ယခုဆောင်းပါးမှာ မြန်မာ စစ်အာဏာရှင်တို့ သမိုင်းတစ်လျှောက် ပြည်သူလူထုကို ဦးနှောက်ဆေး လှည့်ဖျားရန် မည်သည့်နည်းများ အသုံးပြုခဲ့သည်ကို သုတေသနပြု ထုတ်ဝေထားသော ဝင်္ကန္တ မုသား သို့မဟုတ် မြန်မာ စစ်အာဏာရှင်၏ ဝါဒဖြန့်ဖဲချပ်များ စာတမ်းမှ ထုတ်နုတ်တင်ဆက်ခြင်း ဖြစ်ပါသည်။ တီမိုပြုစုတင်ပြသည့် ယင်းသုတသန စာတမ်းကို ၂၀၂၃ ခုနှစ်တွင် The Red Flag အဖွဲ့က ထုတ်ဝေခဲ့ခြင်းဖြစ်သည်။
“စကားလုံးတွေ သုံးတာလည်း ကောင်းပါတယ်။ ဒါပေမဲ့ လက်နက်ကိုင် စစ်သားတွေက ပိုကောင်းတယ်လေ”
မူဆိုလီနီ
အီတလီ အာဏာရှင်
အာဏာရှင်တို့မှာ ‘သေနတ် တစ်ဖက်၊ မိုက်ခွက် တစ်ဖက်’ ကိုင်ထားရသည်။ တစ်ဖက်က လိမ်လည်လှည့်ဖျားသည်၊ အခြားတစ်ဖက်က လက်နက်ကိုင် အကြမ်းဖက်သည်။ လောကကြီးအကြောင်း ၎င်းတို့ မြင်စေချင်သလို လူထုက မြင်လာအောင်၊ ယုံကြည်လာအောင် လှည့်စားသည်။ ထိုနည်းဖြင့် အာဏာရှင်တို့က ပရိသတ်၏ ယုံကြည်မှုကို လွှမ်းမိုးသည်။ အချို့သော အာဏာရှင်တို့မှာ ဝါဒဖြန့်ချိရေးဂုရုများပင်ဖြစ်လာသည်။
၎င်းတို့ ခေါင်းဆောင်၊ ခေါင်းဆောင်မှုမှာ စွမ်းသာပါကြောင်း ပေးသမျှ သတင်းစကား အားလုံးသည် ဝါဒဖြန့်ချိရေးတွင် အကျုံးဝင်သည်။ အစိုးရ ထုတ်လွှင့်ချက်များ၊ အုပ်စိုးသူ အာဏာရှင်တို့ကို ထောက်ခံအားပေးသော အွန်လိုင်းမီဒီယာများ၊ လွတ်လပ်သော မီဒီယာများတွင် သတင်းထုတ်လွှင့်ချက်များ ပါရှိရန် လာဘ်ထိုးခြင်း၊ အခြားနည်းဖြင့် စီစဉ်ခြင်းများ၊ အာဏာရှင် အလိုကျ မှတ်ချက်ပေး ရေးသားကြမည့် အွန်လိုင်းလော်ဘီများ စသည့် နည်းအမျိုးမျိုးဖြစ်နိုင်သည်[1]။
တရုတ် ပြား ၅၀ ပါတီ
တရုတ်နိုင်ငံတွင် ပြားငါးဆယ်ပါတီ (50 Cent Party) ဟူသော အဖွဲ့တစ်ခုရှိသည်။ အဖွဲ့ဝင်များကို တရုတ်အစိုးရနှင့် ကွန်မြူနစ်ပါတီကို လော်ဘီလုပ်ပေးသော မှတ်ချက်များ၊ ဆောင်းပါးများ တရုတ်ဆိုရှယ်မီဒီယာများပေါ်တွင် ရေးသားရသည်။ မှတ်ချက်တစ်ခုကို တရုတ်ငွေပြားငါးဆယ် (မြန်မာငွေ ၂၅၀ ကျပ်ဝန်းကျင်) ရရှိသည်။ ထိုကြောင့် ၎င်းတို့ကို ပြား ၅၀ ပါတီဟု ခေါ်သည်။ ယင်းကို အင်တာနက် ခေတ်ဦး အတော် အစောပိုင်း ၂၀၀၄ ခုနှစ်ခန့်ကတည်းက စတင်ခဲ့သည်။
လေ့လာမှု တစ်ခုအရ တရုတ်အစိုးရသည် တစ်နှစ်လျှင် လုပ်ကြံဖန်တီး တင်ဆက်သည့် ဇာတ်ကြောင်းနှင့် မှတ်ချက်ပေါင်း ၄၈၈ သန်းခန့် လူမှုကွန်ရက်စာမျက်နှာများပေါ် နှစ်စဉ် တင်ဆက်လျက်ရှိသည်။ သို့သော် ထိုသို့ မှတ်ချက်ပြုရေးသားသော ပြား ၅၀ ပါတီဝင်အများစုမှာ လခစား အစိုးရဝန်ထမ်းများဖြစ်သည်[2]။ အဓိက ရည်မှန်းချက်မှာ လူထုကို အာရုံပြောင်းရန် နှင့် ဆွေးနွေးစကားလမ်းကြောင်း လွှဲရန် ဖြစ်သည်။ မှတ်ချက်ပြုရေးသားသော အကြောင်းအရာ ၈၀ ရာခိုင်နှုန်းမှာ တရုတ်ကို ကောင်းကြောင်း ချီးမွန်းခန်း ဆောင်ပုဒ်များအကြောင်းဖြစ်သည်။ ၁၃ ရာခိုင်နှုန်းမှာ ယေဘုယျချီးမြှောက်မှုများနှင့် အစိုးရမူဝါဒအပေါ် အကြံပြုချက်များ ဖြစ်သည်။ ယင်းသို့ ပြား ၅၀ အဖွဲ့ဝင်များမှာ ငွေကြေးရရှိကြောင်း စွပ်စွဲမှုများရှိသော်လည်း သူတို့ကို ထိုသို့ ငွေပေးကြောင်း သက်သေမရှိဟု အချို့ကလည်း ဆိုကြသည်။ သူတို့ ကိုယ်၌ကပင်လျှင် ကွန်မြူနစ် ပါတီဝင်ဖြစ်သည့် အလျှောက် ပါတီတာဝန်ကို ထမ်းဆောင်ခြင်းဟု ဆိုကြသည်။
တရုတ် ယဉ်ကျေးမှု ဝန်ကြီးဌာနက ပြား ၅၀ စားများကို သင်တန်းပေးပြီး လက်မှတ်ထုတ်ပေးလေ့ရှိသည်။ ၂၀၀၈ ခုနှစ် စာရင်းအရ ပြား ၅၀ စား သုံးသိန်းဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားသည်။
ယင်းမှာ အစိုးရတစ်ရပ်ရပ်က ဦးစီး၍ အများပြည်သူ၏ ထင်မြင်ယူဆချက်များကို လမ်းကြောင်းလွဲသွားစေရန် ပုံသွင်းသည့် နမူနာ တစ်ခု ဖြစ်သည်။
အချို့နိုင်ငံများက မီဒီယာများကို ဆင်ဆာတည်းဖြတ်သည့် ရှေးရိုးနည်း စနစ်ကို ကျင့်သုံးသည်။ အင်တာနက် စာမျက်နှာများကို ပိတ်ပင်သည်။ အစိုးရ ဆန့်ကျင်သူများ၏ အင်တာနက်စာမျက်နှာများကို ဝင်ရောက်ထိုးဖောက်သူများကို ငှားရမ်းသည်။ လွတ်လပ်သော မီဒီယာတိုက်များမှ ဂျာနယ်လစ်များနှင့် ပိုင်ရှင်များကို လာဘ်ပေးခြင်း၊ ခြိမ်းခြောက်ခြင်းတို့ဖြင့် ၎င်းတို့ လိုချင်သော သတင်းအကြောင်းအရာများကိုသာ တင်ဆက်ရန် ပြုမူသည်။ လက်မခံပါက ဖမ်းဆီးထောင်ချသည်။ ယင်းတို့ အသုံးချရန် ငွေကြေးကို ပြည်သူ့ဘဏ္ဍာငွေသုံးသည်။ ပီရူးတွင် အာဏာရှင် ဖူဂျီမိုရီ လက်ထက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၃၆ သန်းသုံးကာ အဓိက ရုပ်သံလိုင်းများတွင် သူတို့ လိုချင်သည့် အကြောင်းအရာများ ထုတ်လွှင့်အောင် လုပ်ဆောင်ခဲ့သည်။
အာဏာရှင်အစိုးရများက ထိုသို့ လုပ်ဆောင်ရာတွင်လည်း ကိစ္စအချို့ရှိသည်။ ဘယ်ရွေ့ဘယ်မျှသော သတင်းအချက်အလက်များကို ပြည်သူများထံ ပျံ့နှံ့ရောက်ရှိရန် လုပ်ဆောင်မည်၊ သူတို့ ပို့လိုက်သည့် သတင်းစကား ဇာတ်ကြောင်းကို ပြည်သူတို့က မည်မျှ ယုံကြည်မည် ဆိုသည့် ကိစ္စများရှိသည်။ တင်းလွန်းလျှင် ပြတ်ဖြစ်တတ်သည်။ မီဒီယာ ဆင်ဆာလုပ်လွန်းပါကလည်း အများပြည်သူမှာ ဆင်ဆာလုပ်ထားမှန်းသိရာ ထိုသတင်းဇာတ်ကြောင်းများမှာ သူတို့အတွက် စိတ်ဝင်စားစရာ မကောင်းတော့ပါ။ နားမထောင်တော့ပါ။ ထိုအခါ အာဏာရှင် အစိုးရတို့က လူထု၏ အမြင်များကို စည်းရုံး ပုံသွင်းရန် ခက်သွားတော့သည်။ အခြားတစ်ဖက်တွင်လည်း ဆင်ဆာ လျှော့ပေါ့လွန်းပါက အခြား ဆန့်ကျင်ဘက် ဇာတ်ကြောင်းများကို ပြည်သူများ နားပိုဝင်သွားပြီး ကိုယ့်ကို တန်ပြန် ခြိမ်းခြောက်လာနိုင်သည်။ ယင်းတို့မှာ ပိုတင်းကျပ်သော အာဏာရှင် အစိုးရများတွင် ကြုံရလေ့ရှိသည်[3]။
အာဏာရှင်တို့အတွက် လူထုကို လိမ်လည်လှည့်ဖျားရသည်မှာ လွယ်သည့် အလုပ်တော့ မဟုတ်ပါ။ အမြဲတစ်စေ ရှေ့နောက် ဆင်ခြင်ရမြဲဖြစ်သည်။
ကြောက်ခြင်းနှင့် ချစ်ခြင်း
အာဏာရှင်တို့မှာ သူတို့ကို ချစ်လည်း ချစ်စေလိုသည်၊ ကြောက်လည်း ကြောက်စေလိုသည်၊ ရိုသေသမှုလည်း ပြုစေလိုသည်။ ယင်းမှာ ထုံးစံပင်။
“အချစ်ခံရတာထက် အကြောက်ခံရတာ ပိုဘေးကင်းပါတယ်။ ဒါပေမဲ့ အမုန်းမခံရအောင် လုပ်နိုင်ဖို့တော့လိုတယ်[4]”
၁၅ ရာစုဝန်းကျင်က ဖရောရင့်နိုင်ငံတော် (ယနေ့ အီတလီ) အကြီးအကဲ ရောရင်ဇိုကို အကြံပေးချက်ဖြစ်သည်။
လူတို့တွင် စိတ်ခံစားမှုရှိသည်။ ယင်းစိတ်ခံစားမှုကပင် စီးပွားရေး၊ နိုင်ငံရေး အပြုအမူများကို ပြောင်းစေသည်။ ချစ်ခြင်း၊ မုန်းခြင်း၊ ကြောက်ခြင်း၊ စိုးရိမ်ခြင်းတို့က လူတို့၏ ဆုံးဖြတ်ချက်များကို ပြောင်းစေသည်။ ထိုသို့ဖြင့် အာဏာရှင်တို့မှာ လူထု၏ စိတ်ခံစားမှုများကို ခြယ်လှယ်ရန် ကြိုးပမ်းတော့သည်။ မည်သူမဆို အချစ်ခံချင်ပါသော်လည်း အထက်ပါ အကြံပြုစကားကဲ့သို့ပင် အာဏာရှင်တို့မှာ လူထုကြောက်အောင် လုပ်ရန် သာ၍ အရေးကြီးသည်ဟု ယူဆသည်။ အငတ်ခံရမည်ကို ကြောက်စေသည်။ ဖမ်းဆီးခံရမည်ကို ကြောက်စေသည်၊ အသတ်ခံရမည်ကို ကြောက်စေသည်၊ အနာဂတ်စိုးပျောက်မှာကို ကြောက်စေသည်။
ကနဦးကတော့ အာဏာရှင်တို့မှာ သူတို့ကို ထောက်ခံသူပွားလာအောင် ကြိုးပမ်းကြသည်။ သို့သော် ဆန့်ကျင်မှုများသာ တိုးလာသော အခါ ‘မုန်းချင်မုန်းပါစေ ကြောက်သွားဖို့သာ အရေးကြီး’ ဟု တွေးဆကာ ဖိနှိပ်မှုကိုသာ ရွေးချယ်တော့သည်။ ဖိနှိပ်မှုကို ကျင့်သုံးသော အာဏာရှင်တို့မှာ (တိုင်းပြည် အုပ်စိုးရေး) စွမ်းဆောင်ရည် ညံ့ဖျင်းသူတွေ၊ လူကြိုက်မများသော အုပ်စိုးသူတွေသာ ဖြစ်လေ့ရှိသည်။ တိုင်းသူပြည်သားတို့မှာ ‘မည်သည့် အရာမျှ ဆုံးရှုံးစရာ မရှိ’ ဟု သေချာလာသော အခါ အာဏာရှင်ကို ခုခံတော်လှန်ဖို့ မကြောက်တော့ကြောင်း နိုင်ငံရေး သိပ္ပံ သီဝရီများက ပြဆိုနေသည်[5]။
တရားခံရှာ အပြစ်ဖို့ခြင်း
တရားခံရှာ အပြစ်ဖို့ခြင်း ဆိုသည်မှာ သုံးနေကျ နိုင်ငံရေးဗျူဟာ တစ်မျိုးဖြစ်သည်။ မိမိတို့၏ မအောင်မြင်မှု၊ ကျရှုံးမှုများကို လမ်းကြောင်းလွှဲရန် အခြားသူများ အပြစ်ရှာလက်ညှိုးထိုးခြင်း ဖြစ်သည်[6]။
တိုင်းပြည်တစ်ခုကို လိုသလိုခြယ်လှယ်နိုင်ရန် အာဏာရှင် သို့မဟုတ် အာဏာရှင်လောင်းတို့အတွက် လူနည်းစု အပြစ်သားတွေ လိုအပ်သည်။ တရားခံများ လိုအပ်သည်။ ၎င်းတို့၏ အားနည်းချက်များကို ဖုံးဖိရန် သော်လည်းကောင်း၊ အုပ်စိုးနယ်အတွင်း လူထု ဆင်းရဲကျပ်တည်းခြင်း၊ တည်ငြိမ်အေးချမ်းမှု မရှိခြင်းမှာ ၎င်းတို့ စီမံခန့်ခွဲမှု ညံ့ဖျင်းရခြင်းကြောင့် မဟုတ်ဘဲ အစုအဖွဲ့တစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးဦး၏ အပြစ်ကြောင့်ဖြစ်ကြောင်း တရားခံရှာသည်။ ဆိုဗီယက် ရုရှားခေတ်တွင် ဘူဇွာ လူတန်းစားများမှာ တိုင်းပြည် ဒုက္ခတွေ့ခြင်း၏ တရားခံများဖြစ်သည်။ နာဇီ ဂျာမနီတို့ အတွက်မူ ဂျူးတို့မှာ တရားခံများ ဖြစ်သည်။ အမေရိကန်တွင်မူ စီးပွားရေးသမားများ ဖြစ်သည်[7]။
မွတ်ဆလင်လူနည်းစုတို့မှာ အမြဲတရားခံရှာခံရလေ့ရှိသော လူအုပ်စု ဖြစ်သည်။ အစ္စလာမ်မှုပြုနေပြီဖြစ်ကြောင်း ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတွင် လက်ယာစွန်းဝါဒီများက တွင်တွင်ကျယ်ကျယ် သတိပေးပြီး ရွှေ့ပြောင်းနေထိုင်သူများ၊ ဒုက္ခသည်များ၊ မွတ်စလင်နိုင်ငံများမှ ခရီးသွားများကို ကန့်သတ်ရန် လှုံ့ဆော်သည်။ ထိုလှုံ့ဆော်မှုကို တားမြစ်သူများသည် တိုင်းပြည် အမျိုးသားရေး လက္ခဏာကို ဖျက်ဆီးသူများ၊ တိုင်းပြည် ဒုက္ခဘေးတွန်းပို့သူများ အဖြစ် အပြစ်ဖို့ တရားခံရှာသည်။
အချို့သော အစိုးရ၊ အုပ်စိုးသူများမှာ အစုအဖွဲ့၊ လူနည်းစု တစ်ခုခုထက် လူပုဂ္ဂိုလ်တစ်ဦးချင်းကို တရားခံရှာလေ့ရှိသည်။ ၎င်းတို့၏ အတိုက်အခံများနှင့် ပလဲနံပသင့်ပြီး ထောက်ပံ့နေကြောင်း၊ တိုင်းပြည်ကို မတည်မငြိမ်ဖြစ်အောင် ကြံဆောင်နေသူများဖြစ်ကြောင်း လုပ်ကြံဇာတ်ခင်းသည်။ ဟန်ဂေရီနွယ်ဖွား ဒါနရှင် ဂျော့ချ်ဆိုးရော့စ်မှာ ထိုသို့ မကြာခဏ လုပ်ကြံဇာတ်ခင်းခံရသူတစ်ဦး ဖြစ်သည်။ အရပ်ဘက်အဖွဲ့အစည်းများနှင့် မီဒီယာများမှ ကိုယ်ကျိုးရှာသူများနှင့် သစ္စာဖောက်များနှင့် ပူးတွဲကာ ပြည်ဖျက်ရန် ကြံသူဖြစ်ကြောင်း စွပ်စွဲသည်။ အကျင့်ပျက်ချစားမှု တစ်ရပ်တွင် ဆိုးရော့စ်၊ ဗြိတိန်ထောက်လှမ်းရေး၊ အမေရိကန် လော်ဘီနှင့် အမေရိကန်ပြည်ထောင်စု တို့ပူးပေါင်းပါဝင်ကြောင်း အဇာဘိုင်ဂျန်အစိုးရက တံဆိပ်ကပ်ထားသည်[8]။
တရားခံရှာ အပြစ်ဖို့ခြင်းကြောင့် ဒီမိုကရက်တစ်အခြေခံများကို အားလျော့စေသည်။ တရားခံရှာ အပြစ်ဖို့ပြီးနောက် ယင်းအပြစ်ဖို့ ခံရသည့် အုပ်စုကို ဖိနှိပ်တော့မည်ဆိုသည်ကို သမိုင်းစဉ်တစ်လျှောက် တွေ့ကြုံခဲ့ပြီးဖြစ်သည်။ အပြစ်ရှိသူများအဖြစ် ကြိုတင်တံဆိပ်ကပ်သည်၊ ယင်းနောက် အပြစ်ရှိသဖြင့် အပြစ်ပေးရခြင်းဟု ပုံသွင်းကာ ဖိနှိပ်ရေး ယန္တရားကို စလည်တော့သည်။
(အပိုင်း ၂ ကို ဆက်လက်ဖော်ပြပါမည်)
▶︎▶︎ စစ်အာဏာရှင်ရဲ့ ‘သေနတ် တစ်ဖက်၊ မိုက်ခွက် တစ်ဖက်’ (အပိုင်း ၂)
◼︎တီမို
References –
[1] Guriev, S., & Treisman, D. (2015, May 4). How modern dictators survive: An informational theory of the new authoritarianism. SSRN. https://papers.ssrn.com/sol3/papers.cfm?abstract_id=2602118
[2]How the Chinese government fabricates social media posts … (n.d.-b). https://gking.harvard.edu/files/gking/files/how_the_chinese_government_fabricates_social_media_posts_for_strategic_distraction_not_engaged_argument.pdf
[3] Márquez, X. (2023). Non-democratic politics: Authoritarianism, dictatorship, and democratization. Bloomsbury Academic.
[4] ‘Much safer to be feared than loved, when, of the two, either must be dispensed with’
[5] Aldama, A., Vásquez-Cortés, M., & Young, L. E. (2018). Fear and citizen coordination against dictatorship. Journal of Theoretical Politics, 31(1), 103–125. https://doi.org/10.1177/0951629818809425
[6] The politics of blame. Euro Crisis in the Press. (2013, October 20). https://blogs.lse.ac.uk/eurocrisispress/2013/03/22/the-politics-of-blame/
[7] Rand, A. (2009, January 1). The scapegoat. Le Monde diplomatique. https://mondediplo.com/2009/01/21scapegoat
[8] To find an authoritarian, just follow the scapegoat. Freedom House. (n.d.). https://freedomhouse.org/article/find-authoritarian-just-follow-scapegoat