22 Sep 2025
Fact-check
The Akyab Post/ The Red Flag
ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ အမ်းသားရွာက စာသင်ကျောင်းမှာ စခန်းချနေကြတဲ့ အေအေတပ်ဖွဲ့ဝင်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အေအေတပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံးတယ်ဆိုပြီးတော့ ရေးသားထားကြတဲ့ ပို့စ်တွေဟာ ပုံနဲ့တကွ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လျက်ရှိပါတယ်။
Facebook လူမှုကွန်ရက်မှာ ရခိုင်ဒေသနဲ့ ပတ်သက်ပြီး သတင်းတုသတင်းမှားတွေ အမုန်းစကားတွေ ဖြန့်လေ့ရှိကြတဲ့ “ARF Burmese” page ကနေ စက်တင်ဘာလ ၂၀ ရက်နေ့မှာ “မင်းပြားမြို့နယ်၊သတင်းပေးပို့ချက်များအရ မင်းပြားမြို့နယ် အမ်းသားရွာရှိ စာသင်ကျောင်းအတွင်း AA အကြမ်းဖက်များ ခိုအောင်းနေသည်ကို သိရှိပြီး လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုအတွင်း AA အကြမ်းဖက်သားစု ခဲဝါ စုစုပေါင်း ၂၅ ယောက် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ အတည်ပြုသတင်းများရရှိသည်။ သေဆုံးသူများထဲတွင် AA အဖွဲ့ဝင် အဆင့်မြင့် တချို့လည်း ပါဝင်ကြောင်း ထပ်မံသိရပြီး၊ အဖွဲ့ဝင်အချင်းချင်း အချင်းဆိုင်သတင်းပေးပို့မှုများကြောင့် စစ်တပ်ဘက်မှ တိကျစွာ ရှာဖွေဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။ တိုက်ခိုက်ခံရသည့် အမှတ်တိုင်မှာ မဟာဗျူဟာဆိုင်ရာနေရာတစ်ခု ဖြစ်ပြီး AA အဖွဲ့ဝင်များစွာ ခိုလှုံနေရာ အဖြစ် အသုံးပြုနေခဲ့ကြောင်း သတင်းရယူနိုင်ခဲ့သည်။ ARF Burmese 20.9.2025 ” (မူရင်းအရေးအသား) ဆိုပြီးတော့ ဓာတ်ပုံနဲ့တကွ ဖြန့်ချိထားပါတယ်။
📌 “ARF Burmese” page ကနေ ဖြန့်ထားတဲ့ ပို့စ်အပြည့်အစုံ – https://archive.ph/DDF96
ဒီပို့စ်ကို ဖြန့်ချိထားတဲ့ နေ့ကနေ Akyab Post စစ်ဆေးထားတဲ့ စက်တင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းအထိ reaction ပေးသူ ၁၈၇ ဦးနဲ့ comment ပေးသူ ၇ ဦးနဲ့ Share ပြုလုပ်သူ ၂၅ ဦးထိရှိပြီးတော့ Facebook လူမှုကွန်ရက်မှာ သတင်းတုသတင်းမှားတွေ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
Facebook လူမှုကွန်ရက်မှာ ပျံ့နေတဲ့ မင်းပြားမြို့နယ်မှာ အေအေတပ်ဖွဲ့ဝင်များကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ဆိုတဲ့ ပို့စ်ကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ၂၀၂၄ ခုနှစ် မတ်လ ၆ ရက်နေ့မှာ စစ်ကောင်စီဖက်ကန မင်းပြားမြို့နယ်၊ အမ်းသားကျေးရွာက စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ထိခိုက်ပျက်စီးခဲ့တဲ့ ပုံအဟောင်းတွေကို သုံးပြီးတော့ သတင်းတုသတင်းမှား ဖြန့်ခဲ့တာကို တွေ့ရပါတယ်။
▪️သတင်းစိစစ်ချက်
Facebook လူမှုကွန်ရက်မှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse Image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
“ARF Burmese” page ကနေ စက်တင်ဘာလ ၂၀ ရက်နေ့မှာ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံတွေကို google reverse Image search tools တွေနဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့မှာ နိုင်ငံတကာသတင်းဌာနကြီးတစ်ခုဖြစ်တဲ့ RFA ကနေ “မင်းပြားမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနဲ့ လူနေအိမ်တချို့ပျက်စီး” ဆိုတဲ့ သတင်းမှာပါရှိတဲ့ ပုံတွေဖြစ်နေတာကို တွေ့ရပါတယ်။
“မင်းပြားမြို့နယ် အမ်းသားစံပြရွာကို မတ်လ ၆ ရက်နေ့ည ၁၁ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် စာသင်ကျောင်း အပါအဝင် လူနေအိမ်တချို့ခဲ့တာဖြစ်ပြီးတော့၊ ပျက်စီးခဲ့တဲ့ မင်းပြားမြို့နယ် အမ်းသားစံပြကျေးရွာ အခြေခံပညာ မူလတန်းကျောင်းအား ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့က တွေ့ရစဉ်” ဆိုပြီးတော့ RFA ကနေ ပုံနဲ့တကွ ရေးသားဖော်ပြထားပါတယ်။
🔗 RFA ရဲ့ သတင်းအပြည့်အစုံ – https://bitly.cx/hKOzA
မင်းပြားမြို့နယ် အမ်းသားစံပြရွာကို မတ်လ ၆ ရက်နေ့ည ၁၁ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ဆိုတဲ့ သတင်းကို ရခိုင်ဒေသအခြေပြု သတင်းဌာနတစ်ခုဖြစ်တဲ့ Arakan Bay News ကနေ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့မှာ စာသင်ကျောင်းအပျက်အစီး ဓာတ်ပုံနဲ့တကွ ရေးသား ဖော်ပြထားပါတယ်။
🔗 Arakan Bay News ရဲ့ သတင်းအပြည့်အစုံ – https://bitly.cx/v43n
ဒီသတင်းကိုပဲ ရခိုင်ဒေသအခြေပြု သတင်းမီဒီယာဌာနတစ်ခုဖြစ်တဲ့ Narinjara သတင်းဌာကနေ “မင်းပြား အမ်းသားရွာကို စစ်ကောင်စီမှ ထပ်မံ၍ဗုံးကြဲတိုက်ခိုက်၊ စာသင်ကျောင်းအပါအဝင် လူနေအိမ်တစ်ချို့ပျက်စီး” ဆိုပြီးတော့ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့မှာ သတင်းရေးသား ဖော်ပြထားပါတယ်။
🔗 Narinjara သတင်းဌာနရဲ့ သတင်းအပြည့်အစုံ – https://bitly.cx/8FRei
သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ မင်းပြားမြို့နယ် အမ်းသားကျေးရွာကို စစ်ကောင်စီလေကြောင်း တိုက်ခိုက်တာကြောင့် ပျက်စီးခဲ့တာဟာ ၂၀၂၄ ခုနှစ မတ်လ ၆ ရက်နေ့ဖြစ်ပြီးတော့ အပျက်အစီးတွေဟာ စာသင်ကျောင်းနဲ့ အရပ်သားတွေရဲ့ နေအိမ်တွေဖြစ်နေတာကို တွေ့ရပါတယ်။
▪️ သုံးသပ်ချက်
စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေ နိုင်ငံတကာသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ ယခင်က ပုံအဟောင်းကို သုံးပြီးတော့ သတင်းတုသတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။
ယခင်ကလည်း ဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် အေအေဖက်ကနေ ပြည်သူလူထုရဲ့ အိုးအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးပါတယ်ဆိုပြီးတော့ ရေးသားဖြန့်ဝေခဲ့ကြပါတယ်။
ARF Burmese page ဟာလည်း ယခင်ကလည်း သတင်းတုသတင်းမှားတွေနဲ့ အမုန်းစကားတွေကို ဖြန့်ခဲ့တာကြောင့် Akyab Post ဖက်ကနေ သတင်းတုသတင်းမှားဖြစ်ကြောင်း စီစစ် စစ်ဆေးခဲ့ပါတယ်။
✅ Akyab Post ကနေ စစ်ဆေးထားတဲ့ Debunking factcheck – https://www.facebook.com/watch/?v=735302166023053
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီး၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစိစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #RedFlag #AkyabPost #FactCheck #Mis_Disinformation #AA