အေအေပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အမ်းမြို့ရှိ ဒေသခံများသေဆုံးဆိုကာ ပုံအဟောင်းဖြင့် သတင်းမှားဖြန့် 
Share:FacebookX

အေအေပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အမ်းမြို့ရှိ ဒေသခံများသေဆုံးဆိုကာ ပုံအဟောင်းဖြင့် သတင်းမှားဖြန့် 

Rakhine Misinformation

26 Sep 2025

Fact-check

The Akyab Post/ The Red Flag/ MFCN

အာရက္ခတပ်တော် အေအေပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အမ်းမြို့ရှိ စျေးတောင်ရပ်ကွက်မှာ ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် လူပေါင်း ၁၀ဦးကျော် သေဆုံးပြီး ၂၀ဦးကျော် ဒဏ်ရာရတယ်ဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်တွေဟာ အခုရက်ပိုင်း Facebookမှာ ပျံ့နှံ့လျက်ရှိပါတယ်။ 

Facebook ဆိုရှယ်မီဒီယာမှာ သတင်းတုသတင်းမှားတွေကို ဆက်တိုက်ဖြန့်နေတဲ့ “ARF Burmese” page ကနေ စက်တင်ဘာလ ၂၃ ရက်နေ့မှာ “အမ်းမြို့ရှိ စျေးတောင်ရပ်ကွက်တွင် စက်တင်ဘာ ၂၂ ရက်နေ့ညနေပိုင်းက အေအေ အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ ယင်းအကြမ်းဖက်မှုကြောင့် ကလေးနှင့်အမျိုးသမီးများအပါအဝင် လူပေါင်း ၁၀ဦးကျော် သေဆုံးပြီး ၂၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ သတင်းရင်းမြစ်များအရ၊ အေအေ အဖွဲ့သည် ရပ်ကွက်အတွင်းရှိ လူနေအိမ်များနှင့် စျေးဝယ်နေသူများကို မိမိတို့ရဲ့ လက်နက်ကြီးများဖြင့် မတော်တဆပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ဒဏ်ရာရသူများကို အနီးအနားရှိ ဆေးရုံများသို့ အရေးပေါ်ပို့ဆောင်ကုသနေကြောင်း သိရှိရသည်။ ဒေသခံများက “အကြမ်းဖက်မှုဖြစ်ချင်ချင်း ဖြစ်ပြီး၊ သေဆုံးသူတွေထဲမှာ မိခင်တစ်ဦးနဲ့ ကလေးနှစ်ဦးပါဝင်တယ်။ စိတ်မချမ်းသာဘဲနဲ့ တစ်နေ့တာကို ဖြတ်သန်းရတာ ဝမ်းနည်းဖွယ်” ဟု ပြောကြသည်။ လုံခြုံရေးအဖွဲ့များက AA အဖွဲ့၏ တာဝန်ယူမှုအပေါ် စုံစမ်းဆဲဖြစ်ပြီး၊ ဒေသတွင်းလုံခြုံရေးကို တိုးမြှင့်ထားကြောင်း ထုတ်ပြန်ထားသည်။ သတင်းဌာန – အမ်းမြို့ ARF Burmese 23.9.2025” (မူရင်းအရေးအသား) ဆိုပြီးတော့ ဓာတ်ပုံနဲ့တကွ ရေးသားဖြန့်ဝေထားပါတယ်။ 

📌 သတင်းမှားလင့်ခ် အပြည့်အစုံ – https://archive.ph/UxrrA 

ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ စက်တင်ဘာလ ၂၆ ရက်နေ့အထိ reaction ပြုလုပ်သူ ၇၈ ဦး၊ comment ပေးသူ ၅ ဦးနဲ့ share ပြုလုပ်သူ ၄၁ ဦးထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။ 

Facebook လူမှုကွန်ရက်မှာ ARF Burmese page ကနေ ဖြန့်ချိထားတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာကို Myanmar Fact-checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့တဲ့ တောင်ဂုတ်မြို့နယ် မောင်းကျေးကျေးရွာမှ အရပ်သားပြည်သူတွေရဲ့ ပုံကို သုံးပြီးတော့ သတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။ 

▪️သတင်းစိစစ်ချက်

Facebook လူမှုကွန်ရက်မှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse Image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။

“ARF Burmese” page ကနေ စက်တင်ဘာလ ၂၃ ရက်နေ့မှာ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံတွေကို google reverse Image search tools တွေနဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ ရခိုင်ဒေသအခြေပြု သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Development Media Group (DMG)  ကနေ “တောင်ကုတ်တွင် တစ်ရက်အတွင်း ကျေးရွာနှစ်ရွာ ဗုံးကြဲခံရ၍ အရပ်သား ၁၀ ခန့် သေဆုံးဒဏ်ရာရ” ဆိုတဲ့ သတင်းမှာပါရှိတဲ့ ဓာတ်ပုံတွေ ဖြစ်နေတာကို တွေ့ရပါတယ်။

DMG ရဲ့ ရေးသားချက်တွေအရ “တောင်ကုတ်မြို့နယ်၊ မောင်းကျေးရွာနှင့် မီးချောင်းထိုးကျေးရွာကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့ တစ်ရက်အတွင်း စစ်ကောင်စီက လေကြောင်းဗုံးကြဲသွား၍ အရပ်သား ၅ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိ သွားခဲ့သည်။” လို့ ရေးသားဖော်ပြထားပြီးတော့ ဓာတ်ပုံတွေဟာလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့တဲ့ တောင်ဂုတ်မြို့နယ် မောင်းကျေးကျေးရွာမှ အရပ်သားပြည်သူတွေလို့ ရေးသားဖော်ပြထားပါတယ်။ 

🔗 DMG ရဲ့ သတင်းအပြည့်အစုံ – https://bitly.cx/wWKhR 

ဒီသတင်းကိုပဲ နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ RFA burmese ကနေ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ “အောက်တိုဘာလ ၃၀ ရက် မနေ့က တောင်ကုတ်မြို့နယ် မောင်းရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးတွေ အပါအဝင် အရပ်သား ငါးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့” ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။ 

🔗 RFA burmese ရဲ့ သတင်းအပြည့်အစုံ – https://bitly.cx/KxSrf 

ဒါ့အပြင် ဒီသတင်းကိုပဲ Tachileik News Agency နဲ့ Narinjara သတင်းဌာနတို့ကနေ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ “တောင်ဂုတ်မြို့နယ်တွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားများများ ထိခိုက်သေဆုံး” ဆိုပြီးတော့ သတင်းဓာတ်ပုံနဲ့တကွ ရေးသားဖော်ပြထားပါတယ်။ 

🔗 Narinjara – https://bitly.cx/0DXQ 

🔗 Tachileik News Agency –https://bitly.cx/bEFUf 

သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ သေဆုံးနေတဲ့ ပြည်သူတွေရဲ့ ပုံတွေဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ကုတ်မြို့နယ် မောင်းရွာက အရပ်သားပြည်သူတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ 

▪️သုံးသပ်ချက်

စစ်ကောင်စီဝါဒဖြန့် Page တစ်ခုဖြစ်တဲ့ ARF Burmese ကနေ  ဖြန့်ထားတဲ့ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေ နိုင်ငံတကာသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ ယခင်က ပုံအဟောင်းကို သုံးပြီးတော့ သတင်းတုသတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။

ယခင်ကလည်း ဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် အေအေဖက်ကနေ ပြည်သူလူထုရဲ့ အိုးအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးပါတယ်ဆိုပြီးတော့​ ရေးသားဖြန့်ဝေခဲ့ကြပါတယ်။​

ARF Burmese  page ဟာလည်း ယခင်ကလည်း သတင်းတုသတင်းမှားတွေနဲ့ အမုန်းစကားတွေကို ဖြန့်ခဲ့တာကြောင့် Akyab Post ဖက်ကနေ သတင်းတုသတင်းမှားဖြစ်ကြောင်း စီစစ် စစ်ဆေးခဲ့ပါတယ်။

✅ Akyab Post ကနေ စစ်ဆေးထားတဲ့ Debunking factcheck – https://www.facebook.com/watch/?v=735302166023053

လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီး၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစိစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #RedFlag #AkyabPost  #FactCheck #Mis_Disinformation  #AA

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .