ပါကစ္စတန် လွှတ်တော်အစည်းအဝေးအား တာလီဘန်များ ဝင်ရောက်တားမြစ်ဆိုသည့် သတင်းမှား
Fact-check_ 3 Oct 2025
Myanmar Pressphoto Agency/ Delta News Agency/ The Red
ပါကစ္စတန်လွှတ်တော်အစည်းအဝေးအတွင်း တာလီဘန်များ ဝင်ရောက်တားမြစ်ဟုဆိုသည့် သတင်းမှား အကြောင်းအရာကို စစ်ကော်မရှင်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များက ဖြန့်ဝေလျက်ရှိသည်။
“Thazin Oo” တယ်လီဂရမ်ချန်နယ်က ၂၀၂၅ အောက်တိုဘာ ၁ ရက် မွန်းလွဲပိုင်းတွင် “မနေ့က ပါကစ္စတန်နိုင်ငံရဲ့ လွှတ်တော် အစည်းအဝေးရုံးအတွင်းမှာ အစည်းဝေးကျင်းပနေစဉ် တာလီဘန်တွေ ဝင်ရောက်လာပြီး အစည်းအဝေးကို ပြန်ရုပ်သိမ်းဖို တားမြစ်တယ်။
( ARSA ARA RSO )တွေရဲ့ ဆရာဘဲ ဒီကောင်တွေဟာ အစည်းအဝေးကို ပြန်ရုပ်သိမ်းပေးဖို့ မပေးရင် အကုန်ပစ်သတ်လိုက်မည်ဟု ခြိမ်းခြောက်ပြောဆိုနေတာ ဖြစ်ပါတယ်”ဟု (မူရင်းရေးသားချက်အတိုင်း) ရုပ်သံဖိုင်နှင့် အတူ ဖြန့်ဝေထားခြင်းဖြစ်သည်။
ထိုသို့ ဖြန့်ဝေထားသော အကြောင်းအရာကို “Ye Ba Nyein” တယ်လီဂရမ်ချန်နယ်က ကူးယူးဖော်ပြထားသည်။
သတင်းအမှားလင့်ခ်
Thazin Oo – https://archive.ph/usYvk
Ye Ba Nyein – https://archive.ph/AmDs9
စစ်တပ်ထောက်ခံသူများ ဖြန့်ဝေထားသော သတင်းအကြောင်းအရာကို Myanmar Fact-checking Network ၏ အဖွဲ့ဝင် ဖြစ်သော MPA နှင့် DNA တို့ပူးပေါင်း၍ အချက်အလက်စစ်ဆေးရာ သတင်းမှားဖြစ်ကြောင်း စိစစ် တွေ့ရှိရသည်။
သက်သေပြစိစစ်ချက်
စစ်တပ်ထောက်ခံသူများ ဖြန့်ဝေထားသော ရုပ်သံဖိုင်ထဲတွင် ခန်းမတစ်ခုအတွင်း လူအများရှိနေစဉ် သေနတ်ကိုင်ဆောင် ထားသူများက ဝင်ရောက်လာပြီး အပေါ်ထောင်၍ သေနတ်ပစ်ခတ်ခဲ့ကြသည်။ ခန်းမထဲရှိ လူအချို့သည် အံ့ဩမှင်သက် နေလျက်ရှိပြီး အဖြစ်အပျက်ကို ဓာတ်ပုံကင်မရာနှင့် ဗီဒီယိုကင်မရာတို့ဖြင့် ရိုက်ကူးနေကြောင်း တွေ့ရှိရသည်။
အသေးစိတ်သိရှိနိုင်ရန် ရုပ်သံဖိုင်ကို InVID video verification အသုံးပြု၍ ရရှိလာသော Keyframe ရုပ်ပုံ များကို Google Len ဖြင့် ရှာဖွေရာ “da Shabqadar Awaz” “Muhammad Islam” အမည်ရှိ ဖေ့ဘွတ် အကောင့်၌ တင်ထားသော ရုပ်သံဖိုင်နှင့် တူညီနေသည်။
“da Shabqadar Awaz” အမည်ရှိ ဖေ့ဘွတ်ခ်တွင် အဆိုပါ ပါဖောမန့် ပြုလုပ်နေသော ဗီဒီယိုဖိုင် နှင့်အတူ ပါကစ္စတန်နိုင်ငံ ဘာသာစကားဖြင့် ၂၀၂၅ ဇူလိုင် ၂၇ရက်က ဖြန့်ဝေထားသည်။
ပါကစ္စတန်နိုင်ငံ၏ ဘာသာစကားဖြင့် ဖြန့်ဝေထားသောစာသာားများကို Google Translate သုံး၍ ဘာသာပြန် ဆိုကြည့်ရာ ဗီဒီယိုဖိုင်သည် Karachi တက္ကသိုလ်ဆွေးနွေးပွဲတစ်ခုအတွင်း ဖြစ်ပျက်ခဲ့ခြင်းဖြစ်ကြောင်း၊ Pakhtun ဝတ်စုံ ဝတ်ထားသော သူကို သံသယဖြင့် ရှုမြင်သောအခါ ထိုပုဂ္ဂိုလ်အား စော်ကားရုံသာမက နိုင်ငံ တစ်ခုလုံးကိုပါ စော်ကားမှုတစ်ခုဖြစ်ကြောင်း၊ Pakhtun ဝတ်စုံသည် အကြမ်းဖက်ဝါဒ၏ သင်္ကေတမဟုတ်ဘဲ ကျွန်ုပ်တို့၏ ယဉ်ကျေးမှုနှင့် ဂုဏ်သရေတို့၏ သင်္ကေတဖြစ်ကြောင်း၊ Pakhtun ရန်လိုမုန်းတီးမှုကိုရပ်တန့်ပါ၊ ယဉ်ကျေးမှုကို အကြမ်းဖက်ဝါဒနှင့် မချိတ်ဆက်ပါနှင့် ဟူ၍ အဓိပ္ပာယ်ဖြင့် ရေးသားထားသည်။
ရုပ်သံဖိုင်နှင့်အတူ ရေးသားထားသောလင့်ခ် – https://bitly.cx/OQ5V
Muhammad Islam အမည်ရှိ ဖေ့ဘွတ်ခ်တွင်လည်း အဆိုပါ ရုပ်သံဖိုင်နှင့်အတူ ပါကစ္စတန်ဘာသာစကားဖြင့် ရေးတင်ထားသည်။ Google Translate ဖြင့် ဘာသာပြန်ကြည့်ရာ Karachi တက္ကသိုလ် ဆွေးနွေးပွဲ အဖြစ် အပျက်သည် တိုက်ဆိုင်မှုမဟုတ်ဘဲ အစီအစဉ်တစ်ခု၏ တစိတ်တပိုင်း ဖြစ်ကြောင်း Pashtun ၀တ်စုံကို ၀တ် ဆင်ထားသော လူငယ် ၁၀၀ ကို အကြမ်းဖက်သမားအဖြစ် မြင်သောအခါ ထိုပုဂ္ဂိုလ်အတွက်သာမက နိုင်ငံတစ်ခု လုံးကို စော်ကားမှုတစ်ခုဖြစ်ကြောင်း၊ Pashtun ဝတ်စုံသည် အကြမ်းဖက် ဝါဒ၏ သင်္ကေတမဟုတ်သော်လည်း ကျွန်ုပ်တို့၏ ယဉ်ကျေးမှု၊ ယဉ်ကျေးမှုနှင့် ဂုဏ်အသရေတို့၏ သင်္ကေတဖြစ်ကြောင်း၊ ကျွန်တော်တို့၏ ယဉ်ကျေး မှုကို တိုက်ခိုက်လျှင် လက်မခံနိုင်ကြောင်း အဓိပ္ပာယ်ရသည်။
ရုပ်သံဖိုင်လင့်ခ် – https://bitly.cx/Felc
အဆိုပါ ဖြစ်စဉ်အကြောင်း သိရှိနိုင်ရန် Google တွင် ရှာဖွေကြည့်ရာ “New 18” အမည်ရှိ သတင်းဌာန၏ သတင်းအား တွေ့ရှိသည်။
၂၀၂၅ ဇူလိုင် ၂၇ရက်က ရေးသားထားသော New 18 သတင်းတွင် အဆိုပါ ဖြစ်စဉ်မှာ Karachi တက္ကသိုလ် တွင် ပြုလုပ်သော ဆွေးနွေးပွဲတစ်ခု၌ ကျောင်းသားများက ပါဖော်မန့်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ရိုးရာ Pashtun ဝတ်စုံ ကို ဝတ်ဆင်၍ လက်နက်များကိုင်ဆောင်ထားရာ အကြမ်းဖက်သမားများအဖြစ် လွဲမှားစွာ ပုံဖော်ခဲ့ခြင်းကြောင့် ပါကစ္စတန်၏ ပညာရေးနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများအကြား ဒေါသထွက်ခဲ့ရကြောင်း ရေးသား ထားသည်။ New 18 သတင်းလင့်ခ် – https://bitly.cx/WV6t
သုံးသပ်ချက်
Karachi တက္ကသိုလ်ရှိ ဆွေးနွေးပွဲတစ်ခုအတွင်းသို့ သေနတ်ကိုင်ဆောင်ထားသူအချို့ ဝင်ရောက်၍ သရုပ်ပြမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ သရုပ်ပြမှုတွင် ဝတ်ဆင်ထားသော Pashtun ဝတ်စုံသည် အကြမ်းဖက်ဝါဒ၏ သင်္ကေတမဟုတ်ဘဲ ယဉ်ကျေးမှုနှင့် ဂုဏ်အသရေတို့၏ သင်္ကေတဖြစ်ကြောင်း ဖေ့ဘွတ်ခ်အသုံးပြုသူအချို့က ရေးတင်ခဲ့ကြသည်။
New 18 သတင်းဌာနတွင်လည်း ယင်းသရုပ်ပြမှုအား ပညာရေးနှင့် အရပ်ဘက်လူအဖွဲ့အစည်းများက စိတ်ဆိုး ဒေါသထွက်ခဲ့ကြောင်း ဖော်ပြထားသည်။
စစ်တပ်ထောက်ခံသူများ ဖြန့်ဝေထားသကဲ့သို့ အစည်းဝေးကျင်းပနေစဉ် တာလီဘန်တွေ ဝင်ရောက်လာပြီး အစည်းအဝေးရုပ်သိမ်းရန် တားမြစ်ဆိုသော အကြောင်းအရာသည် သတင်းမှားသာဖြစ်သည်။
ယနေ့ခေတ် အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းမှားများ ပျံ့နှံ့လျက်ရှိသည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။
မိမိကိုယ်တိုင် အချက်အလက်မစစ်ဆေးတတ်လျှင် အချက်အလက်စစ်ဆေး ရေးသားနေသော Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #Fact_Check #MPA #DNA #Mis_Disinformation #MPAFactCheck #DNAfactcheck