စစ်အာဏာရှင်ရဲ့ ‘သေနတ် တစ်ဖက်၊ မိုက်ခွက် တစ်ဖက်’ (အပိုင်း ၃)
Share:FacebookX

စစ်အာဏာရှင်ရဲ့ ‘သေနတ် တစ်ဖက်၊ မိုက်ခွက် တစ်ဖက်’ (အပိုင်း ၃)

တရုတ်ပြီးနောက် အမေရိကန်အလှည့်ကျလာပြန်သည်။

အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျူ (USIP) က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ နှောင်းပိုင်းတွင် အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာ၏ အဆိုအရ စစ်အုပ်စု ပြုတ်ကျသွားပြီးနောက် နိုင်ငံသည် ပရမ်းပတာ မဖြစ်နိုင်ဘဲ တည်ငြိမ်ရေးအတွက် အထောက်အကူဖြစ်စေသည့် ထူးခြားသည့် လက္ခဏာများ ရှိနေကြောင်း ဖော်ပြထားသည်။ ထိုကြောင့် စစ်အုပ်စု ပြုတ်ကျသွားပြီး နိုင်ငံရေးယဉ်ကျေးမှု အသစ်သို့ သွားရန်ရှိကြောင်း ‘တော်လှန်ရေးအင်အားစုများ အောင်ပွဲခံခြင်းကို အဘယ်ကြောင့် မစိုးရိမ်သင့်သနည်း’ ဟု ရေးသားဖော်ပြခဲ့သည်[1]

ယင်းကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြင်းပြင်းထန်ထန် တုံ့ပြန်ပြီး ပဋိပက္ခကို မီးထိုးပေးရာတွင် အနောက်နိုင်ငံများ ပါဝင်ပတ်သက်နေကြောင်း တရားခံရှာ အပြစ်ဖို့ခဲ့သည်။

“. . . အမေရိကန်အစိုးရဲ့ ကျောထောက်နောက်ခံပြုထားတဲ့ USIP (United State Institute of Peace) ဆိုတဲ့ အဖွဲ့အစည်းကနေ သူ့ရဲ့ သုတေသနစာတမ်းများကို အမှီပြုပြီးတော အနောက်နိုင်ငံ မီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်နေတာမျိုး ရှိပါတယ်။ အဓိက အချက်ကတော့ ဒီထဲမှာ ယခုလက်ရှိ မြန်မာနိုင်ငံဖြစ်ပေါ်နေတဲ့ အခြေအနေကြောင့် မလို့ ဒီအခြေအနေများကို ပိုပြီး ဆိုးရွားသွားအောင် သုံးသပ်တင်ပြ ဦးတည်တင်ပြတာတွေပဲ လုပ်ဆောင်တာမျိုး ဖြစ်ပါတယ်”

“အရေးကြီးတဲ့ သုံးသပ်ချက်ကတော့ လက်နက်စွဲကိုင်ပြီး ပဋိပက္ခဖြစ်အောင် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ ဒီအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေဟာ စစ်ဘုရင်ဝါဒ လိုမျိုး ဖြစ်မှာ မဟုတ်ဘူး။ ဓားပြ ဆန်ဆန် အဖွဲ့အစည်းမျိုးတွေ ဖြစ်မလာနိုင်ဘူး။ တစ်စုတစ်စည်းတည်း ရှိတယ်ဆိုတဲ့ ဟာမျိုးနဲ့ ပဋိပက္ခကြီးထွားလာ​အောင် မီးထိုးပေးတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါက ဘာလဲဆိုတော့ မြန်မာနိုင်ငံအရေးကို ပေါ်ပေါ်တင်တင် ဝင်ရောက် စွက်ဖက်နှောင့်ယှက်တာလည်း ဖြစ်ပါတယ်။ လုပ်လည်းလုပ်နေတာဖြစ်ပါတယ်။ ထပ်ပြီးတော့မှ လုပ်လာနိုင်တဲ့ အရိပ်အယောင်မျိုးကို ပြသခြင်းဖြစ်ပါတယ်။ အနောက်နိုင်ငံများနဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းများ အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လာပြီး ပိုပြီးတော့ ဝင်ရောက်စွက်ဖက် နှောင့်ယှက်မယ့် အရိပ်အယောင်နဲ့ ပြသခြင်း ဖြစ်ပါတယ်[2]

ဗိုလ်ချုပ်ဇော်မင်းထွန်း
နိုဝင်ဘာ ၂၈၊ ၂၀၂၃ တွင် ပြောကြားချက်

ထို့ကြောင့် နိုင်ငံသူ နိုင်ငံသားအားလုံးနှင့် အိမ်နီးချင်းနိုင်ငံများက သတိထားစောင့်ကြည့်ရန် ၎င်းက တိုက်တွန်းသည်။ တပ်မတော်သည်သာ မြန်မာ့နိုင်ငံရေး အကွဲအပြဲကို စုစည်းပေးနိုင်သော၊ သို့တည်းမဟုတ် တိုင်းပြည်ကို ငြိမ်ဝပ်ပိပြားအောင် ထိန်းကြောင်းနိုင်သော တစ်ခုတည်းသော အင်စတီကျူးရှင်း အဖြစ် တပ်မတော်သားများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို ထင်မှတ်မှားအောင် ပြုထားသာ USIP ၏ အစီရင်ခံစာမှာ စစ်တပ်အတွက် ထိုးနက်ချက်တစ်ရပ်ဖြစ်သည်။ ထိုသို့ဖြင့် တိုင်းပြည်မငြိမ်သက်အောင် မီးထိုးပေးနေကြောင်း ပြင်းပြင်းထန်ထန် အပြစ်တင်သည်။

စစ်ကောင်စီမှာ ၂၀၂၃ နှစ်ကုန်ပိုင်းအတွင်း တရုတ် တစ်လှည့်၊ အမေရိကန်တစ်လှည့် လှည့်ပတ်အပြစ်ရှာရင်း ဗျာများနေလျက်ရှိသည်။ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့၏ စစ်မီးသည် ရခိုင်၊ ကရင်နီတို့တွင် ကူးသွားသည်။ မကြုံစဖူး အရှုံးပတ်လည်ဝိုင်းပြီးနောက် တရားခံ ပတ်ရှာနေရသည်။

ငါမှ တပါး အားလုံး တရားခံ

ထိုမျှ မကပါ။ ပြည်တွင်းတွင်လည်း စစ်ခေါင်းဆောင်သည် ငါမှ တပါး အားလုံး တရားခံဇာတ်ခင်းလျက်ရှိသည်။ နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အပြစ်တင်သည်။ ယင်းနောက် ရွေးကောက်ပွဲ မလုပ်နိုင်သည့်အတွက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို အပြစ်တင်သည်။

ထိုနောက် ရိုးရာအတိုင်း စီးပွားရေးလုပ်ငန်းများကို ဝိသမ လောဘသားများဟု တရားခံရှာပြန်သည်။

၂၀၂၃ နှစ် ဩဂုတ်၊ စက်တင်ဘာလများအတွင်း သိသိသာသာ တရားခံရှာခံရသူများမှာ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်သည်။ ဩဂုတ်လအတွင်း ဒေါ်လာစျေးမြင့်တက်မှု၊ စားအုန်းဆီ၊ စက်သုံးဆီစျေးများ မြင့်တက်လာမှုကို လုပ်ငန်းရှင်များကို ဝိသမ လောဘသားများဖြစ်ကြောင်း စစ်ကောင်စီက ပြစ်တင်ကြိမ်းမောင်းခဲ့သည်။ ယင်းမှာ ယခင် စစ်အာဏာရှင်များနည်းတူ တိုင်းပြည်အတွင်း စျေးနှုန်း ကမောက်ကမ ဖြစ်ပါက တရားခံရှာသည့် ဟောင်းမြင်းနေသည့် အလေ့အထလည်း ဖြစ်သည်။

“မသမာသူတွေဟာ သတင်းမှားတွေ ဖန်တီးပြီး ကုန်စျေးနှုန်းတွေ ဆွဲတင်တာ၊ စျေးကစားတာတွေ ရှိနေတဲ့အတွက် အရေးယူဖို့ လိုတယ်။ ငွေစျေးကွက်မှာလည်း ပြည်တွင်းငွေ၊ နိုင်ငံခြားငွေနဲ့ ရွှေကိုင်ထားသူတွေက စျေးကစားနေတဲ့ အတွက် ဒါကိုလည်း စနစ်တကျ ကိုင်တွယ်ဖို့လိုတယ်။ ဒါ့အပြင် ဘဏ်လုပ်ငန်းအချို့ကလည်း ရိုးဖြောင့်စွာ လုပ်ကိုင်ဆောင်ရွက်မှု မရှိတာကို တွေ့နေရပြီး၊ ဘဏ်တွေရဲ့ လုပ်ဆောင်ချက်တွေကို စနစ်တကျ စောင့်ကြည့်သုံးသပ်ပြီး လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဩဂုတ် ၂၅ စစ်ကောင်စီအစည်းအဝေးတွင် ပြောဆိုချက်

ယင်းတွင် ဘဏ်လုပ်ငန်းရှင်များ၊ ရွှေလုပ်ငန်းများ၊ စားအုန်းဆီ၊ စက်သုံးဆီ လုပ်ငန်းရှင်များ အားလုံး ပါဝင်သည်။ ထိုသို့ပြောဆိုပြီးနောက် စက်တင်ဘာလအတွင်း လုပ်ငန်းရှင် ရာချီကို ခေါ်ယူစစ်ဆေးသည်။ ခြိမ်းခြောက်သည်။ ၎င်းတို့ကတော့ ညှိနှိုင်းသည်ဟူသည့် စကားကို သုံးသည်။ အချို့မှာ ခေတ္တ ဖမ်းဆီးခံရကြောင်း အတည်မပြုနိုင်သော သတင်းများက ဆိုသည်။

နောက်ဆုံးတော့ ညောင်မြစ်တူးရင်း ပုတ်သင်ဥ ပေါ်လာသည်။ တကယ့်တရားခံမှာ နိုင်ငံခြားငွေကြေး ကိုင်တွယ်စီမံရသော ဗိုလ်ချုပ်နှစ်ဦးဖြစ်နေသည်။ ၎င်းတို့ ကိုယ်ကျိုးရှာ အကြီးအကျယ် လာဘ်ယူမှု၏ အကျိုးဆက်ကြောင့် နိုင်ငံခြား ငွေစျေးကွက်အတွင်း ကမောက်ကမ ဖြစ်သွားခဲ့သည်။ နိုင်ငံခြား ငွေကြေးကြီးကြပ်မှု ကော်မတီ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နှင့် တွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ် ရန်နောင်စိုးတို့ကို အဂတိလိုက်စားမှု၊ နိုင်ငံတော် သစ္စာဖောက်မှု၊ စစ်စည်းကမ်းဖောက်ဖျက်မှု စသည့်၊ စသည့် အမှု တစ်သီတစ်တန်းဖြင့် နှစ်ဦးစလုံးကို ထောင်ဒဏ် တစ်သက်ချလိုက်သည်။

စစ်ကောင်စီဥက္ကဋ္ဌ၏ တရားခံရှာတော်ပုံတွင် သမ္မတဟောင်း ဦးသိန်းစိန်ပါ မချန်ပါ။ ၂၀၁၁ ခုနှစ် အစိုးရသစ်တက်ပြီးနောက်ပိုင်း နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ ဆက်လည်ပတ်ရန် အားမပေးသဖြင့် ယခု ကုန်ထုတ်လုပ်ငန်းကျဆင်းရကြောင်း နိုဝင်ဘာ ၂၉ စစ်ကောင်စီ အစည်းအဝေးတွင် ပြောဆိုခဲ့သည်။ ဦးသိန်းစိန်လက်ထက် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲမှု လုပ်ခဲ့သည် အပြစ်ဖို့ခြင်းဖြစ်သည်။

ယင်းနှင့် တပါတည်း လူများ ‘အလုပ်မလုပ်’ ကြောင်းပါ အပြစ်ဖို့လိုက်သေးသည်။ ပို့ကုန်နည်းပါးခြင်းသည် မိမိတို့နိုင်ငံ၏ လိုအပ်ချက်ကြောင့် မဟုတ်ဘဲ အလုပ်မလုပ်သည့် အတွက် ဖြစ်ကြောင်း နိုဝင်ဘာ ၂၉ ရက် စစ်ကောင်စီ အစည်းအဝေးတွင် ပြစ်တင်လိုက်သေးသည်။

စစ်တပ်အတွက် တရားခံ အပြစ်ရှာ နည်းမှာ အသစ်မဟုတ်တော့ပါ။ အခု စစ်တပ်ကတော့ ငါမှ တပါး အားလုံးအပြစ်ရှိသည့်အလား ဝိုင်းကြီး ပတ်ပတ် အပြစ်ရှာလျက်ရှိသည်။

နိဂုံးမှတ်စု

“ယုံသွားတဲ့ အထိ ထပ်ခါ ထပ်ခါ လိမ်ပါ။ အဲဒါက အမှန်တရားဖြစ်လာလိမ့်မယ်”

– ဂျိုးဇက်ကိုဘယ် (နာဇီပါတီ၏ ဝါဒဖြန့်ချိရေးမှူး)

သတင်းတု သတင်းမှား ဝါဒဖြန့်မှုများကို လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော် ရောမခေတ်ကတည်းက လေ့လာနိုင်သည်။ အုပ်စိုးသူတို့မှာ အုပ်ချုပ်ခံလူတန်းစားတို့ နာခံ လိုက်နာစေရန် နည်းအမျိုးမျိုးသုံး၍ ဂျင်းထည့်လေ့ရှိသည်။ လူအများ၏ စိတ်အာရုံ၊ ယုံကြည်မှု၊ လှုပ်ရှားဆောင်ရွက်မှုတို့ကို လိုသလို ပုံဖော် ထိန်းချုပ်နိုင်ရန် အဓိက ဖြစ်သည်။ နည်းအမျိုးမျိုးသုံးသည်။ စကားလုံး ဆောင်ပုဒ်များ၊ ကိုယ်နေဟန်ပန် အမူအရာများ၊ အလံ တံခွန်များ၊ အထိန်းအမှတ်ကျောက်တိုင်များ၊ သီချင်း ရုပ်ရှင်များ၊ အဝတ်အစား ဒီဇိုင်းများ၊ ဒင်္ဂါးများမှ အစ ဆံပင်ဒီဇိုင်းတို့ အထိ အမျိုးမျိုးသော ပလက်ဖောင်းများကို သုံး၍ ဝါဒဖြန့်သည်။

မြန်မာသမိုင်းစဉ် တစ်လျှောက်တွင်လည်း အုပ်စိုးသူ ဘုရင်လူတန်းစားတို့က သီချင်း၊ ကဗျာ အလင်္ကာ တို့ သုံးကာ အများပြည်သူကို ဦးနှောက်ဆေးခဲ့သည်။ ယနေ့ခေတ်တွင် ရုပ်ရှင်ကဲ့သို့သော ကိရိယာမှာ လူထု၏ နှလုံးသားကို ထိမိဖမ်းစားနိုင်ရာ ဂျင်းထည့်ရန် အကောင်းဆုံး လက်နက်ဖြစ်သည်။ စစ်တပ်ကို မြန်မာနိုင်ငံ၏ အမျိုးဘာသာ သာသနာ ကို စောင့်ရှောက်သော၊ ကြီးမြတ်သည့် အသင်းအပင်းအဖွဲ့တစ်ရပ်အဖြစ် နှစ်ပေါင်းများစွာ ပုံဖော်ပြီး လူထုကို စစ်ကျွန်ဇာတ်  သွင်းခဲ့သည်။ ယခုအခါ လူထုအလိုအတိုင်း ရွေးကောက်ပွဲဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ် တင်ပေးသော စစ်တပ်အဖြစ် ထပ်မံ ပုံဖော်သည်။ ထိုသို့ဖြင့် အခွင့်ထူးခံလူတန်းစား တစ်ရပ်ရပ်က တိုင်းပြည်ကို လိုသလို ခြယ်လှယ်နိုင်အောင် ဖန်တီးသည်။ အုပ်စိုးသူယန္တရား တို့ကို ဂုဏ်တင်သော၊ ကိုယ့်အုပ်စုအမျိုးအနွယ်ကို ဂုဏ်တင်သော၊ အခြားမျိုးနွယ်အုပ်စုများကို နိမ်ချ အမှန်းပွား အကြောက်တရားသွင်းသော ဇာတ်ကြောင်းပေါင်းများစွာ ဖန်တီးဖြန့်ချိသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဝါဒဖြန့်ချိမှုကို လေ့လာရာတွင် ထုံးစံအတိုင်း မျိုးချစ်စိတ်ကို တစ်လွဲသုံးသည်။ စစ်တပ်မရှိပါက တိုင်းပြည်ပြိုကွဲသွားနိုင်အောင် ဇာတ်ကြောင်းကို ထပ်ပြောသည်။ ထိုနောက် အာဏာကို လိုသလို ဆက်ကိုင်နိုင်ရန် ရွေးကောက်ပွဲ ဖဲချပ်ကို ထုတ်သုံးသည်။ ယင်းအပြင် အခြားသူများကို ပတ်ရမ်း အပြစ်ဖို့သည်။ ထိုသို့ဖြင့် မျိုးချစ်စိတ်-စစ်တပ်(အာမီ)-ရွေးကောက်ပွဲ (ပါတီ)-အပြစ်ဖို့ ဝင်ရိုးကို အသုံးပြုကြောင်း ထင်ရှားစွာတွေ့နိုင်သည်။

ယင်း ဇာတ်ကြောင်းများကို ထပ်ခါထပ် ပြောခြင်းဖြင့် လူထုမှာ ယုံမှတ်မှားလာသည်။ အမှန်ဟု ထင်လာသည်။

ထိုသို့သော ဂျင်းများကို ဆင်ခြင်ချိန်တန်ပြီဖြစ်သည်။ အကြောက်တရား အမှောင်ထုကို ဖြိုချိန်တန်ပြီဖြစ်သည်။ စစ်ဝါဒဖြန့်မှိုင်းများကို ဆေးကြောချိန်တန်ပြီဖြစ်သည်။ စစ်ဝါဒမှိုင်း အလွန်တွင် ကြည်လင်တောက်ပသော အနာဂတ်က စောင့်နေသည်။

◀︎◀︎ စစ်အာဏာရှင်ရဲ့ ‘သေနတ် တစ်ဖက်၊ မိုက်ခွက် တစ်ဖက်’ (အပိုင်း ၂)

◼︎ တီမို

References –

[1] We shouldn’t fear a resistance victory in Myanmar. United States Institute of Peace. (2023, November 16). https://www.usip.org/publications/2023/11/we-shouldnt-fear-resistance-victory-myanmar

[2] https://www.moi.gov.mm/news/48147

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .