ဗန်းမောက်မြို့ တော်လှန်ရေးတပ်တွေဆီမကျသေးဘူးလို့ စစ်ကော်မရှင်လော်ဘီအဖွဲ့သတင်းအမှားဖြန့်
၂၀၂၅၊ စက်တင်ဘာလ၊ ၂၂ရက်။
(Fact-check _DNA/ The Red Flag)
စစ်ကိုင်းတိုင်းအထက်ပိုင်းမှာရှိတဲ့ ဗန်းမောက်မြို့ကို ပြီးခဲ့တဲ့ စက်တင်ဘာ၂၀ရက်မှာ တော်လှန်ရေးတပ်တွေကနေ သိမ်းပိုက်ပြီးတဲ့နောက်မျာ စစ်ကော်မရှင်တပ်တွေဘက်က ဗန်းမောက်မြို့ကို လက်မလွှတ်ရသေးသလို၊ တော်လှန်ရေးတပ်တွေကလည်း မြို့ကိုမရရှိသေးဘူးဆိုတဲ့ သတင်းတခု ဒီကနေ့ စက်တင်ဘာလ၊ ၂၂ရက်မှာပျံ့နှံ့နေပါတယ်။
အဲ့ဒီအကြောင်းရာကို စစ်ကော်မရှင်တပ်ရဲ့ လော်ဘီတဦးဖြစ်တဲ့ Kyaw Swar တယ်လီဂရန်ချန်နယ်ကနေ “Indaw Revolution-IR ဆိုတဲ့ စစ်ကိုင်းတိုင်းအတွင်းက ဒေသတွင်းသတင်းတွေကို ဖော်ပြရေးသားနေတဲ့ သတင်းPage က ဖော်ပြထားတဲ့ ဗန်းမောက်ကို အလုံးစုံမရသေးဘူးဆိုတဲ့ အကြောင်းကို အခြေပြုပြီး သတင်းမှားတွေကိုဖြန့်ဝေထားတာပါ။
သတင်းမှားလင့် – https://archive.ph/kMIwK
စစ်ကော်မရှင်တပ်ရဲ့ လက်အောက်ခံလော်ဘီတွေဖြစ်တဲ့ DGF21 Newsနဲ့ နေပြည်တော်ချန်နယ်တို့ကနေလည်း ဗန်းမောက်မြို့ကို စစ်ကော်မရှင်တပ်တွေက လက်မလွှတ်ရသေးသလို စစ်ကော်မရှင်တပ်နဲ့ ရှမ်းနီ(SNA)ပူးပေါင်းတပ်တွေဆီက လက်နက်ခဲယမ်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေကနေ သိမ်းဆည်းထားနိုင်တာမျိုးမရှိဘူးဆိုတဲ့ အကြောင်းရာတွေကို ဖြန့်ဝေနေပြီး အခြားလော်ဘီချန်နယ်တွေမှာလည်း ပြန်လည်မျှဝေနေကြတာပါ။
သတင်းမှားလင့်များ
ဒီအကြောင်းရာနဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကနေ စစ်ဆေးကြည့်တဲ့အခါမှာ တော်လှန်းရေးပူးပေါင်းတပ်ဖွဲ့တွေကနေ ဗန်းမောက်မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကိုတွေ့ရှိရပါတယ်။
သတင်းစိစစ်ချက်
ဗန်းမောက်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ပြီဖြစ်ကြောင်းနဲ့ စစ်ကော်မရှင်တပ်နဲ့ ရှမ်းနီ(SNA)ပူးပေါင်းတပ်တွေဆီက လက်နက်ခဲယမ်းတွေ သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတာကို “အမှတ်-၁ စစ်ဒေသ” လူမှုကွန်ရက်ကနေ ဒီကနေ့စက်တင်ဘာ ၂၂ရက် နေ့လည် ၁၂နာရီဝန်းကျင်မှာပဲ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အမှတ်-၁ စစ်ဒေသ ထုတ်ပြန်ကြေညာချက် – https://www.facebook.com/share/p/17Rg1EMEUa/
တော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ရက်မှာ ဗန်းမောက်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၅ရက်အကြာ စက်တင်ဘာ ၂၀ရက်မှာပဲ ဗန်းမောက်မြို့ကို ရရှိခဲ့တာဖြစ်တယ်ဆိုတဲ့အကြောင်းကို BBC Burmese ကနေလည်း သတင်းဖော်ပြထားပါတယ်။
BBC Burmese – https://www.facebook.com/share/p/1KUZ5eiNpB/
ဗန်းမောက်မြို့မှာရှိတဲ့ စစ်ကော်မရှင်တပ်ရဲ့ ကာကင်း ၇ခု၊ ပင်မစခန်း၂ခုအပါအဝင် ဗန်းမောက်မြို့ကို PDF စစ်ဒေသ ၁ရဲ့ကွပ်ကဲမှုနဲ့ ပြီးခဲ့တဲ့စက်တင်ဘာ ၂၀ရက် ညပိုင်းမှာပဲ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်ဆိုတဲ့အကြောင်း လွတ်လပ်တဲ့ သတင်းဌာနတွေက မနေ့က စက်တင်ဘာ ၂၁ရက်မှာ သတင်းတင်ဆက်ထားပါတယ်။
မြေလတ်အသံ – Myaelatt Athan – https://www.facebook.com/share/p/16TshRDFmS/
Shwe Phee Myay News Agency – https://www.facebook.com/share/p/177w1HCFjD/
သတင်းသုံးသပ်ချက်
စစ်ကိုင်းတိုင်းအထက်ပိုင်းမှာရှိတဲ့ ဗန်းမောက်မြို့ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ရက် ညပိုင်းမှာပဲ တော်လှန်ရေးပူးပေါင်းတပ်တွေကနေ အလုံးစုံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတာကို MFCN ကနေ အချက်လက်စစ်ဆေးနိုင်ခဲ့ပါတယ်။
စစ်ကော်မရှင်တပ်တွေနဲ့ ရှမ်းနီ (SNA) ပူးပေါင်းတပ်တွေဆီကနေ G-3 (၂) လက်၊ Uzi (၁) လက်၊ AK (၁) လက်၊ ကျည်မျိုးစုံ (၁၂၈၇၆) တောင့်၊ ၁၂၀ မမ ဗုံးသီး (၂၈) လုံး၊ ၈၁ မမ ဗုံးသီး (၇) လုံး၊ ၆၀ မမ ဗုံးသီး (၁၄) လုံး၊ ဒရုန်းဗုံးသီးမျိုးစုံ (၁၀၀) လုံး၊ RPG (၁) လုံး၊ မျက်ရည်ယို ဗုံးသီး (၈၃) လုံး၊ 9 Volt ကျည် (၇၀၂) တောင့်၊ အီနာဂါဗုံးသီး (၅၁) လုံး၊ နင်းမိုင်း (၃) လုံး၊ တိုက်မိုင်းမျိုးစုံ (၂၀) လုံး၊ ဖိုက်ဘာမိုင်း (၇) လုံး၊ ၉ မမ ကာဘိုင်ကျည် (၁၀) တောင့်၊ ကျည်အိမ်မျိုးစုံ (၂၉) ခုနဲ့ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်ဆိုတာကိုလည်း တွေ့ရတာကြောင့် စစ်ကော်မရှင်လော်ဘီချန်နယ်တွေမှာဖော်ပြသလို လက်နက်ခဲယမ်းတွေ လက်လွှတ်ခဲ့ရတာမျိုးမရှိဘူးဆိုတာက မှားယွင်းနေတာကိုတွေ့ရပါတယ်။
ဒါကြောင့် တော်လှန်ရေးတပ်တွေက ဗန်းမောက်မြို့ကို အပြီးသတ်မသိမ်းနိုင်သေးဘူးလို့ လော်ဘီချန်နယ်တွေမှာ ဖြန့်ဝေနဲ့အကြောင်းရာက လှည့်ဖျားဖော်ပြထားတဲ့ သတင်းမှားသာဖြစ်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#DNAFactCheck #DNA #MFCN #FactCheck #ဗန်းမောက် #တော်လှန်ရေးပူးပေါင်းတပ် #မြို့သိမ်းတိုက်ပွဲ #လုပ်ကြံပြောဆို #သတင်းမှားဝါဒဖြန့်