မြင်တွေ့သူ နှစ်ထောင်ကျော်၊ Reaction ပြုလုပ်သူ ခုနစ်ဆယ်ကျော်နဲ့ ဆက်လက်ပျံ့နှံ့နေတာ ဒီလင့်ခ် ကြည့်နိုင်ပါတယ်။

အလားတူ ပုလဲမြေ တယ်လီဂရမ်ချန်နယ်ကဖော်ပြတာကိုလည်း ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

ကိုကြက်ဥကို ဖမ်းဆီးမှု

မော်ဒန်ပန့်အဖွဲ့ခေါင်းဆောင် ကိုကြက်ဥကို ထားဝယ်ခရိုင် PDF အမှတ် (၁) တပ်ရင်းက အောက်တိုဘာလ ၇ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ နည်းဗျူဟာမှူး C1 က Dawei Watch ကို ပြောပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) စခန်းတစ်ခုကို ကိုကြက်ဥနဲ့ အဖွဲ့ဝင် နှစ်ဦးဟာ ပစ္စတိုသေနတ် ကိုင်ဆောင် လက်မြှောက်ဝင်လာပြီး ညှိနှိုင်းဖို့ သွားရောက်ချိန်မှာ နှစ်ဖက်အချေအတင်ဖြစ်ပြီး ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ တယ်လို့ ဆိုပါတယ်။

ကိုကြက်ဥနဲ့အတူ ပလဖ စခန်းသို့ သွားရောက်ခဲ့တဲ့ မော်ဒန်ပန့် တပ်ဖွဲ့ဝင် နောက်တစ်ဦးလည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

ဖမ်းဆီးမခံရမီ ကိုကြက်ဥက လောင်းလုံး ပလဖ တပ်ဖွဲ့ဝင်နှစ်ဦးဆီ သွားရောက်ပြီး ပစ္စတိုသေနတ်တစ်လက်၊ စကား ပြောစက် တစ်လုံး၊ ကျည်ဆန်အတောင့် သုံးဆယ်ခန့်နဲ့ လက်ထိပ်တစ်ခုကို သိမ်းဆည်းလာခဲ့ပြီး သူ့ကို လုပ်ကြံမှုမှာ ပါဝင် တာကြောင့် လာရောက်သိမ်းဆည်းတာလို့ ကိုကြက်ဥပြောဆိုထားတဲ့ ရုပ်သံမှတ်တမ်းကို မော်ဒန်ပန့်အဖွဲ့က ထုတ်ပြန်ထား ပါတယ်။

အဲဒီနောက် ပလဖ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အောက်တိုဘာ ၇ ရက်မှာ ကိုကြက်ဥ က ပလဖ စခန်းသို့ သွားရောက်စဉ် ဖမ်းဆီးထိန်းသိမ်းခံရတာလို့ ဆိုပါတယ်။

ကိုကြက်ဥက အခု ဖမ်းခံရမှု မတိုင်မီ လောင်းလုံး ပအဖနဲ့ ပကဖ တာဝန်ရှိသူတွေကို အသက်အန္တရာယ် ခြိမ်းခြောက်ပြောဆို တယ်ဆိုပြီး ၂၀၂၄ ခုနှစ် မေလမှာ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တစ်ကြိမ်၊ အခုနှစ် ဇူလိုင်လ ကုန်ပိုင်းမှာ လည်း ထားဝယ်ခရိုင် အမှတ်(၁) PDF တပ်ရင်း တစ်ကြိမ် သွားရောက်ဖမ်းဆီးခဲ့ဖူးပါသေးတယ်။

ကိုကြက်ဥ ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ Dawei Watch က သတင်းဖော်ပြထားတာကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်။

Myanmar Now သတင်းဌာနက ဖော်ပြထားတဲ့ သတင်းကိုလည်း ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

ကိုကြည်ဥကို ဖမ်းဆီးထိန်းသိမ်းတာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၄ က အောက်တိုဘာလ ၁၁ရက်စွဲနဲ့ အသိပေး ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်မှာတော့ ကိုကြည်ဥက ပြည်သူတစ်ဦးကို ကြိုးတုပ်မီးရှို့တာ၊ သေနတ်ထောက်ခြိမ်းခြောက်တာ၊ တပ်ရင်း၊ တပ်ဖွဲ့ တာဝန်ရှိသူတချို့၊ ရပ်ကျေးတာဝန်ခံတချို့ကို ခြိမ်းခြောက်တာ၊ ပလဖ ရဲဘော်တစ်ဦးရဲ့ လက်နက်ခဲယမ်း၊ ပစ္စည်းတွေကို သိမ်းသွားတာနဲ့ ပလဖ စခန်းထဲ အကြောင်းမကြားဘဲ သေနတ်ကိုင်ဝင်ရောက်တာတွေကြောင့် ဖမ်းဆီးထိန်းသိမ်းတာလို့ ဖော်ပြပါတယ်။

အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ မော်ဒန်ပန့်အဖွဲ့ဝင်တစ်ဦးနဲ့ နီးစပ်သူဆီကို ဆက်သွယ်ခဲ့ပေမယ့် အဆယ်အသွယ် မရသေးပါဘူး။

ကိုကြက်ဥကို အမှတ် ၃၄ နည်းဗျူဟာက ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားမှာဖြစ်ပြီး အရေးယူဆောင်ရွက်မှု အပိုင်း ကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဘက်ဆိုင်ရာတရားရုံးက ကိုင်တွယ်သွားမယ်လို့ နည်းဗျူဟာမှူး C1 က ပြောပါတယ်။

အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ Dawei Watch က နောက်ဆက်တွဲ သတင်းဖော်ပြထားတာကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

စိစစ်တွေ့ရှိသုံးသပ်ချက်

မော်ဒန်ပန့် ခေါင်းဆောင် ကိုကြက်ဥ ကို ထားဝယ်ခရိုင် PDF အမှတ် (၁) တပ်ရင်း က ဖမ်းဆီးထိန်းသိမ်းပြီး အရေးယူမှုတွေ လုပ်နေတာ မှန်ကန်ပါတယ်။

ဒါပေမဲ့ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြနေသလို အချင်းချင်း အဝေ မတည့်မှုတွေ၊ မိန်းမကိစ္စတွေကြောင့် ဆိုတာမျိုး မတွေ့ရပါဘူး။ ကိုကြက်ဥ ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဖြစ်စဉ်ကို အသုံးချပြီး တော်လှန်ရေးအဖွဲ့တွေကို နာမည်ဖျက်ဖို့ ပုံဖော်သတင်းမှားဖြန့်ချိတာအဖြစ် စိစစ်တွေ့ရှိရပါတယ်။

အချက်အလက်စိစစ်ဖို့ တောင်းဆိုနိုင်ပါတယ်

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .