၂၀၂၅ စက်တင်ဘာလ ၁၅ ရက်
Fact-check_ SHAN News/ The Red Flag/ MFCN
သျှမ်းသံတော်ဆင့်သတင်းဌာနမှ ဖြန့်ဝေထားသည့်ပုံစံဖြင့် စစ်ကော်မရှင်၏ ဒရုန်းကြောင့် TNLA သူနာပြုဆရာမ အယောက် ၃၀ ကျဆုံးသွားသည်ဟု ဆိုကာ သတင်းအမှားဖြန့်ချိနေပါသည်။
အဆိုပါသတင်းအမှားကို “ရှမ်းပြည်နယ်ဖက်ဒရယ် ဒီမိုကရေစီသတင်းစုံ” ဆိုသည့် စာမျက်နှာတစ်ခုမှ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဖြန့်ဝေထားခြင်း ဖြစ်သည်။
၎င်းက”သီပေါကနေ ကျောက်မဲဘက်ကို ထွက်လာတဲ့ TNLA ရဲ့ သူနာပြုမလေး အယောက် ၃၀ လုံး လမ်းတစ်ဝက်မှာ စကမရဲ့ ဒရုန်းကြောင့် အကုန်လုံးကျဆုံး” ဟု (မူးရင်းအရေးအသား) ရေးသားဖြန့်ချိခဲ့ရာ reaction ပြုလုပ်သူ ၁၈၂ ဦးနှင့် ပြန်လည်မျှဝေသူ ၆၀ ဦး ရှိသည်။
ထို့အပြင် စစ်တပ်လော်ဘီ စာမျက်နှာတချို့ကလည်း အဆိုပါအကြောင်းအရာကို ကော်ပီယူတင်ပြီး ပြန်လည်ဖြန့်ဝေနေကြသည်။မူးရင်းလင့်ခ် – https://archive.ph/ENgWk
နွေဦးရောင်ခြည် – https://archive.ph/gzbmf
PCT News – https://archive.ph/isVo8
အချက်အလက်စိစစ်ချက်
လူမှုမီဒီယာဖေ့ဘွတ်ခ်ပေါ်မှ ပျံ့နှံ့နေသာ အကြောင်းအရာကို MNFC အဖွဲ့ဝင် သျှမ်းသံတော်ဆင့် သတင်းဌာနမှ စိစစ်ကြည့်ရာ လုပ်ကြံဖန်တီးထားသည့် သတင်းအမှားဖြစ်နေကြောင်း စိစစ်တွေ့ရှိခဲ့သည်။
စစ်ဆေးတွေ့ရှိချက်အရ TNLA ၏ သူနာပြုဆရာမ အယောက် ၃၀ သည် စစ်ကော်မရှင်၏ ဒရုန်းကြောင့် အကုန်ကျဆုံးသွားသည်ဆိုသည့် အကြောင်းအရာအား လွတ်လပ်သည့် သတင်းမီဒီယာများတွင် သတင်းဖော်ပြထားခြင်း လုံးဝမတွေ့ရပေ။
ဖြန့်ဝေထားသည့်ပိုစ့်တွင် အသုံးပြုထားသော ဓာတ်ပုံကို Reverse Image Search ဖြင့် ရှာဖွေကြည့်သည့် အခါမှာလည်း ဓာတ်ပုံသည် ယခင်ကဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်တစ်ခုမှ ဓာတ်ပုံအဟောင်းဖြစ်နေသည်။
အဆိုပါဓာတ်ပုံကို စစ်တပ်လော်ဘီချန်နယ်များတွင် မကြာခဏဆိုသလို အသုံးပြုလေ့ရှိပြီး ၂၀၂၄ ခုနှစ် မတ်လ ၂၈ ရက်နေ့တုန်းကလည်း သတင်းအမှားတခုကို ဖြန့်ချိခဲ့ရာမှာ အသုံးပြုခဲ့သည်ကို အချက်အလက် စစ်ဆေးသည့် ဝဘ်ဆိုဒ်တခုဖြစ်သည့် Boom Myanmar က စစ်ဆေးခဲ့ဖူးသည်။
Boom Myanmar မှ အချက်အလက်စစ်ဆေးထားတဲ့ Link – https://bit.ly/41Pk2TJ
ထို့ပြင် ဖြန့်ဝေထားသည့် ဓာတ်ပုံသည် သျှမ်းပြည်အခြေစိုက်သတင်းဌာတခုဖြစ်သည့် သျှမ်းသံတော်ဆင့် သတင်းဌာနမှ ဖြန့်ဝေထားသည့်ပုံစံဖြင့် တုပပြုလုပ်ဖြန့်ဝေထားသည်ကို တွေ့ရသည်။ သျှမ်းသံတော်ဆင့် သတင်းဌာန ဝဘ်ဆိုဒ်နှင့် ဖေ့ဘတ်ခ်စာမျက်နှာတွင် အဆိုပါအကြောင်းအရာကို ဖော်ပြထားခြင်း လုံးမ မရှိပေ။
သျှမ်းသံတော်ဆင့်ဝဘ်ဆိုက်ဒ် – https://bit.ly/465c23y
သျှမ်းသံတော်ဆင့် ဖေ့ဘွတ်ခ် – https://bit.ly/4n0w8Sn
သုံးသပ်ချက်
စစ်ဆေးတွေ့ရှိချက်များအရ TNLA ၏ သူနာပြုဆရာမ အယောက် ၃၀ သည် စစ်ကော်မရှင်၏ ဒရုန်းကြောင့် အကုန်ကျဆုံးသွားသည်ဆိုသည့် အကြောင်းအရာသည် ဒေသတွင်း သတင်းမီဒီယာဖြစ်သည့် သျှမ်းသံတော်ဆင့်သတင်းဌာနပုံစံကို တုပပြုလုပ်ပြီး လုပ်ကြံဖန်တီးထားသည့် သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့သည်။
အဆိုပါအကြောင်းအရာကို အချက်အလက်စစ်ဆေးသည့် ဝဘ်ဆိုဒ်တခုဖြစ်သည့် “ဟုတ်တယ် Vs မဟုတ်ဘူး” အဖွဲ့က ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင်လည်း စစ်ဆေးခဲ့သည်။
ဟုတ်တယ် Vs မဟုတ်ဘူးအဖွဲ့မှ အချက်အလက်စစ်ဆေးထားတဲ့ Link – https://shorturl.at/aMSnt
ရှမ်းပြည်နယ် ဖက်ဒရယ်ဒီမိုကရေစီ သတင်းစုံဆိုသည့် နာမည်ဖြင့် ဖွင့်လှစ်ထားသည့် စာမျက်နှာသည် လူမျိုးရေး ပဋိက္ခဖြစ်ပွားစေနိုင်သည့် အကြောင်းအရာတွေကို ဖြန့်ဝေဝါဒဖြန့်နေသည့် ဒီမိုကရေစီ အယောင်ဆောင် စာမျက်နှာတခုဖြစ်ပြီး စာမျက်နှာကိုထိန်းချုပ်ထားသည့် Admin အကောင့် ၁ ခုရှိပြီး ထိုင်းနိုင်ငံမှ ထိန်းချုပ်နေခြင်း ဖြစ်ကြောင်း “ဟုတ်တယ် Vs မဟုတ်ဘူး” အဖွဲ့က ဖော်ပြထားသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့်လည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှတစ်ဆင့် ပျံ့နှံ့လာသော သတင်းအကြောင်းအရာများကို ချက်ချင်းဆိုသလို အလွယ်တကူ လက်ခံယုံကြည်ပြီး ပြန်လည်မျှဝေခြင်း မပြုလုပ်ကြရန် တိုက်တွန်းပါသည်။
စာဖတ်သူများအနေဖြင့် သတင်းတု/သတင်းမှား ဖြစ်သည်ဟု သံသယရှိသည် ဖြစ်စေ၊ မှန်ကန်သည့်သတင်း ဟုတ်/ မဟုတ် အတည်ပြု မေးမြန်းလိုသည် ဖြစ်စေ Fact-checking ပြုလုပ်ပေးသည့် သတင်းဌာန၊ အဖွဲ့အစည်းများ၏ Chat Box မှတစ်ဆင့် သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork