စစ်အာဏာရှင်ရဲ့ အမျိုးဘာသာ သာသနာဖဲချပ်
Share:FacebookX

စစ်အာဏာရှင်ရဲ့ အမျိုးဘာသာ သာသနာဖဲချပ်

(ယခုဆောင်းပါးမှာ မြန်မာ စစ်အာဏာရှင်တို့ သမိုင်းတစ်လျှောက် ပြည်သူလူထုကို ဦးနှောက်ဆေး လှည့်ဖျားရန် မည်သည့်နည်းများ အသုံးပြုခဲ့သည်ကို သုတေသနပြု ထုတ်ဝေထားသော ဝင်္ကန္တ မုသား သို့မဟုတ် မြန်မာ စစ်အာဏာရှင်၏ ဝါဒဖြန့်ဖဲချပ်များ စာတမ်းမှ ထုတ်နုတ်တင်ဆက်ခြင်း ဖြစ်ပါသည်။ တီမိုပြုစုတင်ပြသည့် ယင်းသုတသန စာတမ်းကို ၂၀၂၃ ခုနှစ်တွင် The Red Flag အဖွဲ့က ထုတ်ဝေခဲ့ခြင်းဖြစ်သည်။)

ကမ္ဘာ့သမိုင်းစဉ် တစ်လျှောက်ကို မျှော်ကြည့်ပါက အမျိုးသားရေးဝါဒကို အာဏာတည်ဆောက်ရေးအတွက် အမျိုးမျိုး အသုံးပြုခဲ့ကြသည်။ နာဇီနှင့် ဖက်ဆစ်ဝါဒသည် အထင်ရှားဆုံး ဥပမာများဖြစ်သည်။ ပထမ ကမ္ဘာစစ်နှင့် ဒုတိယ ကမ္ဘာစစ်အကြား နာဇီနှင့် ဖက်ဆစ်ဝါဒ ထွန်းကားပြီး အမျိုးသားရေး အစွန်းရောက်ဝါဒကို အသုံးပြုကာ အာဏာရှင်တို့ မည်သို့ ခြယ်လှယ်ခဲ့သည်ကို ဦးစွာ လေ့လာနိုင်သည်[1]

မူဆိုလီနီ၏ ဖက်ဆစ်ဝါဒသည် နိမ့်ပါးနေရသော တိုင်းပြည်ကို ပြန်လည် ထူထောင်ရမည်။ ရိုမန် အင်ပါယာခေတ်က အီတလီတို့၏ ဂုဏ်ကျက်သရေ၊ နယ်နိမိတ် အပိုင်းအခြားကို ပြန်ယူရမည်။ ထိုသို့ နယ်မြေချဲ့ထွင်ရေးဖြင့် အီတလီ၏ ကြီးမြတ်မှုကို ပြန်ဖော်မည်။ ရိုမန်ခေတ်က စိုးမိုးခဲ့သည့် အတိုင်း မြေထဲပင်လယ်အဝန်းအဝိုင်းကို တစ်ဖန်ပြန်လည် စိုးမိုးမည်ဟု ဖြစ်သည်။ အီတလီလူမျိုးတို့သည် အခြားလူမျိုးများထက် မြင့်မြတ်သည်။ ထိုသို့ မြင့်မြတ်မှုမှာ ဇီ၀ဖြစ်စဉ်ကြောင့် မဟုတ်။ ယဉ်ကျေးမှု သမိုင်းကြောင်း ကြောင့်ဖြစ်သည်။ အီတလီတို့သည် အခြား လူမျိုးတို့အတွက် ယဉ်ကျေးမှုနှင့် ပညာရေး တို့ကို ဆောင်ကြဉ်းပေးလာသူ အဖြစ် မူဆိုလီနီက ရှုမြင်သည်။

မူဆိုလီနီလိုပင် ဟစ်တလာသည်လည်း ဖက်ဆစ်ဝါဒကို ယုံကြည်သည်။ ပထမ ကမ္ဘာစစ်တွင် ဂျာမန်တို့ စစ်ရှုံးရခြင်းနှင့် ပတ်သက်၍ နောက်ကျော ဓားနှင့်ထိုးသူ သစ္စာဖောက်များကို အပြစ်တင်သည်။ ဂျာမနီတို့သည် အရှုံးသမားမဟုတ်။ ထိုမခံချင်စိတ်ကပင် ဟစ်တလာကို နိုင်ငံရေးသို့ ဝင်စေသည်။ အပြောအဟော ကောင်းကောင်းဖြင့် နာဇီအမျိုးသားရေး ဝါဒကို စည်းရုံးသည်။ သူတို့သည် ကြီးမြတ်သော အမျိုးအနွယ်မှ လာသဖြင့် အခြား အားနည်း ယုတ်ညံ့သော လူမျိုးများ အပေါ်တွင် လွှမ်းမိုးချုပ်ကိုင် ပိုင်ခွင့်ရှိသည်။ ဂျာမနီတို့၏ အရှုံးအတွက် အခြား လူအုပ်စုများကို အပြစ်ဖို့သည်။ တရားခံရှာသည်။ သူတို့-ငါတို့ ဆိုသည့် နာဇီဖက်ဆစ်အမြင်ကို ဖန်တီးသည်။ ဂျာမနီနိုင်ငံတော် အကျိုးဖျက်ဆီးသော အခြား သွေးမသန့်သည် လူမျိုးများကို ရက်ရက်စက်စက် နှိမ်နင်းသည်။

၁၉၃၁ ခုနှစ်တွင် စပိန်တွင် ဘုရင်စနစ် အဆုံးသတ်ပြီး သမ္မတနိုင်ငံထူထောင်ရန် ရွေးကောက်ပွဲတွင် မဲပေးလိုက်ကြသော အခါ ဘုရင်စနစ်ထောက်ခံရေးသမား စစ်အရာရှိ ဖရန်ကို များစွာ ဝမ်းနည်းရသည်။  နောက် ငါးနှစ်အကြာတွင် စပိန်တွင် ပြည်တွင်းစစ်ဖြစ်သည်။ ၁၉၃၉ ခုနှစ်တွင် ဗိုလ်ချုပ် ဖရန်ကို အောင်ပွဲဆင်ပြီး ပြည်တွင်း စစ်အဆုံးသတ်သွားသည်။ စပိန်တွင် ဘုရင်စနစ် ပြုတ်ကျသွားခြင်းမှာ ကွန်မြူနစ်များ၊ ဂျူးများကြောင့် ဖြစ်ကြောင်း ဖရန်ကိုက ဝါဒဖြန့်သည်။ ပြည်တွင်းစစ်ကာလအတွင်း ဗိုလ်ချုပ် ဖရန်ကိုကို ဟစ်တလာ နာဇီနှင့် ဖက်စစ်အီတလီတို့က အထူးကူညီခဲ့ကြသည်။ ဖရန်ကိုသည် နာဇီနှင့် ဖက်ဆစ်တို့ လောက် မပြင်းထန်သော်လည်း စပိန်အမျိုးသားရေး အစွန်းရောက် ဝါဒကို အလေးထားသည်။ စပိန်တွင် အဓိက ဘာသာ စကားခြောက်မျိုး ရှိသည့်တိုင် ကာစတီလီယံ စပိန်ဘာသာစကား တစ်မျိုးတည်းကိုသာ တရားဝင် ပြဋ္ဌာန်းသည်။ အခြား ဘာသာစကားများကို ပိတ်ပင်သည်။ မူဆိုလီနီနှင့် ဟစ်တလာတို့ကဲ့သို့ စပိန်ကို တစ်ဖန်ပြန်လည် မွေးဖွားရမည်၊ ယခင်စပိန်တို့၏ ဂုဏ်ကျက်သရေကို ပြန်ဖော်ဆောင်ရမည်ဟု မရည်ညွန်းသော်လည်း တစ်ပါတီ အာဏာရှင်စနစ်၊ လူမျိုးတစ်မျိုးတည်းကို ဦးတည်သော စနစ်ဖြင့် ၁၉၇၅ ခုနှစ်အထိ အုပ်ချုပ်သွားခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ဘုရင်စနစ်ကို ပြန်လည် အသက်သွင်းလိုက်သေးသည်။

၎င်းတို့အားလုံးမှာ လူမျိုးအခြေခံ အစွန်းရောက် အမျိုးသားရေးဝါဒ၊ အခြားလူအုပ်စုများကို ခွဲခြား အပြစ်ဖို့ခြင်း၊ ရန်သူအဖြစ် ပုံဖော်ခြင်း ပြုခဲ့သည်။ ထိုနည်းဖြင့် အာဏာရရှိရေး၊ အာဏာတည်မြဲရေး လုပ်ဆောင်ခဲ့သည်။ အာဏာရှင်တို့ ထုံးစံအတိုင်း အကြမ်းဖက်နည်း အသုံးပြုသည်၊ အတိုက်အခံများကို နှိပ်ကွပ်သည်။ ရွေးကောက်ပွဲများတွင် ခြယ်လှယ်သည်။

မူဆိုလီနီနှင့် ဟစ်တလာတို့မှာ ပိုအစွန်းရောက်သော အမျိုးသားရေး ဝါဒဖြင့် လူထုကို လှည့်ဖျားလှုံ့ဆော်သည်။ မူဆိုလီနီ အဆိုအရ ယဉ်ကျေးမှုမြင့်မားသော အီတလီတို့မှာ ယဉ်ကျေးမှု အစဉ်အလာ လူမျိုးအားဖြင့် ပိုကြီးမြတ်သည်။ ဟစ်တလာ၏ အဆိုအရ ဂျာမန်တို့မှာ မျိုးဗီဇ သွေးသားအားဖြင့်ကို ပိုမြင့်မြတ်သည်။ ထိုကြီးမြတ်မှု၊ တိုင်းပြည်၏ ဂုဏ်ကျက်သရေ ပြန်လည်အဖတ်ရမည်။ ရန်သူများ၊ သစ္စာဖောက်များကို သုတ်သင်ရှင်းလင်း ဖယ်ရှားရမည်။ ထိုသို့ လုပ်ဆောင်ရာတွင် ဂျာမန်များ၊ အီတာလျံများသည် ၎င်းတို့နှင့် အတူတကွ စည်းလုံးညီညွတ်စွာ ရှိနေရမည်။

ဖရန်ကိုကမူ ဖက်ဆစ် လူမျိုးရေး အစွန်းရောက်ဝါဒကို လိုအပ်သလောက်သာ အသုံးပြုသည်။ သူအာဏာထူထောင်ရာတွင် လူထုညီညီညွတ်ညွတ် ပါဝင်ရေးအတွက်သုံးသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျာမနီနှင့် အီတလီ ဖက်စစ်ဝင်ရိုးတန်းတွင် တရားဝင်သွားပေါင်းခြင်း မရှိဘဲ လက်ရှောင်ခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း ၈၀ ဝန်းကျင်က ဖြစ်ပျက်ခဲ့သော်လည်း ယနေ့ အချို့သော ဒီမိုကရေစီ ဆိုသည့် နိုင်ငံများတွင်ပင် အမျိုးသားရေးဝါဒက အခြေပြုကာ အာဏာတည်မြဲရေး ကြိုးပမ်းနေဆဲ ဖြစ်သည်။ လူမျိုးပေါင်းစုံနေထိုင်သော အိန္ဒိယတွင် မိုဒီ၏ BJP ပါတီ အာဏာရလာပြီးနောက် ဟိန္ဒူအစွန်းရောက် အမျိုးသားရေးဝါဒကို သွတ်သွင်းလျက်ရှိသည်။ မိုဒီ၏ လူပြိန်းကြိုက်ဝါဒသည် အောက်ခြေလူတန်းစားများအတွက် စီးပွားရေး ဖွံ့ဖြိုးရေး မူဝါဒ၊ တပါးသူများ၏ လွှမ်းမိုးချုပ်ကိုင်မှု (အထူးအားဖြင့် မွတ်စလင်) အပေါ် စိုးရိမ်ချက်အပေါ် အခြေခံသည်။ ဆင်းရဲသားများအတွက် ဦးဆောင်ဦးရွက်ပြုသူဟု သူ့ကိုယ်သူ ပုံဖော်ကာ ဟိန္ဒူများနှင့် အခြားတိုင်းရင်းသားများ ပိုမိုသွေးကွဲစေနိုင်သည့် မိန့်ခွန်းများ မူဝါဒများကို ချမှတ်လျက်ရှိသည်။ သို့သော် အချက်အလက်များအရမူ သူ၏ မူဝါဒများကြောင့် ဝင်ငွေနိမ့်လူတန်းစားများကို ပိုမိုဆိုးရွားစေလျက်ရှိသည်။ ထိုအပြင် အိန္ဒိယ၏ လူမျိုးပေါင်းစုံ သဟဇာတ ဖြစ်စွာ နေထိုင်သော ဒီမိုကရေစီ ပုံရိပ်ကို နိုင်ငံတကာအလယ် အကြီးအကျယ် ထိခိုက်စေလျက်ရှိသည်[2]

ယင်းမှာ လူအများကို ညှို့ယူဖမ်းစားနိုင်သည့် လူပြိန်းကြိုက်ဝါဒီဖြစ်ပြီး အာဏာရှင် စနစ်သို့ ဦးတည်သွားနေကြောင်း အိန္ဒိယနိုင်ငံရေးသမားအချို့က ဝေဖန်လျက်ရှိသည်။ လူအများ ရုတ်တရက်သဘောခွေ့နိုင်သော အမျိုးသားရေးဝါဒကို အာဏာတည်မြဲရေးအသုံးချနေသည်ဟု ၎င်းတို့က ဆိုသည်။ လယ်သမား၊ အလုပ်သမား၊ အမျိုးသမီး၊ လူငယ်တို့အတွက် မည်သို့သော မူဝါဒများ ရှိကြောင်း ပြောဆိုခြင်းမရှိဘဲ ဘာသာရေး၊ လူမျိုးရေး ကိစ္စများကိုသာ ဇောင်းပေးပြောဆိုစည်းရုံးနေခြင်းအတွက် မိုဒီကို ဝေဖန်လျက်ရှိသည်[3]

ယင်းမှာ မူဝါဒ အချက်အလက်အခြေခံထက် လူထုပရိသတ်ကို စိတ်ခံစားမှု ဇောင်းပေးသည့် စည်းရုံးမှု အဖြစ် ဝေဖန်ခံရသည်။ ခေတ်သစ်နိုင်ငံရေး ဝန်းကျင်တွင်မူ မူဝါဒအသားပေးထက် လူထုကို ကျလောက်အောင် ပြောဆိုနိုင်သည့် အမှန်အတရားအလွန် ဂျင်းနိုင်ငံရေး (Post-truth Politics) မှာ များစွာ ထင်ရှားလာသည်။ ရှေးယခင်ကလည်း ဟစ်တလာ၊ မော်စီတုန်း တို့ကို အဟောအပြောကောင်း၊ လူထုကို စိတ်ညှို့လာပြော ပြောဆို လှည့်စားနိုင်စွမ်းရှိသူများ အဖြစ် သတ်မှတ်ခဲ့သည်[4]

စီးပွားရေး၊ လူမှုရေး မညီမျှတို့အပေါ် စိတ်အချည်ပေါက်နေသော အောက်ခြေလူတန်းစားတို့ကို အဓိက ဦးတည်သော ဂျင်းနိုင်ငံရေးဖြစ်သည်။ အချက်အလက်အပေါ် အခြေမခံသော နိုင်ငံရေး ဟောပြောစည်းရုံးမှုများ၊ လူတို့၏ ဒေါသစိတ်ကို ဆွပေးသော စည်းရုံးမှုများ၊ အမျိုးသားရေး ဝါဒီများ၏ ခံစားချက်ကို ထိစေသော စည်းရုံးမှုများဖြစ်သည်။ မှန်သည် မှားသည် နောက်ထား။ ကြားကောင်းသော၊ နားဝင်ကောင်းသော၊ လူအများ ခိုက်လောက်သော စကားလုံးလှလှများ ပစ်သွင်းသောနိုင်ငံရေး အခြေခံဖြစ်သည်။ ခေတ်သစ် နိုင်ငံရေး သိပ္ပံတွင် ဒေါ်နယ်ထရမ့် သမ္မတ မဲဆွယ်စည်းရုံစဉ် နှင့် Brexit (ဗြိတိန်က ဥရောပသမဂ္ဂ မှ ခွဲထွက်ရေး) မဲဆွယ်ကာလတို့ကို အဓိက ရည်ညွှန်းပြောဆိုကြသည်။

အမေရိကန်ပြည်ထောင်စု ကြီးမြတ်အောင် ပြန်လည်ကြံဆောင်မည်ဟူသော မဲဆွယ်စကားကို  ဒေါ်နယ်ထရမ် အဓိက သုံးသည်။ အိုဘားမား၏ မွေးစာရင်းမှာ အတုကြီး၊ အိုဘားမားမှာ IS မွတ်ဆလင် အကြမ်းဖက်အဖွဲ့ကို မွေးဖွားပေးခဲ့သူကြီး၊ အမေရိကန် ယခုဒုက္ခရောက်နေသည်မှာ ယခင် သမ္မတတို့၏ လုပ်ရပ်ကြောင့် စသည့် လူအများကို ခိုက်လောက်သည့် စကားလုံးများသုံးသည်။

Brexit မဲဆွယ်ကာလတွင်လည်း ထိုသို့သော လူအများကို လွယ်လွယ်ထိထိ ဖြစ်နိုင်မည့် ဂျင်းစကားလုံးများကို သုံးသည်။ ဥရောပ သမဂ္ဂ (EU) မှ ထွက်လိုက်ပါက ဗြိတိန် ကျန်းမာရေး စောင့်ရှောက်မှု အတွက် တစ်ပတ် ပေါင် သန်း ၃၅၀ လောက်ပိုသုံးနိုင်မည်။ တူရကီက EU အဖွဲ့ဝင်တော့မည်၊ ထိုကြောင့် တူရကီက လူတွေ အုံလိုက်ကျင်းလိုက် ဗြိတိန်ကို လာကြတော့မည်၊ Brexit ဟုဆိုတိုင်း ဥရောပ စျေးကွက်မှ ထွက်ခြင်း မဟုတ် စသည့် မမှန်သတင်းများ ဖြန့်ပြီး မဲဆွယ်ခဲ့ကြသည်။

၎င်းတို့မှာ လူအုပ်စု တစ်ခုခု၊ စနစ်တစ်ခုခု ကြောင့် တိုင်းပြည်နိုင်ငံ လူမျိုးတို့ကို မည်သို့ ထိခိုက်နေသည်ဟု မဟုတ်မမှန် လိမ်လည်ပြီး အမျိုးသားရေးဂျင်းထည့်ခြင်း တစ်မျိုးလည်းဖြစ်သည်။

(အပိုင်း ၂ ကို ဆက်လက်ဖော်ပြပါမည်)

တီမို

Reference –

[1] Dictators and nationalism: (n.d.). 

[2] Modi’s India: Hindu nationalism and the rise of ethnic democracy on JSTOR. (n.d.-b).

[3] Migrator. (n.d.). Dictators use nationalism to captivate people: Gehlot. Deccan Herald. 

[4] Márquez, X. (2023). Non-democratic politics: Authoritarianism, dictatorship, and democratization. Bloomsbury Academic.

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .