မြန်မာနိုင်ငံ၏ အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးနှင့် အမျိုးသားရေး ဝါဒသည် လွတ်လပ်ရေး မရမီ ဗြိတိသျှ ကိုလိုနီဆန့်ကျင်ရေးနှင့် တွဲပါခဲ့သည်။ ထိုအချိန်က အုပ်ချုပ်သူ လူတန်းစားများ မျက်နှာဖြူများ၏ ဖိနှိပ်မှုများ၊ အိန္ဒိယနိုင်ငံမှ ခေါ်ယူထားသော အလယ်လတ်တန်းစား ဗျူရိုကရက်များ၊ ချစ်တီးကဲ့သိုသော ကုန်သည် လယ်လုပ်လူတန်းစားများက မြန်မာအနွယ်တိုင်းရင်းသားများ အပေါ် ဖိနှိပ်မှုများကို တွန်းလှန်ခြင်းဖြင့် ပေါ်ထွက်လာသည်။ ကိုလိုနီစနစ်၏ လူမျိုးခွဲခြားရေး စနစ်အပေါ် ဆန့်ကျင်တော်လှန်ရင်း မြန်မာ၊ ဗုဒ္ဓဘာသာကို အခြေခံသော အမျိုးသားရေး ဝါဒထွက်ပေါ်လာသည်။
ဗုဒ္ဓကလျာဏ ယု၀အသင်း (YMBA) ၏ အဓိက ဆောင်ပုဒ်မှာ အမျိုး ဘာသာ သာသနာ ပညာ ဖြစ်သည်။ ‘အမျိုးကို ချစ်ပါ၊ ဘာသာ သာသနာကို လေးစားပါ၊ ပညာကို တန်ဖိုးထားပါ’ ဟု ဖြစ်သည်။ ယင်းမှာ ကိုလိုနီဆန့်ကျင်ရေးတွင် အမျိုးဘာသာ သာသနာကို အခြေခံသော လှုပ်ရှားရေး ဆောင်ပုဒ် အဖြစ် ကျော်ကြားသည်။
ယင်းနှင့်ဆယ်စုနှစ် ၂ ခုအကျော်တွင် ပေါ်ပေါက်လာသော တို့ဗမာ အစည်းအရုံးသည်လည်း မနီးရိုးစွဲ ဆောင်ရည်ချက် ရှိသည်။ တို့ဗမာ အစည်းအရုံး၏ ထင်ရှား ကြွေးကြော်သံမှာ ‘ဗမာပြည်သည် တို့ပြည်၊ ဗမာစာသည်တို့စာ၊ ဗမာ စကားသည် တို့စကား၊ တို့ပြည်ကို ချစ်ပါ၊ တို့စာကို ချီးမြှင့်ပါ၊ တို့စကားကို လေးစားပါ’ ဟု ဖြစ်သည်။
ပါလီမန်အစိုးရခေတ် ဝန်ကြီးချုပ် ဦးနု လက်ထက် ၁၉၆၁ ခုနှစ်တွင် ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ပြဋ္ဌာန်းခဲ့သည်။ ထိုအချိန်က ဗုဒ္ဓဘာသာ ကိုင်းရှိုင်းသော ဦးနုကို ဘုရားလောင်းဟုပင် ထင်ကြေးပေးကြသော လူထုပရိသတ်ရှိခဲ့သည်။
၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားသား မုန်းတီးရေးနှင့် ဗမာ မဟုတ်သော အပေါ် အခြေခံသည့် အုပ်ချုပ်စီမံမှုများ လုပ်ကိုင်ခဲ့သည်။ အထူးသဖြင့် (ဦးနေဝင်းကိုယ်တိုင် တရုတ်စပ်သည့်တိုင်) တရုတ်ဆန့်ကျင်ရေး ပြောင်ပြောင်တင်းတင်း လုပ်ဆောင်ခဲ့သည်။ ယင်းအပြင် အိန္ဒိယမျိုးနွယ်စုများကို ပစ်မှတ်ထားပြီး ဓနဥစ္စာများကို ပြည်သူပိုင်ဟုဆိုကာ သိမ်းယူခဲ့သည်[1]။ အုပ်စိုးသူ လူတန်းစားကို ပြည်သူလူထုက အုံကြွဆန့်ကျင်လာမည့် အရေး ပေါ်လာတိုင်း၊ သို့တည်းမဟုတ် နိုင်ငံ အကျပ်အတည်း တွေ့လာချိန် လူထုကို အာရုံလွှဲချိန်တိုင်းတွင် တရုတ်/ကုလား အရေးအခင်းများ ဖန်တီးလေ့ရှိသည် (၁၉၆၇ တရုတ်-မြန်မာ အရေးအခင်း၊ ၂၀၁၃ မိတ္ထိလာ အရေးအခင်း၊ ရိုဟင်ဂျာ အရေးအခင်း ၂၀၁၇)။
ယင်းတို့နှင့် တစ်ဆက်တည်း သာသနာကို စောင့်ရှောက်သည်ဆိုသည့် မြန်မာ အုပ်စိုးသူ လူတန်းစား၏ သရုပ်သကန်မှာ တွဲပါလာသည်။ မြန်မာ ပဒေသရာဇ်ခေတ်က စခဲ့သည့် သာသနာကို စောင့်ရှောက်သည်ဆိုသည့် အလေ့အထကို ယနေ့ခေတ် စစ်စနစ်တိုင် ဆွဲကိုင်ထားဆဲဖြစ်သည်။
ဥရောပတလွှား နန်းတော် (ဘုရင်) နှင့် ကျောင်းတော် (ဘာသာရေးခေါင်းဆောင်) တို့ ပေါင်းပြီး ပြည်သူတို့ကို လှည့်စားဂျင်းထည့်ခဲ့ကြသည်။ မြန်မာ့ ပဒေသရာဇ်ခေတ်တွင်လည်း ဘုရင်နှင့် ဘုန်းကြီး အပြန်အလှန်အထောက်အကူပြုကာ အာဏာ၊ သာသနာတည်မြဲရေး ကြံဆောင်ခဲ့ကြသည်။ ဘုန်ကြီးတို့ကလည်း မင်းဆရာဖြစ်ချင်ကြသလို၊ ဘုရင်များကလည်း သာသနာကို ချီးမြှောက်သူ မင်းကောင်းမင်းမြတ် အမည်တွင်လိုကြသည်။ ထိုသို့ဖြင့် အမျိုး (လူမျိုး) ကို ဘာသာ သာသနာ တွဲထားလိုက်ကြသည်။ ယင်းသို့တွဲထားချက်မှာ ကိုလိုနီခေတ် တော်လှန်ရေးတွင် YMBA ၏ ဆောင်ပုဒ်၊ တို့ဗမာ အစည်းအရုံးတို့ ကြွေးကြော်သံတို့၏ အခြေခံဖြစ်လာသည်ဟု ဆိုနိုင်သည်။
ခေတ်အဆက်ဆက် မြန်မာ့တပ်မတော် ခေါင်းဆောင်တို့မှာ ဘာသာရေးနှင့် ဘာသာရေး ခေါင်းဆောင်များ၏ စွမ်းအားကို အသုံးချကာ လူထုနှင့် ၎င်းတို့ စစ်ဗိုလ်စစ်သားနောက်လိုက်တို့ကို လွှမ်းမိုးစည်းရုံးရန် အမြဲတစ်စေ လုပ်ဆောင်ခဲ့ကြသည်[2]။ စစ်အာဏာရှင် တရားဝင်မှု ပြုနိုင်ရေးအတွက် သော်လည်းကောင်း၊ စစ်အာဏာရှင်တို့မှာ ဘာသာရေးကို စောင့်ရှောက်သူ အဖြစ် ထင်မြင်လာစေရန် သော်လည်းကောင်း ဘာသာရေးကို အသုံးချသည်။ စစ်ဗိုလ်စစ်သား နောက်လိုက်များကိုလည်း ရဲဘော်မသေ၊ သေသော် ငရဲမလား ဟူသော ဆောင်ပုဒ်ရိုက်သွင်းကာ အမျိုးဘာသာ သာသနာကို စောင့်ရှောက်သူ၊ ကာကွယ်သူသည် ရဲဝံ့သူများအဖြစ် စိတ်ဓာတ်ထည့်သွင်းပေးထားသည်[3]။
ဗုဒ္ဓဘာသာဝင်မဟုတ်သူများသည် လူစင်စစ်များ မဟုတ်သဖြင့် (ငါးပါးသီလမလုံသူများ ဖြစ်သဖြင့်) ၎င်းတို့ကို သုတ်သင်ရှင်းလင်းခြင်းသည် အပြစ်မရှိကြောင်း ဘုန်းတော်ကြီး အချို့ကိုယ်တိုင် လူသိရှင်ကြား ဟောခဲ့သည်[4]။ ကုလားဆိုးများကို တိုင်းပြည်တွင်းမှ နှိမ်နင်းနိုင်ခဲ့ကြောင်းပင် တစ်ခါတရံ ပြောင်ပြောင်တင်းတင်း ဟောပြောခဲ့သေးသည်။
သီတဂူ ဆရာတော်သည် ထိုသို့သော ဟောပြောချက် အချို့ကြောင့် နာမည်ဆိုးရှိလာသည်။ ၂၀၂၂ ခုနှစ် မတ်အတွင်း ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် အခမ်းအနားတစ်ခုတွင် လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ‘သဒ္ဒါ၊ ပညာနှင့် ပြည့်စုံသောမင်း’ ဟု လူသိရှင်ကြား ချီးကျူးခဲ့သည်။
ထို့ကြောင့်ပင် မြန်မာ့ရှေးနိုင်ငံရေး စံနှုန်းဖြစ်သည့် အမျိုး ဘာသာ သာသနာကို လက်ရှိ စစ်အာဏာရှင်ကလည်း သိသိသာသာ အသုံးချနေသည်။
ပို၍ လွတ်လပ်ပွင့်လင်းလာသော မြန်မာနိုင်ငံသည် ဘာသာ သာသနာအတွက် အန္တရာယ်ရှိသည်၊ အနောက်တိုင်း ဒီမိုကရေစီ ဝါဒလွှမ်းမိုးလာပါက မြန်မာနိုင်ငံတွင် သာသနာ ကွယ်ပျောက်သွားနိုင်သည်ဆိုသည့် အာဏာရှင် အဆက်ဆက်၏ လက်သုံးစကားဖြင့် ဘုန်းတော်ကြီးများနှင့် ပြည်သူလူထုကို ဂျင်း ထည့်သည်။ ဘုန်တော်ကြီးများနှင့် အာဏာရှင်တို့ အပြန်အလှန် အပေးအကမ်းပြုရင်း ဗုဒ္ဓဘာသာမှာ ထေရဝါဒ စကားလုံးအောက် အာဏာရှင် အလိုကျ ပုံဖော်နေရသော သာသနာ အဖြစ် ဆုတ်ယုတ်လာကြောင်း ဆောင်းပါးရှင် နဒီမင်းက ဧရာ၀တီ တွင် ရေးသားထားသည်[5]။
ယနေ့ မြန်မာ စစ်အာဏာရှင် ခေတ်တွင် မဘသ ကဲ့သို့သော သံဃာ့ အဖွဲ့အစည်းများ၊ YMBA ကဲ့သို့သော အမျိုးသားရေး အဖွဲ့အစည်းများ၊ မဟော်သဓာကဲ့သို့သော ပညာရေး အဖွဲ့အစည်းများ၊ အခြေခံလူတန်းစား ဘ၀တိုးတက်မြင့်မားရေးပါတီ ကဲ့သို့သော နိုင်ငံရေးပါတီများ၊ ပြည်သူ့စစ်၊ ပျူစောထီးကဲ့သို့သော လက်နက်ကိုင်များ၊ သတင်းသမား အမည်ခံ စစ်အာဏာရှင် ဝါဒဖြန့်ချိရေး ပလက်ဖောင်းများက ဘာသာရေး အရေခြုံကာ စစ်အာဏာရှင်ကို ချိတ်ဆက် အားဖြည့်ပေးလျက်ရှိသည်။ စစ်အာဏာရှင် ထောက်ခံပွဲများ ပြုလုပ်ခြင်း၊ အမျိုးသားရေး အစွန်းရောက် တရားပွဲများ ပြုလုပ်ခြင်း၊ စစ်လက်ကိုင်ဒုတ် မီဒီယာအမျိုးမျိုးမှ တစ်ဆင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို အပုပ်ချခြင်း၊ ယဉ်ကျေး လိမ္မာ အမည်ခံ တပ်တွင်း သင်တန်းများ ပို့ချခြင်း၊ လက်နက်ကိုင် ခြိမ်းခြောက်ခြင်း စသည့် နည်းအမျိုးမျိုး အသုံးချ လုပ်ဆောင်လျက်ရှိသည်[6]။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဘုရားဒါယကာ အမည်ခံကာ နေပြည်တော်တွင် ဆင်းတုတော် တစ်ခုတည်ခဲ့သည်။ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဟု ဆိုသည်။ မာရဝိဇယဟု အမည်နာမတပ်ထားပြီး ‘မာရ်နတ်မင်း၏ အနှောင့်အယှက် ရန်စွယ် အန္တရာယ်အပေါင်းကို အထူးအောင်တော်မူသော မြတ်စွာဘုရား’ဟု အနက်ပေါက်သည်။ ဗုဒ္ဓရုပ်ပွားတော်ကြီးကြောင့် တိုင်းပြည် အေးချမ်းသာယာမှု ရှိရန် ရည်ရွယ်သည်ဟု ဆိုသည်။ ထိုသို့ဖြင့် စစ်ခေါင်းဆောင်မှာ သာမန်ပြည်သူလူထုနှင့် စစ်ဗိုလ်စစ်သားတို့၏ အမြင်တွင် ဘုရားဒါယကာ၊ မင်းကောင်းမင်းမြတ်အဖြစ် မြင်လာရန် ပုံဖော်သည်။
ယင်းတို့ကား သာသနာနှင့် ဘုန်းတော်ကြီးများကို အသုံးချ၏ စစ်အာဏာရှင် တို့၏ ဝါဒဖြန့် လှည့်စားမှုဖြစ်သည်။
ဗုဒ္ဓဘာသာ ဘာသာကို စောင့်ရှောက်သော စစ်တပ်အပြင် နောက်ထပ်တွဲလုံးမှာ ဗမာလူမျိုးဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း ဗမာ မျိုးနွယ်စုဝင် မဟုတ်သော အခြား တိုင်းရင်းသားများကို ဘာသာခြားများအဖြစ်လည်းကောင်း၊ သူပုန်အဖြစ်လည်းကောင်း၊ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်နေသူများအဖြစ် လည်းကောင်း တွဲထားလိုက်သည်။
ဗမာ ဗုဒ္ဓဘာသာစစ်တပ်သည် နိုင်ငံ၊ လူမျိုးနှင့် သာသနာကို ကာကွယ်နေသူများဖြစ်သည်။ တိုင်းရင်းသားများမှာ သူပုန်များဖြစ်သည်ဟု စစ်တပ်က အစဉ်တစ်စိုက်ရိုက်သွင်းထားသည်။ သို့သော် ယင်းအခြေခံမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်အာဏာရှင် တော်လှန်ရေးတွင် ပျက်သွားသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ဗမာများပင်လျှင် စစ်တပ်ကိုတွန်းလှန်လာကြသည်။ သို့သော် စစ်အာဏာရှင်တို့ကမူ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ထုတ်နေသည်ဟု မမြင်သေးဘဲ၊ သို့တည်းမဟုတ် မမြင်ချင်ယောင်ဆောင်ပြီး လူထုကို လမ်းလွှဲနေသေးသည်။ ဗမာ၊ ဗမာချင်း တိုက်နေသည့် စစ်ပွဲကို အံ့ဩလှကြောင်း ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။
‘KIA ခေါင်းဆောင်တစ်ယောက်ပြောတာ ရှိတယ်။ သူတို့ရဲ့ စစ်ကိုင်းနဲ့ အနီးဆုံးနေရာက လက်နက်တိုက်ကို ဖွင့်ပေးလိုက်တာပဲ။ စစ်ကိုင်းတိုင်းကြီးက မီးဟုန်းဟုန်းတောက်နေတယ်။ KIA အနေနဲ့ သူတို့ရဲ့ လက်နက်တွေ အကုန်လုံးသာ ပေးရရင် မြန်မာပြည်တစ်ပြည်လုံး ဒုက္ခရောက်သွားမယ်ပေါ့။ အဲဒီပြောစကား အပေါ်မှာ ထောက်ခံတဲ့သူလည်း ရှိတယ်။ ဝမ်းသာတဲ့သူလည်း ရှိတယ်။ ကျွန်တော် မေးချင်တာက အဲဒီလို ပြောတဲ့စကားအပေါ်မှာ ထောက်ခံနေကြတဲ့ . . . ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်ဗျာ၊ ထောက်ခံနေကြတဲ့ ဗမာတွေကို အံ့ဩတယ်။ ဗမာတွေကို အံ့ဩတယ်။ ထပ်ပြောမယ် အဲဒီ ထောက်ခံနေကြတဲ့ ဗမာတွေကို အံ့ဩတယ်။ ခေါင်းထဲမှာ နက်နက်နဲနဲ စဉ်းစားကြည့်ပါ။ ခေါင်းထဲမှာ နက်နက်နဲနဲ စဉ်းစားကြည့်ပါ။ ဒီထဲက မီဒီယာအချို့လည်း ပါပါတယ်။ ဗမာ ဗမာချင်း သတ်နေတာကို၊ ဗမာ ဗမာချင်း သတ်တာကို (ထပ်ခါပြော) အားပေးအားမြှောက် လက်ခုပ်တီးနေတာကို ရောယောင်ပြီးတော့မှပဲ လက်ခုပ်တီးပြီး အားပေးနေကြသေးတယ်။ ပြန်လည် ဆင်ခြင်ကြည့်ပါ။ ဒီလောက်ပဲ ကျွန်တော် ပြောချင်ပါတယ်”
ယင်းမှာ ဗမာလူမျိုးနှင့် စစ်တပ် ကို တစ်ထပ်တည်းထားပြီး အခြားတိုင်းရင်းသားများကို သူများအုပ်စု၊ မတူသောအုပ်စု အဖြစ် သတ်မှတ်ထားသည့် စစ်တပ်၏ အမြင်ကို ဘွင်းဘွင်းကြီး ပေါ်လွင်စေသည်။
အမျိုးသားရေး ဝါဒဆိုတိုင်း မကောင်းဆိုးဝါးတစ်ခုတော့ မဟုတ်ပါ။ မြန်မာနိုင်ငံတွင် ဖြစ်နေသည်မှာ မျက်ကန်းမျိုးချစ်ဖြစ်ကြောင်း စာရေးဆရာမြင့်သန်းက ဆိုသည်[7]။ မြန်မာစစ်တပ်တည် ပုံသွင်းထားသော အမျိုးသားရေးဝါဒမှာ မြင့်သန်း ညွှန်းဆိုသလိုပင် စဉ်းစားဆင်ခြင်ခြင်းကို အားမပေးသည့်၊ တစ်ဖက်အုပ်စုများကို အမုန်းတရားသွတ်သွင်းထားသည့် မျိုးချစ်စိတ်၊ အမျိုးသားရေး ဝါဒဖြစ်သည်။
အမျိုးသားရေးဝါဒ၊ တိုင်းချစ် ပြည်ချစ်စိတ်တွင် အကောင်းဘက်အခြမ်းများလည်း ရှိသည်။ စာရေးဆရာကိုတာကတော့ ယဉ်ကျေးဖွယ်ရာ ရှိသော နိုင်ငံချစ်စိတ်ဟု ညွှန်းသည်။ နာမည်ကျော် စာရေးဆရာ မြသန်းတင့်၏ သမိုင်းစကား၊ ပန်းစကား စာအုပ်ပါ ဆောင်းပါးတစ်ရပ်၏ ကောက်နုတ်ချက်ဖြင့် ယခုအခန်းကို အဆုံးသတ်လိုပါသည်။
“အမျိုးသားဝါဒ၏ အကောင်းဆုံး ပုံသဏ္ဍာန်သည် နွေးထွေးလှိုက်လှဲသော မျိုးချစ် ဝါဒဖြစ်သည်။ အိုလံပစ်ပွဲတော်များတွင် ကိုယ့် အမျိုးသား သီချင်းကို ကြားလိုက်သည်နှင့် လည်ချောင်းထဲတွင် တစ်ဆို့ကာ ကြက်သီးတဖြန်းဖြန်း ထစေသော စိတ်ဓာတ်ဖြစ်သည်”
စစ်တပ်သည် အမျိုးကို စောင့်ရှောက်သူအဖြစ် ပုံဖော်သည်။ လာမည့် အခန်းတွင် အာဏာရှင်တို့ စစ်တပ်ကို လက်ကိုင်ဒုတ် အဖြစ် မည်သို့ အသုံးချနေသည်ကို လေ့လာကြည့်နိုင်သည်။
◀︎◀︎စစ်အာဏာရှင်ရဲ့ အမျိုးဘာသာ သာသနာဖဲချပ် (အပိုင်း ၁)
တီမို
Reference –
[1] MUKHERJEE, K. (2022). Race, ethnicity and religion in conflict across Asia. ROUTLEDGE.
[2] Myanmar’s military mindset: An exploratory survey. (n.d.-c).
[3] ရဲသော်မသေ သေသော်ငရဲမလား. ရဲသော်မသေ သေသော်ငရဲမလား | Myawady Webportal. (n.d.).
[4] သီတဂူ ကျဆုံးမှုသည် နွေဦးတော်လှန်ရေး၏ အောင်မြင်မှုတစ်ခုဖြစ်သည်. Myanmar Now. (2023, November 30).
[5] အာဏာရှင်နဲ့ ထေရဝါဒ. ဧရာဝတီ. (2023, July 16).
[6] အမျိုးသားရေး လှုပ်ရှားမှုများအား လေ့လာစောင့်ကြည့်မှု အစီရင်ခံစာ၊ အောက်တိုဘာ ၂၀၂၁
[7] BBC. (n.d.). မျိုးချစ်စိတ်အကြောင်း ပညာရေးနဲ့ ဘာသာရေး ပြုပြင်မှုတွေအကြောင်း. BBC News မြန်မာ.