၂၀၂၅ အောက်တိုဘာလ ၁၈ ရက်
သျှမ်းသံတော်ဆင့်/ ခမ်းသားငေါဝ်း/ The Red Flag/ MFCN
နိဒါန်း
လူမျိုးရေးအဓိကရုဏ်း (သို့မဟုတ်) လူမျိုးရေးတိုက်ပွဲ ဆိုသည်မှာ လူမျိုးအုပ်စုများအကြား လူမျိုးချစ်တတ်သည့် စိတ်ကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခဆိုသော်လည်း မည်သူ့ ပယောဂမှမပါဘဲ အကြောင်းမဲ့ ဖြစ်ပေါ်လာခြင်းတော့ မရှိပေ။
မြန်မာနိုင်ငံတွင် အမြစ်တွယ်နေသော အမုန်းစကားများမှာ စစ်တပ်၊ အစိုးရနှင့် အစွန်းရောက် အမျိုးသားရေးဝါဒီများအပါအဝင် သြဇာကြီးမားသူများက အချိန်ကြာမြင့်စွာကတည်းက စနစ်တကျ ဖြန့်ဝေလာခြင်း ဖြစ်သည်။
အာဏာသိမ်းစစ်တပ်သည် လူမျိုးရေး၊ ဘာသာရေး အမုန်းပွားစေမည့် အကြောင်းအရာများကို ၎င်း၏ လက်ဝေခံ ဆိုရှယ်မီဒီယာ အသုံးပြုသူများ၊ လက်ဝေခံ မီဒီယာများနှင့် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များမှ တဆင့် အသုံးပြုလာသည်။
၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာမွတ်စလင် လူနည်းစုအပေါ် မြန်မာစစ်တပ်က ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖြိုခွင်းမှု မဖြစ်ပွားမီ ရိုဟင်ဂျာများနှင့် ပတ်သက်ပြီး အမုန်းစကား ရေးသားဖြန့်ဝေခဲ့သည့် Facebook စာမျက်နှာ ဒါဇင်ပေါင်းများစွာ၏ နောက်ကွယ်တွင် မြန်မာစစ်တပ်ရှိနေခဲ့သည်ဟု ကုလသမဂ္ဂ စုံစမ်းဆေးရေးအဖွဲ့က ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဖော်ထုတ်ခဲ့သည်။
လူမျိုးရေး၊ ဘာသာရေး မီးစမှာ အာဏာရှင်တို့အတွက် အကောင်းဆုံး လောင်စာဖြစ်ဆဲဖြစ်သည်။ ခေတ်အဆက်ဆက် အာဏာရှင်တို့ အသုံးချခဲ့ကြသလို စစ်တပ်လည်း ဆက်လုပ်နေဆဲ ဖြစ်သည်။
ထို့ပြင် သတင်းဌာန အယောင်ဆောင်သော လူမှုကွန်ရက်စာမျက်နှာများသည်လည်း ဒေသတွင်း သတင်းဌာနများ၏ သတင်းတင်ဆက်သော ပုံစံကို တုပပြုလုပ်ပြီး လုပ်ကြံဖန်တီးကာ သတင်းအမှားများ ဖြန့်ဝေလာသည်။
ထိုစာမျက်နှာများမှ ဖြန့်ဝေသော အကြောင်းအရာများသည် ပျံ့နှံ့မှုအားကောင်းနေပြီး ပြည်သူအချင်းချင်း (သို့မဟုတ်) လူမျိုးစုအချင်းချင်းအကြား အမုန်းတရားပွားအောင်၊ လူမျိုးရေးပဋိက္ခ ဖြစ်အောင် ဖန်တီးနေသည်ကို တွေ့ရသည်။
အထူးသဖြင့် ရှမ်းနှင့် တအာင်း (ပလောင်)၊ ပအိုဝ်းနှင့် ကယန်း လူမျိုးစုတို့အကြား ပဋိပက္ခဖြစ်ပွားရန် အဓိကရည်ရွယ်သည်ကို တွေ့ရသည်။
ထိုအကြောင်းကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်သည့် သျှမ်းသံတော်ဆင့်နှင့် ခမ်းသားငေါဝ်းတို့ ပူးပေါင်းပြီး အသေးစိတ် လေ့လာစောင့်ကြည့်မှု ပြုလုပ်ခဲ့သည်။
လေ့လာတွေ့ရှိသည့် အကြောင်းအရာများ –
(၁) ဒေသတွင်းသတင်းဌာနများ၏ သတင်းပုံစံကိုတုပပြီး ဖြန့်ဝေထားသော အကြောင်းအရာများ
(၂) သတင်းတုနှင့် လုပ်ကြံသတင်းများ
(၃) လူမျိုးရေးအမုန်းတရားပွားစေမည့် အကြောင်းအရာများ
ဒေသတွင်းသတင်းဌာနများ၏ သတင်းပုံစံကို တုပပြီးဖြန့်ဝေထားသော အကြောင်းအရာများ
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့မှ စတင်၍ “ရှမ်းပြည်နယ် ဖက်ဒရယ် ဒီမိုကရေစီ သတင်းစုံ” ဆိုသည့် နာမည်ဖြင့် ဖွင့်လှစ်ထားသော စာမျက်နှာသည် ရှမ်းပြည်အခြေစိုက် ဒေသတွင်းသတင်းဌာန တခုဖြစ်သည့် သျှမ်းသံတော်ဆင့် သတင်းဌာန၏ သတင်းပုံစံကို တုပပြုလုပ်ပြီး လုပ်ကြံဖန်တီးကာ သတင်းအမှားများ ဖြန့်ဝေလာသည်။
ထုံးစံအတိုင်းပင် လူထုအကြား စိတ်ဝင်စားမှုများပြားသော ဖြစ်စဉ်ကိုအခြေခံ၍ သတင်းတု/သတင်းမှား လုပ်ကြံဖန်တီးကာ ဖြန့်ဝေနေသည်။
ထိုအကြောင်းအရာများမှာ “သီပေါကနေ ကျောက်မဲဘက်ကို ထွက်လာတဲ့ TNLA ရဲ့ သူနာပြုမလေး အယောက် ၃၀ စကမရဲ့ ဒရုန်းကြောင့် အကုန်ကျဆုံးသွားတယ်”၊ “TNLA အရာရှိကြီးများတချို့ ကျောင်းနေအရွယ် ကလေးငယ်တွေကို အသုံးချပြီး မူးယစ်ဆေးများ သယ်ယူပို့ဆောင်ခိုင်းနေကြောင်း စစ်ဆေးတွေ့ရှိ”၊ “TNLA ဖောက်ခွဲခဲ့တဲ့ ဂုတ်ထိပ်တံတားကို စစ်ကော်မရှင်ဝန်ကြီး သွားကြည့် ဒေသခံများကို ရထားသံလမ်းသန့်ရှင်းရေး လုပ်အားပေးခိုင်း” စသည့်ဖြင့် လူထုအကြား စိတ်ဝင်စားမှုများပြားသော အကြောင်းအရာများအား လုပ်ကြံဖန်တီးကာ ဖြန့်ဝေနေခြင်း ဖြစ်သည်။
ထိုအကြောင်းအရာသည် ပျံ့နှံ့မှုအားကောင်းနေပြီး မှတ်ချက်များထဲတွင် လူမျိုးရေးအရ အမုန်းစကား ပြောဆိုမှုတွေပါ ရှိနေသည်ကို တွေ့ရသည်။ ထိုအကြောင်းအရာကို စစ်တပ်လော်ဘီ စာမျက်နှာများဖြစ်သည့် ဘညွှန့်၊ Snow Queen၊ နွေဦးရောင်ခြည်နှင့် PCT News တို့လည်း ကော်ပီယူတင်ပြီး ပြန်လည်ဖြန့်ဝေနေကြသည်။
ဖြန့်ဝေထားသော အကြောင်းအရာများကို သျှမ်းသံတော်ဆင့်နှင့် ခမ်းသားငေါဝ်းတို့၏ အချက်အလက် စစ်ဆေးသူများက ပူးပေါင်းစိစစ်ကြည့်သည့်အခါ ဒေသတွင်း သတင်းမီဒီယာဖြစ်သည့် သျှမ်းသံတော်ဆင့် သတင်းဌာနပုံစံကို တုပပြုလုပ်ပြီး လုပ်ကြံဖန်တီးထားသော သတင်းအမှားများသာ ဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့သည်။
စိစစ်တွေ့ရှိချက်များ –
(၁) စစ်ကော်မရှင်၏ ဒရုန်းကြောင့် TNLA သူနာပြုဆရာမ အယောက် ၃၀ ကျဆုံးသွားသည်ဆိုသည့် သတင်းအမှား
(၂) ဒေသတွင်း သတင်းဌာနပုံစံကို တုပပြုလုပ်ပြီး သတင်းအမှားဖြန့်
“ရှမ်းပြည်နယ် ဖက်ဒရယ် ဒီမိုကရေစီ သတင်းစုံ” ဆိုသည့် နာမည်ဖြင့် ဖွင့်လှစ်ထားသည့် စာမျက်နှာသည် လူမျိုးရေးပဋိက္ခ ဖြစ်ပွားစေနိုင်သည့် အကြောင်းအရာများကို ဖြန့်ဝေ,ဝါဒဖြန့်နေသော ဒီမိုကရေစီ အယောင်ဆောင် စာမျက်နှာတခုဖြစ်သည်။
၎င်းစာမျက်နှာကို ထိန်းချုပ်ထားသည့် Admin အကောင့် (၁) ခုရှိပြီး ထိုင်းနိုင်ငံမှ ထိန်းချုပ်နေခြင်း ဖြစ်သည်။ ထိုစာနှာမျက်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၃ ရက်တွင် Facebook က ဖြုတ်ချခဲ့ပြီး ဖြစ်သည်။
အထက်ပါ အချက်အလက်များနှင့် စိစစ်ခြင်း၊ တိုက်ဆိုင်စစ်ဆေးခြင်း ပြုလုပ်သောအခါ “ရှမ်းပြည်နယ် ဖက်ဒရယ် ဒီမိုကရေစီ သတင်းစုံ” ဆိုသည့် နာမည်ဖြင့် ဖွင့်လှစ်ထားသည့် စာမျက်နှာသည် မဟုတ်မမှန်သော သတင်း၊ အချက်အလက်၊ အကြောင်းအရာများကို ဖန်တီးရေးသားပြီး လူထုကို မှားယွင်းယုံကြည်အောင် ဖြန့်ဝေနေသည်ကို တွေ့ရသည်။
ထို့အပြင် စစ်တပ်၏ လက်အောက်ခံအဖွဲ့အစည်းဖွဲ့အစည်းဖြစ်သည့် PNO ပြည်သူ့စစ်သည်လည်း စစ်တပ်၏ ဝါဒဖြန့်နည်းလမ်းကို ကျင့်သုံးကာ ပအိုဝ်းဒေသတွင် နေ့စဉ် ဝါဒဖြန့်ချိရေးလုပ်ဆောင်ရန် ဝါဒဖြန့်လော်ဘီအုပ်စုများ ထားရှိထားပါသည်။
ဝါဒဖြန့် လော်ဘီအုပ်စုများသည် မတူညီသည့် ဖေဘွတ်အကောင့်နာမည် အမျိုးမျိုးဖြင့် ဖန်တီးထားပြီး သတင်းမီဒီယာပေစ့် အယောင်ဆောင်ကာ ဝါဒဖြန့်ရေးသားလေ့ရှိပါသည်။ ထိုဝါဒဖြန့် အကောင့်များသည် စစ်တပ်ကို ကာကွယ်ပြောဆိုပေးသည့် သတင်းများ၊ စစ်တပ်၏ သဘောဆန္ဒအရ စစ်မှုထမ်းရန်အကြောင်းအရာများနှင့် ရွေးကောက်ပွဲမဲပေးရေး တိုက်တွန်းချက်များ၊ အမျိုးသားအစွန်းရောက် လုံဆော်မှုများ၊ ဝါဒဖြန့် သတင်းများ ၊ ပအိုဝ်းနှင့် ကယန်းတို့အကြား လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားစေရန် လှုံဆော် ရေးသားထားသည့် အကြောင်းအရာများ စသည့်တို့ကို ပအိုဝ်းဘာသာဖြင့် အဓိကထား နေ့စဉ် ဖြန့်ဝေနေပါသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ၎င်းဝါဒဖြန့်ပုဂ္ဂိုလ်အကောင့်များကို သတိထားနိုင်ရန် ခမ်းသားငေါဝ်းမှ သတိပေး ဖော်ပြထားဖူးပါသည်။
ထို့ဝါဒဖြန့် အကောင့်ထဲမှာမှ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် ဖန်တီးဖွင့်လှစ်ခဲ့သော “Pa Oh National Media Channel ..သတင်းထူးများ” အမည်သည် ၂၀၂၃ ဧပြီလ ၁ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း အခြေစိုက် သတင်းဌာနဖြစ်သည့် ခမ်းသားငေါဝ်း သတင်းဌာန၏ ဖေ့ဘွတ်ပေစ့် နာမည်ဖြစ်သည့် “The People’s Voice – ခမ်းသားငေါဝ်း Burmese Version” နှင့် ပုံစံတူ တုပ ပြောင်းလဲခဲ့ပြီး ခမ်းသားငေါဝ်းမှ ဖော်ပြသည့် သတင်းများကို အကြောင်းအချို့အလွဲများ ပြုလုပ်ကာ စာဖတ်သူများအား မျက်စိမှားစေရန် ရည်ရွယ်ပြီး သတင်းတု သတင်းအမှားများကို ထိုပေစ့်က ရေးသားဖြန့်ဝေခဲ့ပါသည်။
ခမ်းသားငေါဝ်းသတင်းဌာနကို ပုံစံတူ တုပပြီး သတင်းအမှားများ ဖြန့်ဝေနေသည့် အကောင့်ကို Facebook Team ထံ ခမ်းသားငေါဝ်းမှ ဆက်သွယ် တိုင်းကြားခြင်းကြောင့် ၂၀၂၃ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် “အထူးဒေသ ၆ – ခမ်းသားငေါဝ်း Burmese Version” သို့ ပြန်လည် ပြောင်းလဲခဲ့ပါသည်။
ဒေသတွင်းသတင်းဌာနဖြစ်သည့် ခမ်းသားငေါဝ်းနှင့် ပုံစံတူ တုပ ဖွင့်လှစ်ထားသည့် ဝါဒဖြန့်အကောင့် လင့်- https://archive.ph/IlYAt
လုပ်ကြံသတင်းများသည် လူထု၏ အမြင်၊ သဘောထား၊ စိတ်ခံစားမှုကို ထိန်းချုပ်လွှမ်းမိုးပြီး လူထု၏ အကြောင်းအကျိုးဆီလျော် စဉ်းစားနိုင်စွမ်း အားနည်းအောင်ပြုလုပ်ခြင်း၊ လူထု၏ စိတ်ခံစားချက်ကို နှိုးဆွပေးခြင်းဖြင့် လုပ်ကြံဖန်တီးသူတို့ လိုလားသော လမ်းကြောင်းအတွင်းသို့ ရောက်ရှိစေသည်။
အထူးသဖြင့် လူထု၏ စိတ်ခံစားချက် မြင့်မားနေသည့် အခြေအနေ၊ ခွဲခြားဆုံးဖြတ်ရန် ခက်ခဲနေသည့် အခြေအနေများတွင် သတင်းတုနှင့် လုပ်ကြံသတင်းများ၏ အန္တရာယ်သည် ပိုမိုကြီးမားကျယ်ပြန့် စေသည်။
သတင်းတုနှင့် လုပ်ကြံသတင်းများ
သတင်းတုနှင့် လုပ်ကြံသတင်းများသည် ယခုမှဖြစ်လာသည့် ဖြစ်စဉ်တခု မဟုတ်ချေ။ ရှေးယခင် ကလည်း အတင်းအဖျင်း၊ ကောလာဟလ၊ လူပြော သူပြော၊ ဝါဒဖြန့် စသည့်ဖြင့် အကြောင်းအရာ များလည်း ရှိခဲ့သည်။
သို့သော် ယနေ့တွင် ဖြစ်နေသော သတင်းတုနှင့် လုပ်ကြံသတင်းများမှာ အသွင်ပုံစံ ပြောင်းလဲလာသကဲ့သို့ အကျိုးသက်ရောက်မှုကလည်း ယခင်ကနှင့် မတူတော့ပေ။
ဒစ်ဂျစ်တယ် သတင်းအချက်အလက် ဂေဟစနစ် တိုးတက်ပြောင်းလဲလာမှု၊ ကျယ်ကျယ်ပြန်ပြန့် အသုံးချလာမှုနှင့် ကိုင်တွယ် အသုံးချသည့် နည်းလမ်းများကြောင့် သတင်းတုနှင့် သတင်းအမှားများ၏ ကျယ်ပြန့်မှု ပမာဏ၊ လျင်မြင်မှုနှင့် အကျိုးသက်ရောက်မှု ပမာဏသည် ယခင်ကနှင့် များစွာ ကွာခြားသွားပြီ ဖြစ်သည်။
အထူးသဖြင့် စစ်တပ်၏ လက်ဝေခံ ဆိုရှယ်မီဒီယာအသုံးပြုသူများ၊ လက်ဝေခံ မီဒီယာများနှင့် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များအပါအဝင် သတင်းဌာန အယောင်ဆောင်သော လူမှုကွန်ရက် စာမျက်နှာများသည် လူထုအတွင်း သတင်းနှင့် အချက်အလက်များ လျင်လျင်မြန်မြန် ရောက်ရှိစေရန်နှင့် တစ်ဦးချင်း အကြိုက်အလိုက် ဖြစ်စေရန် ဦးတည်ကာ ဖြန့်ဝေနေခြင်း ဖြစ်သည်။
၎င်းတို့သည် သတင်းတုများနှင့် လုပ်ကြံသတင်းများ ဖြန့်ဝေရန် အကောင်းဆုံး ရေခံမြေခံများ ဖြစ်သည်။ ယခုနောက်ပိုင်း လူမှုကွန်များ ကျယ်ကျယ်ပြန့်ပြန့် အသုံးချလာနိုင်သည့်အချိန်တွင် လုပ်ကြံသတင်းများကို စစ်တပ်၏ လက်ဝေခံ ဆိုရှယ်မီဒီယာအသုံးပြုသူများ၊ လက်ဝေခံ မီဒီယာများ သာမကဘဲ တဦးချင်းအလိုက်ကလည်း ဖြန့်ဝေလာကြသည်။
အချို့မှာ မိမိ၏ ကျော်ကြားမှုကို အသုံးပြုပြီး သတင်းတုများ ဖန်တီးဖြန့်ဝေမှုကလည်း လူထုဆီသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်စေတာ တွေ့ရသည်။ ထို့ပြင် နည်းပညာဘက်မှာဆိုလျှင်လည်း အွန်လိုင်းတွင် AIgorithm များကြောင့် တစ်ဦးချင်းစီ၏ အကြိုက်အလိုက် သတင်းတွေ၊ Post တွေ၊ ကြော်ငြာတွေ ဖော်ပြပေးသောကြောင့် လုပ်ကြံသတင်း ပျံ့နှံ့မှုကို လွယ်ကူစေသည်။
အာဏာမသိမ်းခင်ကတည်းက စစ်တပ်သည် Facebook ကို အသုံးပြု၍ ဝါဒဖြန့်ခဲ့သည်။ စစ်တပ်က Facebook ၏ ဝန်ဆောင်မှုများသုံး၍ အုပ်စုလိုက် မရိုးသားသည့် လုပ်ဆောင်မှုများ Coordinated Inauthentic Behavior (CIB) ကျူးလွန်ထားကြောင်း Facebook က ကြေညာချက်များ တရားဝင် ထုတ်ပြန်ခဲ့သည်။
၂၀၀၈ ခုနှစ်မှစ၍ Facebook က သတင်းဌာနများ၊ သာမန် အရပ်သားများ အသွင်ဆောင်ထားကြသော စစ်တပ်ထောက်ခံသည့် စာမျက်နှာများ၊ အကောင့်များ ဒါဇင်နှင့်ချီ ဖြုတ်ချခဲ့သည်။
မြန်မာနိုင်ငံရှိ သုံးစွဲသူများကို ပစ်မှတ်ထားသော မရိုးသားသည့် အုပ်စုလိုက် လုပ်ဆောင်မှုများ Facebook တွင် ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် ၂၀၂၅ ခုနှစ်တွင်လည်း မသင်္ကာဖွယ် အကောင့်များ၊ စာမျက်နှာများကို ဖြုတ်ချခဲ့ကြောင်း ယခုနှစ် ဖေဖော်ရီလက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် Facebook က ဖော်ပြထားသည်။
လူမျိုးရေးအမုန်းတရားပွားစေမည့် အကြောင်းအရာများ
ရွေးကောက်ပွဲ ကျင်းပမည့်ကာလ တရွေ့ရွေ့နှင့် နီးကပ်လာသည်နှင့်အမျှ အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာများ၊ စစ်လော်ဘီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် ထိလွယ်၊ ရှလွယ်သော လူမျိုးရေးများအား ဖြန့်ဝေလာနေသည်ကို တွေ့ရသည်။
အထူးသဖြင့် စစ်ကော်မရှင်တပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည့် နေရာများ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူများအကြား၊ ပြည်သူများ အချင်းချင်းကြား လူမျိုးရေးအမုန်းပွားအောင် ဖြန့်ဝေလာနေသည်။
ထိလွယ်ရှလွယ် ကိစ္စရပ်များ၊ ပွဲဆူအောင်လုပ်သည့် ကိစ္စရပ်များသည် သာမန်သတင်းတွေထက် သွေးဆူအောင် ဖန်တီးနိုင်ကြောင်း အချက်အလက်စစ်ဆေးသူ နန်းက ပြောသည်။
“လူတွေက ထိလွယ်ရှလွယ် ကိစ္စရပ်တွေ၊ ပွဲဆူအောင် လုပ်တဲ့ ကိစ္စရပ်တွေ၊ ဒီလိုဖြစ်စဉ်မျိုးတွေကို သာမန်သတင်းတွေထက် သွေးဆူနိုင်တယ်။ နောက်တစ်ခုကတော့ စစ်အုပ်စုရဲ့ အစီအစဉ်လို့ ယူဆရပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် ကာလ (သို့) ရွေးကောက်ပွဲလွန် ကာလမှာ သူတို့လိုချင်တဲ့ အစီအစဉ်တွေမဖြစ်ရင် သုံးစရာကဒ်တစ်ခုအနေနဲ့ ဖန်တီးထားတာမျိုး ဖြစ်နိုင်ပါတယ်။ ဆိုလိုချင်တာက ဝီရသူလို ဘုန်းကြီးကိုယ်တိုင် ပြန်ထွက်လာတာ၊ ကြံ့ခိုင်ရေးပါတီဝင် လူကြီးတွေ ကိုယ်တိုင်လူမျိုးရေး၊ ဘာသာရေး ခွဲခြားတဲ့ ပြောဆိုမှုတွေ ဖြန့်ဝောတာမျိုးတွေကြည့်ရင် သိနိုင်ပါတယ်” ဟု အချက်အလက် စစ်ဆေးသူ နန်းက ပြောသည်။
ခေတ်အဆက်ဆက်လည်း စစ်တပ်သည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ၏ နောက်ကွယ်တွင် ငြင်းမရနိုင်အောင် ရှိနေသည်ကို ပြည်သူများက သတိပြုကြရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။
မြန်မာ့သမိုင်းတွင် လူမျိုးနှင့် ဘာသာကို ကာကွယ်ရန် လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများ အများအပြားရှိခဲ့ပြီး အကြောက်တရားနှင့် အမုန်းတရားကို အခြေခံသော လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။
စစ်အစိုးရ အဆက်ဆက်တွင် ဝါဒဖြန့်မှုများ၊ သွေးထိုးလှုံ့ဆော်မှုများကို ရည်ရွက်ချက်ရှိရှိ ပြုလုပ်ခဲ့ပြီး အမုန်းစကားနှင့် ပဋိက္ခများကို ထိန်းသိမ်းရန် ထိရောက်သော လုပ်ဆောင်မှုများ အားနည်းခြင်းကြောင့် အစုအဖွဲ့များကြားတွင် အမုန်းတရားများ ပိုမိုကြီးထွားခဲ့ကြောင်း ၂၀၂၂ ခုနှစ် အောက်တိုဘာလထုတ် ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ အမျိုးသားရေးလှုပ်ရှားမှုနှင့် အမုန်းတရားတို့၏ စိန််ခေါ်ချက်များ စာတမ်းတွင် ဖော်ပြထားသည်။
စစ်တပ်သည် ၎င်းတို့ကိုယ်ကို ဗုဒ္ဓဘာသာ၊ ဗမာလူမျိုးနှင့် မြန်မာနိုင်ငံကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်မည့် အဖွဲ့အစည်းအဖြစ် ပုံဖော်လေ့ရှိပြီး အမျိုးသားရေးများဟု ခံယူထားသော အစုအဖွဲ့များက အစဉ်အမြဲ အားပေးထောက်ခံခဲ့ကြကြောင်း စာတမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာရှင် အဆက်ဆက်လက်အောက်တွင် လူမျိုးရေး၊ ဘာသာရေးကို အခြေခံသည့် ပဋိပက္ခများစွာ ဖြစ်ပွားခဲ့သည်။
သမိုင်းတလျောက် ဗမာနှင့် ဗမာမဟုတ်သည့် အခြားလူမျိုးစုများအကြား ပဋိပက္ခများ၊ လူနည်းစုများအပေါ် ဖိနှိပ်မှုများ ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသော်လည်း အစ္စလာမ်ဘာသာဝင်များအပေါ် ဦးတည်တိုက်ခိုက်ခဲ့သည် ဖြစ်ရပ်များကို ပိုမိုတွေ့ရှိရကြောင်း ဆိုသည်။
ဒေသတွင်းသတင်းဌာန တုပမှုများ၏လားရာ
စစ်တပ်၏ လက်ဝေခံ ဆိုရှယ်မီဒီယာအသုံးပြုသူများ၊ လက်ဝေခံ မီဒီယာများနှင့် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များ အပါအဝင် သတင်းဌာန အယောင်ဆောင်သော လူမှုကွန်ရက် စာမျက်နှာများသည် သတင်းတုနှင့် လုပ်ကြံသတင်းများကို ရည်ရွက်ချက်အမျိုးမျိုးနှင့် အသုံးပြုတတ်ကြပြီး ဖြစ်လာနိုင်သော အကျိုးဆက်ကလည်း ကဏ္ဍအလိုက် များပြားသည်။
အထူးသဖြင့် နိုင်ငံရေးဆိုင်ရာများ၊ လူမျိုးရေး ဘာသာရေး ခွဲခြားဆက်ဆံမှုများ၊ အကြမ်းဖက်မှုများသည် ဆူပူအုံကြွမှုတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ အလွဲသုံးစားမှုတွေ၊ အချင်းချင်းသွေးကွဲမှုတွေဆီသို့ ဦးတည်စေသည်။
သတင်းတုနှင့် လုပ်ကြံသတင်းများကို လူတွေစိတ်ပြင်းထန်နေသည့် အချိန်၊ စိုးရိမ်ပူပန်မှုများနေချိန်နှင့် မသေချာမရေရာမှုများ နေချိန်တွင် အများဆုံး ဖြန့်ဝေအသုံးချလေ့ရှိသောကြောင့် ပျံ့နှံ့မှု ပမာဏနှင့် အကျိုးသက်ရောက်မှု ပမာဏလည်း များပြားသည်။
ယနေ့ မြန်မာနိုင်ငံတွင် ဖြစ်နေသည့် အခြေအနေနှင့် ချိန်ထိုးကြည့်လျှင် ပိုမိုသိသာနိုင်သည်။
နေ့စဉ်နေ့တိုင်း အွန်လိုင်းများတွင် လူများ၏ စိတ်ခံစားချက်အလိုက် လုပ်ကြံသတင်းများ တင်ပေးနေခြင်းမှာ သတင်းအချက်အလက် ပေးလိုသည်ထက် ကိုယ်လုပ်စေချင်သည့်အတိုင်း လူထုကို ဆွဲဆောင်လိုသော ရည်ရွက်ချက်ပင် ဖြစ်သည်။
“မြန်မာလူထုကြားမှာ ရှိရင်းစွဲ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားတွေအပြင် တလျှောက်လုံး ဖြစ်ပေါ်ခဲ့ဖူးတဲ့ ပဋိပက္ခတွေနဲ့ သမိုင်းကြောင်းတွေကို ပြန်ကြည့်လိုက်ရင် အခုချိန်ဟာ ဘာမဆိုဖြစ်သွားနိုင်တဲ့ အခြေအနေပါ” ဟု အချက်အလက်စစ်ဆေးသူ နန်းက ပြောသည်။
ထို့ပြင် စစ်လော်ဘီများ၏ လှုံ့ဆော်မှုများသည် လက်နက်ကိုင်တပ်အချင်းချင်း ဖြစ်သောပြဿနာဟု ပုံမဖော်ဘဲ တအာင်းနှင့် သျှမ်းလူမျိုးကြားဆိုသည့် လူမျိုးရေးကိုပိုပြီး ဦးတည်သည်ကို တွေ့ရကြောင်း ဆိုသည်။
ထိုကြောင့် သတင်းကိုဖတ်ရှု့သည့်အခါတွင်လည်း သတင်းများ၏ အခြေခံဖြစ်သော ဘ (၅) လုံးအတိုင်း (ဘယ်သူ၊ ဘာဖြစ်၊ ဘယ်နေရာ၊ ဘယ်အချိန်၊ ဘာကြောင့်၊ ဘယ်လို) ပြည့်စုံခြင်း ရှိ၊ မရှိ သတိထားပြီး ဖတ်ရှု့ရန်နှင့် မတိကျမသေချာလျှင် မည်သည့်အရာကိုမှ မယုံကြည်ရန် လိုအပ်ကြောင်း နန်းက တိုက်တွန်းထားသည်။