ထားဝယ်မြို့မှာ အောက်တိုဘာလ ၅ရက်နဲ့ ၆ရက်တွေမှာ ထားဝယ်ရိုးရာ သပိတ်မျှောပွဲ ကျင်းပခဲ့ပါတယ်။
အဲဒီ သပိတ်မျှောပွဲကို နှောင့်ယှက်ဖို့ PDF တွေက ထားဝယ်မြစ်ထဲ ရေလယ်ကျွန်းနဲ့ မြို့ပေါ်က ငါးစျေးတွေကနေ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကော်မရှင် ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တစ်ခုက ဖြန့်ချိခဲ့ပါတယ်။
အဲဒီအကြောင်းအရာကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စစ်ဆေးကြည့်ရာ မြေပြင်အခြေအနေတွေနဲ့ ကွဲလွဲနေတာကို တွေ့ရပါတယ်။
Suscriber တစ်သိန်းကိုးသောင်းနီးပါးရှိတဲ့ Kyaw Swar အမည် တယ်လီဂရမ် ချန်နယ်က အောက်တိုဘာလ ၅ရက်မှာ ဖြန့်ချိခဲ့တာပါ။ အဲဒီဖြန့်ချိမှုကို မြင်တွေ့သူ နှစ်သောင်းခြောက်ထောင်ကျော်၊ Reaction ပြုလုပ်သူ ခုနစ်ရာနီးပါး၊ မှတ်ချက် ပြုသူ ကိုးဆယ်နီးပါးနဲ့ ဆက်လက်ပျံ့နှံ့နေတာကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
ထားဝယ်မှာ သပိတ်မျှောပွဲ
ထားဝယ်မြို့ မှာ အောက်တိုဘာလ ၅ရက် ညနဲ့ ၆ ရက် မနက်တွေမှာ သပိတ်မျှောပွဲကို ကျင်းပခဲ့ပါတယ်။
သပိတ်မျှောပွဲကို လျောလျောရှူရှူပဲ ကျင်းပပြီးစီးခဲ့တယ်လို့ မြို့ခံတွေက Dawei Watch ကို ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေကလို သပိတ်မျှောပွဲ ကျင်းပမယ့်နေရာမှာ ပေါက်ကွဲတာမျိုး မရှိဘူးလို့လည်း ပါဝင်ဆင်နွှဲသူတွေက ပြောပါတယ်။
အဲဒါကြောင့် ယခင်နှစ်တွေကထက် ပိုစည်းကားခဲ့တယ်လို့ ဆိုပါတယ်။ ထားဝယ်သပိတ်မျှောပွဲကို ကျင်းပတာကို Dawei Watch က အောက်တိုဘာလ ၆ ရက်မှာ ဓာတ်ပုံသတင်း ဖော်ပြထားပါတယ်။
ဝန်ကြီးအိမ်ရာကို ဒရုန်းနဲ့ ဗုံးချ
သပိတ်မျှောပွဲ မကျင်းပခင် သုံးနာရီလောက်အလို အောက်တိုဘာလ ၅ရက် ညနေ ၃နာရီခွဲလောက်မှာတော့ တော်လှန်ရေး တပ်ဖွဲ့တစ်ခုက တနင်္သာရီတိုင်း စစ်အစိုးရဝန်ကြီးများအိမ်ရာကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
ထားဝယ်မြို့၊ မြို့သစ်ရပ်ကွက်မှာရှိတဲ့ ဝန်ကြီးအိမ်ရာနဲ့ သပိတ်မျှောပွဲ ကျင်းပတဲ့နေရာကြားမှာ ဆန်းချီမြို့သစ် ရပ်ကွက်တစ်ခုခြားပါတယ်။
ဝန်ကြီးများအိမ်ရာကို တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူကတော့ စစ်ကော်မရှင်က အကောင်အထည် ဖော်နေတဲ့ ရွေးကောက်ပွဲအတွက် သတိပေးနေတဲ့အနေနဲ့ ပြုလုပ်တာဖြစ်ပြီး သပိတ်မျှောပွဲကို နှောင့်ယှက်တာ မဟုတ်သလို အဲဒီလုပ်ဖို့လည်း ဆန္ဒမရှိဘူးလို့ ပြောပါတယ်။
“ဘာသာရေးပွဲတော်ကို အနှောင့်အယှက်ပေးတာ မဟုတ်ပါဘူး။ အဓိက ပစ်မှတ်က ဝန်ကြီးအိမ်ရာပါ။ မအလ ဒေါက်တိုင် တွေ၊ (စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ) နေတဲ့နေရာတွေကို ရွေးချယ်ပြီးလုပ်တာပါ။ စစ်ရေး ပစ်မှတ်ပါ။ ကျွန်တော်တို့ တိုက်နေတာ စစ်အာဏာရှင်ဖြစ်တဲ့အတွက် စစ်ရေးပစ်မှတ်ကို အဓိကထားလုပ်ပါတယ်။ အရပ်သား ပစ်မှတ် ကို လုပ်ဖို့ ဘယ်တော့မှ အစီအစဉ်မရှိသလို ဘာသာရေး၊ လူမှုရေးပွဲတွေကို တိုက်ခိုက်ဖို့ အစီအစဥ် မရှိပါဘူး” လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။
ဝန်ကြီးများအိမ်ရာအနီး နေထိုင်သူတွေရဲ့ ပြောပြချက်အရ ပေါက်ကွဲသံကို မကြားခဲ့ရပေမယ့် ပေါက်ကွဲမှုကြောင့် စစ်ဆေး တယ်ဆိုပြီး လမ်းသွားလမ်းလာတွေကိုတော့ အစစ်အဆေးတင်းကျပ်ခဲ့တယ်လို့ သိရပါတယ်။
သပိတ်မျှောပွဲ ကျင်းပမယ့်နေရာအနီး ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်းမှာတော့ ပေါက်ကွဲသံ မကြားခဲ့ရဘူးလို့ သပိတ်မျှောပွဲကျင်းပတဲ့နေရာမှာ အောက်တိုဘာလ ၅ရက်က တစ်ရက်လုံးနီးပါးရှိနေတဲ့ ပရဟိတသမားတစ်ဦးနဲ့ ကြက်စားပြင် ရပ်ကွက်နေသူတွေက ပြောပါတယ်။
“ကျွန်တော်တို့ တစ်နေ့လုံးရှိနေတာပဲ၊ ဘာမှ ပေါက်ကွဲတာ၊ ပစ်ခတ်သံကြားရတာမျိုးတော့ မရှိဘူး။ သပိတ်မျှောပွဲလည်း အေးအေးဆေးဆေး စည်စည်ကားကားပဲ ပြီးသွားတာပဲ” လို့ အထက်ပါ ပရဟိတသမားက ပြောဆိုပါတယ်။
ထားဝယ်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ ပကဖ တပ်ဖွဲ့တွေနဲ့ PDF တပ်ရင်းတွေကို စုစည်းထားတဲ့ ထားဝယ်ခရိုင် တပ်ပေါင်းစု မဟာမိတ်ဆက်ဆံရေးတာဝန်ခံကတော့ စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်ရဲ့ ရေးသားဖြန့်ချိမှုဟာ တော်လှန်ရေးအဖွဲ့တွေကို သိက္ခာကျအောင်လုပ်တာလို့ ဆိုပါတယ်။
“ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ (သပိတ်မျှောပွဲ) ကို သွားရောက်ပစ်ခတ်တာမျိုး မရှိပါဘူး။ စကစ ဘက်က တော်လှန်ရေးဘက်ကို သိက္ခာကျအောင် သက်သက်ဝါဒဖြန့်တဲ့ ပုံစံတစ်ခုပါပဲ။ ကိုယ့်ပြည်သူလူထုပဲလေ၊ ဘာဖြစ်လို့ သွားပစ်ခတ်မှာတုန်း။ ဒါက တော်လှန်ရေးတပ်ဖွဲ့တွေက သီးသန့် အပုပ်ချဝါဒဖြန့်တာပါပဲ” လို့ ပြောပါတယ်။
ဒါ့အပြင် သပိတ်မျှောပွဲကျင်းပမယ့်နေရာ ထားဝယ်မြစ်ကမ်းရဲ့ တစ်ဖက်တစ်ချက်စီ ဖြစ်တဲ့ ထားဝယ်မြို့နဲ့ လောင်းလုံးမြို့နယ်က ကျေးရွာတွေမှာ စစ်အာဏာရှင်တပ်သားတွေ နေရာယူထားသလို ရေထဲမှာလည်း လှေနဲ့ ကင်းလှည့် နေတာကြောင့် လာရောက်တိုက်ခိုက်ဖို့ မလွယ်ကူတဲ့ အခြေအနေဖြစ်တယ်လို့ လောင်းလုံဒေသခံတွေက ဆိုပါတယ် ။
“လောင်းလုံး မင်းရပ်ကူးတို့အထိ ကားနဲ့ဆင်းပြီး စစ်သားတွေနေရာယူထားတယ်။ ဟိုဘက်ကမ်းမှာလည်း နေရာ ယူထားတယ်။ လှေနဲ့လည်း ကင်းလှည့်နေသေးတယ်။ ဘယ်လိုလုပ်ပြီး လာပစ်လို့ရမှာလဲ။ မနေ့က တစ်နေ့လုံးလည်း ဘာပစ်ခတ်သံမှ မကြားရဘူး။ ကနေခုန်နေတာပဲကြားရတယ်။” လို့ ထားဝယ်မြစ် တစ်ဖက်ကမ်းက ကျေးရွာ တစ်ခုက လောင်းလုံး ဒေသခံတစ်ဦးက ပြောပါတယ်။
စိစစ်တွေ့ရှိချက်
အောက်တိုဘာလ ၅ရက် ညပိုင်း ထားဝယ်သပိတ်မျှောပွဲကျင်းပချိန် ပွဲကျင်းပတဲ့နေရာမှာ ပစ်ခတ်တိုက်ခိုက်၊ ပေါက်ကွဲတာ မရှိဘူးဆိုတာကို စိစစ်တွေ့ရပါတယ်။
သပိတ်မျှောပွဲ ဖွင့်ပွဲ စတင်မကျင်းပခင် သုံးနာရီလောက်အလိုမှာ ပွဲကျင်းပမယ့်နေရာမှာ ရပ်ကွက်တစ်ခုခြားမှာရှိတဲ့ ဝန်ကြီးများအိမ်ရာကို ဒရုန်းနဲ့ တိုက်ခိုက်တာ တွေ့ရပေမယ့် သပိတ်မျှောပွဲကို ထိခိုက်တာမျိုး၊ သပိတ်မျှောပွဲကို တိုက်ခိုက်တာမျိုး မတွေ့ရပါဘူး။
ဒါ့ကြောင့် စစ်အာဏာရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်ရဲ့ ဖော်ပြချက်ဟာ ထားဝယ်သပိတ်မျှောပွဲကို တော်လှန်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်သယောင် အချိန်ကိုက်ဝါဒဖြန့်မှုအဖြစ် စိစစ်တွေ့ရှိရပါတယ်။
အချက်အလက်စိစစ်ဖို့ တောင်းဆိုနိုင်ပါတယ်
စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။