ထားဝယ်နဲ့ တနင်္သာရီမှာ ရွာတွေကို လေယာဉ်နဲ့ဗုံးကြဲပြီး KNU ဂိတ်၊ စခန်းတွေကို တိုက်ခိုက်တာလို့ ဝါဒဖြန့်
Share:FacebookX

ထားဝယ်နဲ့ တနင်္သာရီမှာ ရွာတွေကို လေယာဉ်နဲ့ဗုံးကြဲပြီး KNU ဂိတ်၊ စခန်းတွေကို တိုက်ခိုက်တာလို့ ဝါဒဖြန့်

ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် ထီးခီးဒေသနဲ့ တနင်္သာရီမြို့နယ်၊ တကူဒေသတွေကို စစ်အာဏာရှင်တပ်က အောက်တိုဘာလ ပထမအပတ်နဲ့ ဒုတိယအပတ်အတွင်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ၁၄ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ ပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဂိတ်နဲ့ စခန်းအဆောက်အအုံတွေထိမှန်ပြီး ထိခိုက်သေဆုံးမှု များနေတယ်လို့ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြနေကြပါတယ်။

အဲဒီလိုဖြန့်ချိမှုနဲ့ ပတ်သက်လို့ Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ မြေပြင်အချက်အလက်တွေနဲ့ လွဲမှားစွာဖော်ပြနေတဲ့ ဖော်ပြချက်ဖြစ်တာလို့ စိစစ်တွေ့ရှိရပါတယ်။

ထီးခီးဒေသက KNU စခန်းကို ဗုံးကြဲခဲ့တာကြောင့် နှစ်ဆယ်ကျော်သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ နေပြည်တော် အမည်နဲ့ တယ်လီဂရမ်ချန်က အောက်တိုဘာ ၁၄ ရက်မှာ ဖြန့်ချိခဲ့ပါတယ်။ Suscriber ပြုလုပ်သူ သုံးသောင်း ခြောက်ထောင်ကျော်ရှိတဲ့ အဲဒီချန်နယ်ရဲ့ ဖော်ပြချက်ကို မြင်တွေ့သူ သုံးထောင်ကျော်၊ Reaction ပြုလုပ်သူ နှစ်ရာနီးပါးနဲ့ ဆက်လက်ပျံ့နှံ့နေပါတယ်။ ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

အဲဒီ ဖော်ပြချက်ကိုပဲ Suscriber နှစ်သောင်းရှစ်ထောင်ကျော်ရှိတဲ့ Truth Media အမည်နဲ့ တယ်လီဂရမ်ချန်က ချန်နယ်က ထပ်ဆင့်ကူးယူဖော်ပြထားတာကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

Suscriber ပြုလုပ်ထားသူ တစ်သောင်းလေးထောင်ကျော်ရှိတဲ့ ကာနယ်ချစ်ကောင်း အမည်ရှိတယ်လီဂရမ်ချန်နယ်ကလည်း တနင်္သာရီမြို့နယ်၊ တကူရွာမှာလည်း KNU စခန်း ဗုံးကြဲခံရပြီးအခြေအနေဆိုပြီး ဓာတ်ပုံများနဲ့တကွ ဖြန့်ချိခဲ့ပါတယ်။ အဲဒီဖော်ပြချက်ကို မြင်တွေ့သူ နှစ်ထောင်ကျော်၊ Reaction ပြုလုပ်ထားသူ ရှစ်ဆယ်နီးပါးနဲ့ ဆက်လက်ပျံ့နှံ့ နေတာကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

ထီးခီးနဲ့ တကူကို ဗုံးကြဲတိုက်ခိုက်မှုဆက်တိုက်လုပ်

စစ်အာဏာရှင်တပ်ဟာ အောက်တိုဘာလ ၈ရက်မှာ Y 12 လေယာဥ်နဲ့ ထီးခီးရွာကို တစ်ရက်တည်း အကြိမ်ရေ ၁၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးရေ ၄၀ လောက် အသုံးပြုခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။

အထက်ပါတိုက်ခိုက်မှုနဲ့ပတ်သက်လို့ Dawei Watch ကလည်း သတင်းဖော်ပြထားပါတယ်။ အောက်တိုဘာလ ၈ ရက် တိုက်ခိုက်မှုမှာ အဆောက်အအုံတချို့ ထိခိုက်မှု ရှိပြီး လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ အဆောက်အအုံတချို့နဲ့ လူနေအိမ်တွေ ထိခိုက်ပြီး ဒေသခံ ၃၅၀ ကျော် ထွက်ပြေးတိမ်း ရှောင်ခဲ့ရတဲ့အကြောင်း Dawei Watch ရဲ့ နောက်ဆက်တွဲဖော်ပြတဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။

အောက်တိုဘာလ ၁၀ ရက်မှာလည်း ဂျက်ဖိုက်တာနဲ့ ထီးခီးရွာကို ဗုံးနှစ်ကြိမ် ကြဲတဲ့အပြင် စက်သေနတ်နဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ KNU ရဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး Dawei Watch က သတင်းဖော်ပြထားပါတယ်။

အဲဒီတိုက်ခိုက်မှုမှာလည်း စျေးအဆောက်အအုံထိခိုက်မှုရှိပြီး လူထိခိုက်မှု မရှိဘူးလို့ KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။

အောက်တိုဘာလ ၁၄ရက်မှာလည်း စစ်အာဏာရှင်တပ်က ထီးခီးဒေသကို ဂျက်ဖိုက်တာနဲ့ ဗုံးလေးလုံး ထပ်မံကြဲချ တိုက်ခိုက်တာကြောင့် စျေးဆိုင်တစ်ဆိုင်မီးလောင်ပြီး ဒေသခံအမျိုးသားတစ်ဦးနဲ့ အမျိုးသမီး ဒဏ်ရာပါတယ်။ အထက်ဖော်ပြပါ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ သုံးရက်စလုံးမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ တိုက်ခိုက်တာလို့ KNU က ဆိုပါတယ်။

အောက်တိုဘာလ ၁၀ ရက်က ထီးခီးဒေသ ဗုံးကြဲခံရပြီး တစ်ချိန်တည်းမှာပဲ တနင်္သာရီမြို့နယ်၊ တကူရွာကိုလည်း စစ်အာဏာရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တကူရွာမှာ တိုက်ခိုက်မှုမှာတော့ မီးသတ်တပ်ဖွဲ့ရုံးအဆောက်အအုံထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းသားတစ်ဦးအပါအဝင် အရပ်သား လေးဦးထပ်မနည်းဒဏ်ရာရတယ်လို့ ဒေသခံတွေပြောပြချက်ကို ကိုးကားပြီး Dawei Watch က သတင်းဖော်ပြထား ပါတယ်။

KNU ရဲ့ သတင်းထုတ်ပြန်ချက်

နောက်ထပ် ဒေသအခြေစိုက်သတင်းဌာနတစ်ခု ဖြစ်တဲ့ The Tanintharyi Times သတင်းဌာနကလည်း စစ်အာဏာရှင်တပ် ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တကူရွာမှာ ကျောင်းသားအပါအဝင် အရပ်သားဆယ်ဦးလောက်ထိခိုက်ဒဏ်ရာရတယ်လို သတင်း ဖော်ပြထားပါတယ်။

ထီးခီးနယ်စပ်ကို KNU နဲ့ ပူးပေါင်းတော်လှန်ရေးအင်အားစုတွေက အခုနှစ် မေလမှာ တိုက်ခိုက်သိမ်းယူ ထိန်းချုပ်ထားပြီး ငါးလကျော်ကြာလာတဲ့အချိန်မှာ စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်လာတာ ဖြစ်ပါတယ်။

KNU တုံ့ပြန်ချက်

KNU ဂိတ်၊ စခန်းတွေ လေကြောင်းတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ တယ်လီဂရမ်ချန်တွေက ဖော်ပြချက် တွေနဲ့ ပတ်သက်လို့ KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားကို မေးမြန်းရာမှာတော့ အခုလိုပြောပါတယ် ။

“အဖွဲ့အစည်း (KUNရုံး) မရှိဘူး ထီးခီးမှာ။ များသောအားဖြင့် ရွာသားတွေပဲ။ ကျွန်တော်တို့အဖွဲ့အစည်းက သီးသန့်လုံခြုံတဲ့ နေရာရှိတယ်။ ထီးခီးက ကျွန်တော်တို့ ရုံး မရှိဘူး။ တကူကိစ္စကတော့ KNU နဲ့ မသက်ဆိုင်ဘူး။ အဲဒီမှာ ကျွန်တော်တို့ဆီက ဓာတ်ပုံတွေပဲ ပြန်ယူသုံးပြီး ဝါဒဖြန့်နေလို့ ပိုသတိထားနေရတယ်” လို့ ဖြေကြားပါတယ်။

လေကြောင်းတိုက်ခိုက်ခံထားရပြီး ပျက်စီးနေတဲ့ အဆောက်အအုံ ပုံတွေကို ဒေသခံတွေနဲ့ အတည်ပြုမေးမြန်းကြည့်ရာမှာ လည်း လူနေအိမ်တွေ၊ စျေးဆိုင်တွေနဲ့ ကားဝပ်ရှော့ ၊ အလုပ်ရုံ စတာတွေ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

ဓာတ်ပုံ စိစစ်ချက်

ကာနယ်ချစ်ကောင်း အမည်နဲ့ တယ်လီဂရမ်ချန်မှာ KNU ဂိတ်လို့ ရေးသားဖော်ပြထားတဲ့ ဓာတ်ပုံတွေကို Factchecking tool တွေနဲ့ စိစစ်ကြည့်ရာမှာတော့ ဒေသအခြေစိုက် သတင်းဌာနတွေက တကူရွာ မီးသတ်ရုံး ဗုံးကြဲခံရကြောင်း သတင်းဖော်ပြ ရာမှာ အသုံးပြုထားတဲ့ သတင်းဓာတ်ပုံ တွေ ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။ ဓာတ်ပုံထဲမှာဆိုရင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဆိုင်းဘုတ်ကိုလည်း တွေ့ရပါတယ်။ ဓာတ်ပုံများကို အောက်တွင် ကြည့်ပါ ။

ဒေသအခြေစိုက် The Tanintharyi Time သတင်းဌာနက ဖော်ပြထားတဲ့ တကူရွာ ဗုံးကြဲခံရမှု သတင်းဓာတ်ပုံ

 

ကာနယ်ချစ်ကောင်း ချန်နယ်က KNU ဂိတ် လို့ ဝါဒဖြန့်ထားတဲ့ ပုံ

 

စိစစ်တွေ့ရှိချက်

ထိုင်း-မြန်မာနယ်စပ် ထီးခီးဒေသကို တိုက်ခိုက်ရာမှာ အဆောက်အအုံတွေ ထိခိုက်မှုရှိပေမယ့် လူသေဆုံးတာမျိုးမရှိဘူးလို့ KNU နဲ့ ဒေသခံတွေကို မေးမြန်းချက်တွေအရ သိရပါတယ်။ တကူရွာဖြစ်စဉ်မှာတော့ ကျောင်းသားအပါအဝင် အရပ်သား ၁၀ နီးပါး ထိခိုက်ပြီး မီးသတ်ရုံးလည်း ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင် ဝါဒဖြန့်ချန်နယ်တွေက ဖြန့်ချိသလို ထီးခီးမှာ ၂၀ ကျော် သေဆုံးပြီး ဒဏ်ရာရတယ်ဆိုတာဟာ မြေပြင် အချက်အလက်နဲ့ ကွဲလွဲနေပါတယ်။ တကူဖြစ်စဉ်မှာ ဆိုရင် မီးသတ်တပ်ဖွဲ့ရုံး လေကြောင်း တိုက်ခိုက်ခံရတဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး KNU ရုံးလို့ သတင်းဖြန့်ထားတာတွေ့ရပါတယ်။

စစ်အာဏာရှင်တပ်ဟာ လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်စပ်ဒေသ ထီးခီးကို လေကြောင်းက ဆက်တိုက်ခိုက်တာတွေ လုပ်ဆောင်လာတာကြောင့် အရပ်သားပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ကြရချိန် စစ်ကော်မရှင် ဝါဒဖြန့်ချန်နယ်တွေက KNU စခန်းတွေ တိုက်ခိုက်တာဆိုပြီး အချိန်ကိုက် ဝါဒဖြန့်တာ တွေ့ရပါတယ်။ တကူဖြစ်စဉ်မှာဆိုရင် အရပ်သားပြည်သူတွေ ထိခိုက်မှုရှိနေချိန် KNU စခန်းထိခိုက်တာဆိုပြီး ဖုံးကွယ်ဖို့ ကြိုးပမ်းတာအဖြစ် တွေ့ရပါတယ်။

အချက်အလက်စိစစ်ဖို့ တောင်းဆိုနိုင်ပါတယ်

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .