အနစ်နာခံသော၊ တိုင်းပြည် အတွက် စွန့်လွှတ်သော၊ မည်သည့် အခါမျှ ရလိုမှု မရှိဘဲ တိုင်းပြည်အတွက် အသက်ပေးဆပ်လိုသော တပ်မတော်၊ တပ်မတော်သား တို့ အဖြစ် ပုံသွင်းဝါဒဖြန့်ထားသည်။ နည်းပါးလှသော ရိက္ခာ၊ လစာတို့သာ အောက်ခြေ တပ်မတော်သားတို့က ရရှိကြသော်လည်း တပ်မတော်က ကျွေးထားခြင်းဖြစ်ကြောင်း၊ တပ်မတော်ကို ကျေးဇူး သိသင့်ကြောင်း တတွင်တွင်ကြီး ဝါဒဖြန့်သည်။ သို့သော် တပ်ထိပ်ပိုင်းခေါင်းဆောင်တို့မှာ အမျိုးမျိုးသော စီးပွားရေး အကျိုးအမြတ်၊ တိုင်းပြည် သယံဇာတများကို ကိုယ်ကျိုးရှာပြီး ကြွယ်ပိုးကြွယ်ဝ ရှိနေကြသည်။ တပ်မတော်သား၊ တပ်မတော်အရာရှိငယ်တို့ကို တွင်တွင်ကြီး ဝါဒဖြန့်ချိခြင်း အပြင် ပြင်ပ လောကနှင့် ထိတွေ့မှု နည်းနိုင်သမျှ နည်းအောင်လည်း ပြုလုပ်ထားသည်။ တပ်အလုပ်များဖြင့် နေ့စဉ် မအားလပ်အောင် စီစဉ်ထားသည်။ ထိုနည်းဖြင့် အခြားပြင်ပတွင် ဖြစ်ပျက်နေသော အရာများကို မလေ့လာနိုင်ရန်၊ မတွေးတော မဆင်ခြင်နိုင်ရန် စီစဉ်ထားသည်။ တပ်ကပြောသမျှကိုသာ တပ်သားများက ယုံကြည်စေရန် ဦးနှောက်ဆေးထားသည်။ တပ်က ကျွေးကျေးဇူးရှင် အမိ အဖ ဖြစ်ပြီး တပ်က ခိုင်းပါက (ဘာမျှ မစဉ်းစားဘဲ) လုပ်ကို လုပ်ရမည်ဟူသော အယူအဆကို ရိုက်သွင်းထားသည်။ ထိုသို့ဖြင့် တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ ယူသော သဘောတရားကို ရိုက်သွင်းထားသည်။ တပ်က ခိုင်းသမျှ တပ်သားများက လုပ်ရမည့် ကျွန်တို့အဖြစ် ပုံသွင်းထားသည်။
“မနက် မိုးလင်းတာနဲ့ စစ်တပ်ရဲ့ အလုပ်တွေနဲ့ပဲ လုပ်ဆောင်နေကြတော့ Social Media သုံးစွဲဖို့ အချိန်မပေးနိုင်ဘူး။ Social Media ကို စိတ်ပျော်မဲ့ ဖျော်ဖြေရေးအတွက်ပဲ ခဏ သုံးရတယ်။ စစ်တပ်ပြန်ကြားရေး ဒါမှမဟုတ် အကြီးအကဲ မိန့်ခွန်းတွေဆို Social Media မှာ ကြည့်ဖို့ အမိန့် ညွှန်ကြားချက်လာလို့ မကြည့်မဖြစ်ရအောင် ခန်းမကြီးထဲမှာ မိသားစု အလိုက် ကြည့်ရတယ်။ စစ်တပ်ထုတ် သတင်းစာတွေကို ဆိုလည်း မဖြစ်မနေ ဝယ်ဖတ်ရတယ်။ စစ်တိုက်ဖို့ကို ရှေ့တန်း ၂ နှစ်သွားပြီး နောက်တန်းကို တစ်နှစ်နားဖို့ ပြန်လာရပေမဲ့ စစ်တပ်ထဲက အလုပ်တွေကို လုပ်ရတယ်။ သို့ပေမဲ့ ပင်ပန်းတယ်ဆိုတဲ့ အတွေး မရှိဘူး။ ဘာကြောင့်လဲဆိုတော့ စစ်သားဆိုတာ စစ်တပ်က ချထားတဲ့ တာဝန်တွေကို လုပ်ရမှာပဲ ဆိုတဲ့ ဝါဒမှိုင်းမိထားလို့ပါ”CDM ဗိုလ်ကြီး ထက်မြက် (စကားမစပ် အစီအစဉ်မှ[1])
စစ်သား စုဆောင်းရာတွင်လည်း ခိုးလုအချုပ်ကျ၊ ပညာမတတ်၊ နေစရာ စားစရာ ရမည်၊ လက်နက်ကိုင် ယူနီဖောင်းဝတ်ရမည် စသည့် မက်လုံးများဖြင့်သာ စုဆောင်းထားသည်။ တကယ့် စစ်သားဖြစ်ချင်စိတ်ဖြင့် ဝင်လာသူများ မဟုတ်ဟု ယေဘုယျအားဖြင့် ဆိုကြသည်။ ထိုကြောင့် ပြင်ပကမ္ဘာကို နားလည်သိနိုင်စွမ်းနှင့် စဉ်းစားတွေးခေါ်နိုင်စွမ်းနည်းပါးသည်။ “ဒီစစ်သားတွေက အကြောက်တရားတွေ အမိန့်တွေကြောင့် မိုလို့သာ သူတို့ရဲ့ နေ့စဉ်လုပ်ငန်း တာဝန်တွေကို ဆောင်ရွက်နေကြတာ။ သူတို့ရဲ့ ကိုယ်ပိုင် အတွေးအခေါ်ပေါ့နော်။ ဒီဟာက ငါတို့ကို ခိုင်းတာက မှန်သလား မှားသလားဆိုတာကို ထပ်ဆင့်ပြီးတွေးတော နိုင်စွမ်း မရှိကြဘူး။
“. . . အရာရှိ အဆင့်ဆိုရင်လည်း သင်တန်းဆင်းတာနဲ့ ဘယ်တပ်ကို ရောက်မလဲဆိုတာကို ရင်ခုန်ကြတယ်။ ကိုယ်ကျိုးစီးပွားရှာချင်လို့ စစ်သားလုပ်ချင်ကြတာ[2]။ဗိုလ်ကြီး ထက်မြက်
နောက်ထပ် အပြောများသော ဆောင်ပုဒ် တစ်ခုမှာ ‘တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်’ ဟူ၍ ဖြစ်သည်။ ထိုသို့ဖြင့် တပ်မတော် အင်စတီကျူးရှင်းကို တိုင်းပြည် ဘဏ္ဍာ အရင်းအမြစ် အများအပြားသုံးကာ တည်ဆောက်ခဲ့သည်။ ပညာရေး၊ ကျန်းမာရေး ဘတ်ဂျက်ထက် များစွာ ပုံသုံးကာ တပ်မတော်ကို တည်ဆောက်ခဲ့သည်။ ခေတ်မီ တပ်မတော်ဟုလည်း သူတို့ကိုယ်သူတို့ ညွှန်းဆိုလေ့ရှိသည်။ တိုင်းပြည်တည်ဆောက်ရေးဟု တသွင်သွင်ပြောကာ တပ်မတော် တည်ဆောက်ရေး ကိုသာ ဦးတည်ခဲ့သည်။ ယင်းနှင့် ပတ်သက်၍ အများဆုံး ဝါဒဖြန့်လေ့ရှိသည့် ဇာတ်ကြောင်းအချို့လည်း ရှိသည်။ အမေရိကန်ပြည်ထောင်စု၊ တရုတ် တို့တွင်လည်း စစ်အင်အားတောင့်တင်းသော နိုင်ငံများဖြစ်ကြောင်း၊ ထိုကြောင့် မည်သူမျှ မစော်ကားရဲကြ။ ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲခင်က မည်သူမျှ မစော်ကားရဲကြ။ သို့သော် အစိတ်စိတ် အမွှာမွှာကွဲပြီးနောက် ဆိုဗီယက်၏ အင်အားချိနဲ့သွားရသည်။ မြန်မာနိုင်ငံသည် အိန္ဒိယ၊ တရုတ်ကဲ့သို့သော နိုင်ငံကြီးများ ကြားထဲရှိနေသဖြင့် တိုင်းပြည် အင်အားရှိဖို့ တပ်မတော် အင်အားရှိရန် လိုသည်။ အနောက်ဘက်မှ ခိုးဝင်ခိုးထွက်များကို ကာကွယ်ရန်၊ ပြည်သူ သန်း ၆၀ ကို ကာကွယ်ရန် တပ်မတော် အင်အားရှိဖို့ လိုသည်။ ယနေ့ကဲသို့သော စစ်ပူကာလတွင် ပြည်ပ ဩဇာခံ မဖြစ်ဖို့၊ လွတ်လပ်ရေး မဆုံးရှုံးဖို့၊ အချုပ်အခြာ အာဏာတည်မြဲဖို့ တပ်မတော် အင်အားရှိဖို့ လိုသည်။ တိုင်းပြည် မချမ်းသာလျှင် နေပါစေ၊ တိုင်ပြည် ဆင်းရဲနေပါစေ တပ်မတော် လက်နက် အင်အားရှိပါက မြောက်ကိုးရီးယားကဲ့သို့ ကမ္ဘာ့ အလယ်တွင် တိုင်းပြည်ကြီးတို့ စောင့်ကြည့်ခံရသော နိုင်ငံဖြစ်လာမည် ဟုပင် မတော်တရော် ညွှန်းဆိုကြသည်[3]။ ၂၀၂၂ ခုနှစ် တပ်မတော်နေ့ အကြို ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းက ထုတ်ပြန်ခဲ့သော ဆောင်းပါး တစ်ရပ်တွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။ စသည့် ဇာတ်ကြောင်းများမှာ တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်ဟု ရိုက်သွင်းထားသော ဇာတ်ကြောင်း အကြောင်းအချက်များအနက် အချို့ဖြစ်သည်။ အခြား တစ်ဖက်တွင်လည်း စဉ်းစားဖွယ်ရာ အချို့ရှိသည်။ မြန်မာတပ်မတော်သည် မည်မျှ အထိ အင်အားရှိပါသနည်း။ အမှန်တကယ်ပင် တိုင်းပြည်ကို ကာကွယ်နိုင်ပါ၏လော။ အချက်အလက်များကို မကြည့်ဘဲ ယုတ္တိနည်းတစ်ခုဖြင့် ရှုကြည့်နိုင်ပါသည်။ စစ်ရေးနှင့် စစ်တပ် လေ့လာသူ စာရေးဆရာ နိုင်ထိုက်က သူ၏ ‘မြန်မာရာဇဝင်၊ စစ်ဘုရင်နဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍ’ စာအုပ်တွင် အောက်ပါအတိုင်း ပြတ်ပြတ်ထင်ထင် ရေးသားထားသည်။ “ကမ္ဘာမြေပုံပေါ်မှာ အရှိအတိုင်း မြင်နေရတာကတော့ ဧရာ၀တီ မြစ်ဝှမ်းကို ဗဟိုပြုတဲ့ လူ့အဖွဲ့အစည်းကြီး တစ်ခုဟာ ပထဝီနိုင်ငံရေးမှာ အရေးပါလှတဲ့ အရှေ့အာရှ၊ တောင်အာရှနဲ့ အရှေ့တောင်အာရှရဲ့ ခွဆုံ အချက်အချာမှာ တည်ရှိနေတယ်။ အဲဒီတိုင်းပြည်ဟာ ကမ္ဘာ့လူဦးရေ အများဆုံးနဲ့ ခေတ်မီ စစ်လက်နက် အများဆုံး ပိုင်ဆိုင်တဲ့ စစ်တပ်ကြီးနှစ်ခုရဲ့ ကြားလည်း ဖြစ်တယ်။ အာရှမှာ အသင့်တပ်ဆင်ပြီး ရှိသမျှ အဏုမြူထိပ်ဖူး ရှစ်ဆယ်ရာခိုင်နှုန်း ကျော်ရဲ့ ကြားမှာ နေရတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီရေ၊ ဒီမြေကို ကာကွယ်ဖို့ စစ်တပ်က ဦးဆောင်မှ ဖြစ်မယ်လို့ ပြောတဲ့သူဟာ စိတ်အနေအထား ပုံမှန် မဟုတ်လို့ ဖြစ်မှာပါ။ စိတ်ရောဂါကု ဆရာဝန်နဲ့ စစ်ဆေးပြီး သက်တောင့်သက်သာ နားနေခွင့်ပေးသင့်တာပေါ့။ အကြောင်းကတော့ ရန်လိုစိတ်နဲ့ မဖြစ်ညစ်ကျယ်၊ မရိုးမရွ လုပ်ဖို့ သင့်တော်တဲ့ နေရာမျိုး မဟုတ်လို့ပါ” ထိုအချက်က ရှင်းပါသည်။ စစ်အင်အားချဲ့ပြီး တိုင်းပြည်ကို ကယ်တင်၊ ကာကွယ်မည်ဟု ပြောဆိုနေသူများသည် ဂျင်းထည့်နေသူများသာ ဖြစ်သည်။ မြောက်ကိုးရီးယားကိုပင် အားကျကာ တိုင်းပြည်ကို အသူရာချောက်နက်အတွင်း ဆွဲသွင်းရန်ပင် ဝါဒဖြန့် ဆောင်းပါးတစ်ခုတွင် ဖော်ပြခဲ့သည်အထိ ဂျင်းထည့်၊ ဝါဒမှိုင်းသွင်းသူများ ဖြစ်သည်။ မြောက်ကိုးရီးယား ကဲ့သို့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသော၊ တိုင်းသူပြည်သူများကို ဆင်းရဲတွင်းအတွင်းသွင်းကာ လူမဆန်စွာ နှိပ်စက်နေသော တိုင်းပြည်ကိုပင် အတုယူစေလိုက်သေးသည်။ စစ်အစိုးရခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၁၀ ပြည့်နှစ်အလွန်တွင် နိုင်ငံကို တဖက်က စစ်တပ်က လွှတ်တော်အတွင်းဝင်ထိုင်၊ အခြားတစ်ဖက်က စစ်တပ်က မွေးဖွားလိုက်သော နိုင်ငံရေးပါတီဖြင့် စစ်တစ်ပိုင်း အရေခြုံ ဒီမိုကရေစီ နိုင်ငံအဖြစ် သွတ်သွင်းရန် ကြိုးပမ်းခဲ့သည်။ ယင်းမတိုင်မီက စစ်တပ် အင်စတီကျူးရှင်းကိုသာ တည်ဆောက်ခဲ့သဖြင့် လိုသည့် ရလာဘ် မထွက်ခဲ့ကြောင်းကို ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ် ညွှန်းဆိုရေးသားဖူးသည်။ စစ်တပ်အပြင် အခြား နိုင်ငံရေး အင်စတီကျူးရှင်းများ မတည်ဆောက်ခဲ့သဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ကြံ့ခိုင်ရေး ပါတီရှုံးနိမ့်ခဲ့ကြောင်း မချိတင်ကဲရေးသားထားသည်[4]။ ဆိုလိုသည်မှာ စစ်တပ်မွေးထုတ်လိုက်သော ကြံ့ခိုင်ရေးပါတီကိုပင် နိုင်ငံရေး ပါတီအဖြစ် အသေအချာ မတည်ဆောက်ဘဲ တပ်မတော်အင်အားတည်ဆောက်ရေး လက်လွန်သွားသဖြင့် စစ်တပ်နှင့် ပါတီ နှစ်ရပ်ပေါင်း တိုင်းပြည်ကို ခြယ်လှယ်မည့် ဦးသန်းရွှေ၏ အစီအစဉ် ပျက်ယွင်းသွားရပုံဖြစ်သည်။ တပ်မတော်သည် အမျိုးဘာသာ သာသနာကို စောင့်ရှောက်သည်၊ တိုင်းပြည်ကို ကာကွယ်ပေးသည်၊ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ၊ တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်။ သို့သော် . . . ။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု အလွန် နွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင်ကို တိုက်ဖျက်ကြချိန် စစ်တပ် အင်အားမရှိမှသာ တိုင်းပြည် အင်အားရှိမည် ဟူသည်အထိ အလင်းပွင့် အရွန်းဖောက်လာကြသည်။ ‘တပ်မတော် အင်အားချိမှ တိုင်းပြည်အင်အားရှိမည်’ ဟု ခေတ်သစ်မီဒီယာဆောင်းပါး တစ်ပုဒ်တွင် ခေါင်းစဉ်တပ်ခဲ့သည်[5]။ ယင်းမှာ ပြောကောင်း ဖတ်ကောင်း အရွန်းဖောက်ကောင်းရုံသက်သက်မဟုတ်ပါ။ တိုင်းပြည်တွင် လူထု၏ အခြေခံ လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းရန် ဟုဆိုကာ စစ်တပ်ကို ဖျက်သိမ်းခဲ့သော နိုင်ငံတစ်ခုရှိသည်။ တိုင်းပြည်တည်ဆောက်ရေး တပ်မတော်ကို ဖျက်သိမ်းခဲ့သော နိုင်ငံမှာ အလယ်အမေရိကမှ ကော်စတာရီကာ ဖြစ်သည်။ ပြည်တွင်းစစ်တွင် အနိုင်ရပြီးနောက် ကော်စတာရီကာ သမ္မတသည် ၁၉၄၈ ခုနှစ်တွင် တိုင်းပြည်တွင် စစ်တပ်မထားတော့ရန် ဆုံးဖြတ်ခဲ့သည်။ စစ်တပ်ကို ဖျက်သိမ်းခဲ့သည်။ အားလုံးအတွက် အခမဲ့ ပညာရေး၊ ဆင်းရဲသားများအတွက် အိမ်ရာ၊ ရွှေ့ပြောင်း လူမည်း ကလေးငယ်များကို နိုင်ငံသားပေးခြင်း၊ အမျိုးသမီးနှင့် ပညာမတတ်သူများ မဲပေးခွင့်ပြုခြင်းတို့ လုပ်ဆောင်ခဲ့သည်။ ကော်စတာရီကာ သမ္မတ ဟိုဆေးဖစ်ဂရီက အောက်ပါအတိုင်း ကြွေးကြော်ခဲ့သည်။ “ငြိမ်းချမ်းရေးက ဖွံ့ဖြိုးရေးကို အထောက်အပံ့ပြုလိမ့်မယ်။ ဖွံ့ဖြိုးရေးကပဲ ငြိမ်းချမ်းရေးကို ဖြစ်ထွန်းစေမယ်။ အဲဒီနှစ်ရပ်စလုံးက အညမည ဖြစ်နေတယ်။ အဲဒီနှစ်ရပ်စလုံးက တစ်ခုကိုတစ်ခု အပြန်အလှန် အားကောင်းစေတယ်။ သူတို့ ဘုံပန်းတိုင်က လူ့အခွင့်အရေးကို စိုးမိုးအားကောင်း စေဖို့ပါ”
◼︎တီမို
◀︎◀︎ တပ်မတော်သည် နိုင်ငံတော်ကို စောင့်ရှောက်သည် (အပိုင်း ၂)
Reference –
[1] YouTube. (2023, September 23). စကားမစပ် အပိုင်း-၄. YouTube. [2] YouTube. (2023b, November 25). ကိုမင်းကိုနိုင်နဲ့ကိုထက်မြတ်တို့ရဲ့’’ ပန်းဝင်မယ့်ခြေလှမ်း ’ ’. YouTube. [3] တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်. မူလစာမျက်နှာ. (n.d.). [4] Htut, Y. (2019). Myanmar’s political transition and lost opportunities 2010-2016. ISEAS. [5] Agency, Y. K. T. N. (2023, June 5). တရားမဝင် စစ်အုပ်စုအတွက် ခေတ်သစ်ဆောင်ပုဒ် သို့မဟုတ် “တပ်မတော် အင်အား ချိမှ တိုင်းပြည်အင်အား ရှိမည်.” Khit Thit Media.