မွန်ပြည်နယ်၊ ရေးမြို့နယ်က ကျေးရွာတချို့မှာ ဥယျာဉ်ထဲမှာ နေထိုင်အလုပ်လုပ်ကိုင်ကြတဲ့ အရပ်သားပြည်သူ ၃၀ ကျော်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးပြီး စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်သွားလာခဲ့ပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတော့ ရေးဘီလူးအဖွဲ့ရဲ့ ထောက်ပို့နဲ့ PDF အားပေးသူ ၃၀ ကျော်ကို ဖမ်းဆီးရမိတယ်လို့ ရေးသားဖြန့်ချိကြပါတယ်။ PDF ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ ကွန်မဒို စစ်ကြောင်းက ဖမ်းမိခဲ့တာလို့လည်း ရေးသားထားကြပါတယ်။
Suscriber ပြုလုပ်သူ နှစ်သောင်းရှစ်ထောင်ကျော်ရှိတဲ့ Truth Media နာမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဒီကနေ့ စက်တင်ဘာလ ၂၇ရက်မှာ စတင်ဖြန့်ချိတာတွေ့ရပါတယ်။ အဲဒီဖြန့်ချိမှုကို မြင်တွေ့ပြီးသူ ခြောက်ထောင်ကျော်၊ Reaction ပြုလုပ်သူ ကိုးဆယ်ကျော်၊ မှတ်ချက်ပြုသူ ငါးယောက်နဲ့ ဆက်လက်ပျံ့နှံ့နေတာကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
အဲဒီဖော်ပြချက်ကိုပဲ Suscriber ပြုလုပ်သူ သုံးသောင်းခြောက်ထောင်ကျော်ရှိတဲ့ နေပြည်တော် နာမည်နဲ့ တယ်လီဂရမ်ချန်နယ်က ထပ်ဆင့်ဖြန့်ချိထားတာကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
အဲဒီအကြောင်းအရာကို Myanmar Factchecking Network အဖွဲ့ဝင် Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ အရပ်သားတွေ ဖမ်းဆီးခံရပြီး စစ်ကြောင်းနဲ့အတူ လူသားဒိုင်းသဖွယ် ခေါ်ဆောင်ခံရတာကို PDF ထောက်ပို့၊ အားပေးသူတွေလို့ ပုံဖော်ဝါဒဖြန့်တာအဖြစ် တွေ့ရှိရပါတယ်။
ဥယျာဉ်ခြံထဲနေသူတွေကို ဖမ်းဆီး
အင်အား သုံးရာကျော်၊ စစ်ကြောင်း သုံးကြောင်းနဲ့ စစ်အာဏာရှင်တပ်က စက်တင်ဘာလ ၂၅ရက်က စလို့ ရေးမြို့နယ် ကျောင်းရွာကနေ အဒိန်၊ ဝယ်ဟိုင်း၊ ကွင်းရှည်၊ စုံပဒေါက်၊ တောင်စွန်းရွာသစ်နဲ့ ရွာကလေး ကျေးရွာတွေကို စစ်ကြောင်းထိုး ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်ကို ကိုးကားပြီး မွန်အခြေစိုက် သံလွင်တိုင်းမ် သတင်းဌာနက သတင်းဖော်ပြပါတယ်။
အဲဒီစစ်ကြောင်းဟာ အဒိန်းနဲ့ ဝယ်ဟိုင်းကျေးရွာက ဥယျာဉ်ခြံတွေမှာ နေထိုင်တဲ့ အမျိုးသား၊ အမျိုးသမီး ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှုတွေလည်း ရှိနေတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဖြေကြားချက်ကို အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။
နောက်ထပ် မွန်ဒေသသတင်းတွေကို ဖော်ပြနေတဲ့ Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ လဂွန်းအိမ် စာစဥ်ကလည်း အဲဒီအကြောင်း သတင်းဖော်ပြထားတာရှိပါတယ်။
ရော်ဘာခြံတွေမှာ ရှိနေကြတဲ့ ဒေသခံအယောက် ၃၀ ကျော်ကို ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရသူတွေကိုလည်း စစ်ကြောင်း သွားရာ လမ်းတစ်လျှောက် လူသားဒိုင်းအဖြစ်ခေါ်သွားတာ ရှိသလို ဖမ်းဆီးစဉ်မှာ အဒိန်ကျေးရွာ ဒေသခံနှစ်ဦးကိုလည်း ရိုက်နှက်တာရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
ရေးမြို့နယ်၊ ကျောင်းရွာဒေသခံအမျိုးသမီးတစ်ဦးနဲ့ မွန်လူငယ်အဖွဲ့အစည်းတစ်ခုဆီကို Dawei Watch က ဆက်သွယ် မေးမြန်း အတည်ပြုရာမှာလည်း ဒေသခံ သုံးဆယ်လောက် စစ်အာဏာရှင်တပ်စစ်ကြောင်းနဲ့ အတူ လူသားဒိုင်းအဖြစ် ဖမ်းခေါ်ခံရတာ မှန်ကန်တယ်လို့ ပြောဆိုကြပါတယ်။
ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်လို့ ရေးဘီလူးအဖွဲ့ တာဝန်ရှိသူဆီကို Dawei Watch က ဆက်သွယ်မေးမြန်းရာမှာတော့ ဖမ်းဆီးခံရသူအများစု ကို စက်တင်ဘာလ ၂၇ရက်မှာ ပြန်လည်လွတ်မြောက်လာပြီလို့ ဖြေကြားပါတယ်။
“(စက်တင်ဘာ) ၂၆ ရက်နေ့ မနက်မှာ ဝေလီဝေလင်းလောက်မှာ စုံပဒေါက်ရွာဘက်ကနေ ပတ်ဆင်းသွားပြီး တောင်စွန်းရွာ ဘက်မှာ တစ်ညအိပ်ပြီး စစ်တပ်ထဲပြန်ဝင်သွားတယ်။ လမ်းပြဖမ်းထားတဲ့ ဒေသခံတွေကိုတော့ ပြန်လွတ်လိုက်ပြီလို့ ကြားရတယ်။ သူတို့ရိုက်နှက်ထားလို့ ဒဏ်ရာရထားတဲ့ နှစ်ယောက်တော့ ပြန်မလွတ်သေးဘူး” လို့ သူက ပြောပါတယ်။
လမ်းပြလူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံ ၃၀ ကျော်ဟာ ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး သံလွင်တိုင်းမ်သတင်းဌာနက စက်တင်ဘာလ ၂၈ ရက်မှာ သတင်းဖော်ပြပါတယ်။
ပြန်မလွှတ်ခင် မိသားစုဝင်တွေကတစ်ဆင့် ဖမ်းဆီးထားသူတွေ လွတ်မြောက်ရေးအတွက် စစ်ကြောင်းက လွှဲခိုင်းတဲ့ အကောင့်တွေထဲ တစ်ဦးစီအတွက် ငွေကျပ် ၅ သိန်းကနေ ၁၀ သိန်းအထိ လွှဲပေးခဲ့ရတယ်လို့ အဒိန်ရွာခံတစ်ဦးက ပြောတယ်လို့လည်း ဖော်ပြပါတယ်။ ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
စိစစ်တွေ့ရှိချက်
စစ်အာဏာရှင်တပ် စစ်ကြောင်းဟာ အရပ်သားပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးပြီး စက်တင်ဘာလ ၂၅ရက်ကနေ ၂၇ ရက်အထိ စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်ခဲ့သလို ရိုက်နှက်တာတွေ လုပ်ဆောင်ခဲ့တယ်ဆိုတာကို ဒေသတွင်း သတင်းဌာနတွေ၊ ဒေသခံနဲ့ အရပ်ဖက်အဖွဲ့တွေ၊ တော်လှန်ရေးတပ် တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
အဲဒီထဲက အများစုကို လွှတ်ပေးပြီး ဒဏ်ရာရထားတဲ့ နှစ်ဦးကတော့ မလွတ်မြောက်သေးဘူးလို့လည်း သိရပါတယ်။ PDF ၊ PDF နဲ့ ဆက်စပ်ပတ်သက်သူတွေဆိုရင် စစ်အာဏာရှင်တပ်ဟာ စွပ်စွဲဖမ်းဆီးအရေးယူတာတွေ လုပ်ဆောင်လေ့ရှိပါတယ်။ အခုဖြစ်စဉ်မှာ ဒေသခံတွေ လွတ်မြောက်လာတဲ့အတွက် PDF နဲ့ ဆက်စပ်မှု မရှိတာကြောင့်လို့ ကောက်ချက်ချနိုင်ပါတယ်။
ဒါ့ကြောင့် အရပ်သားတွေ ဖမ်းဆီးပြီး စစ်ကြောင်းနဲ့အတူ လူသားဒိုင်းသဖွယ်ခေါ်ဆောင်ခံရတာကို PDF ထောက်ပို့၊ PDF ထောက်ခံသူဆိုပြီး စစ်ကော်မရှင် ဝါဒဖြန့် ချန်နယ်တွေက အချိန်ကိုက် ဖြန့်ချိခဲ့တာအဖြစ် စိစစ်တွေ့ရှိရပါတယ်။
တနင်္သာရီတိုင်းမှာဆိုရင်လည်း ခုလိုမျိုး အရပ်သားတွေ ဖမ်းဆီးခံရချိန်၊ သတ်ဖြတ်ခံရချိန်တွေမှာ PDF တွေ ဖမ်းမိထားတယ် ဆိုတာမျိုး အချိန်ကိုက် ဝါဒဖြန့်ချိတာများတွေ များစွာရှိခဲ့ပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်း ဒေသမှာ စစ်အာဏာရှင်တပ်က ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ စစ်ကြောင်းထိုးခဲ့စဥ် အရပ်သား ၂၀ လောက်ကို အဖမ်းခံရချိန်ကလည်း အလားတူပဲ KNU နဲ့ PDF တွေ အဖမ်းခံရသယောင် တယ်လီဂရမ်ချန်််နယ်တွေက ဝါဒဖြန့်ဖူးပါတယ်။ အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စစ်ဆေးထားတာကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
အချက်အလက်စိစစ်ဖို့ တောင်းဆိုနိုင်ပါတယ်
စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။