လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူများကို အေအေမှ အတင်းအဓမ္မ လူသစ်စုဆောင်းထားသူများဟု သတင်းမှားဖြင့်ဝါဒဖြန့်
Share:FacebookX

လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူများကို အေအေမှ အတင်းအဓမ္မ လူသစ်စုဆောင်းထားသူများဟု သတင်းမှားဖြင့်ဝါဒဖြန့်

ရခိုင်လေကြောင်းတိုက်ခိုက်မှု

Akyab Post/ The Red Flag/ MFCN

Fact-check

13 Sep 2025

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာက ကိုယ်ပိုင်အထက်တန်းကျောင်းကို  စစ်ကောင်စီဖက်မှ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေဟာ အာရက္ခတပ်တော် အေအေဖက်ကနေ အတင်းအဓမ္မလူသစ်စုဆောင်းထားတဲ့ လူငယ်တွေဖြစ်တယ်ဆိုပြီးတော့ ရေးသားထားကြတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။ 

တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ Thazin Oo ချန်နယ်ကနေ စက်တင်ဘာလ ၁၃ ရက်နေ့မှာ “အခု အေအေ အကြမ်းဖက်သင်တန်းစခန်းတိုက်ခိုက်ခံရတဲ့ အချိန်မှ အေအေ အကြမ်းဖက်အဖွဲ့က လူသစ်အဖြစ်အတင်းအဓမ္မစုဆောင်းခဲ့တဲ့ အသက်မပြည့်သေးတဲ့ လူငယ်လူရွယ်တွေရဲ့ မှတ်တမ်းပုံတွေနဲ့ ဝါဒဖြန့်ထားတာမှာကြည့်ရင် အရမ်းကိုသိသာပါတယ်…

အေအေ အကြမ်းဖက်အဖွဲ့က ထုတ်ပြန်ထားတဲ့ ပုံတွေထဲကနဲ အသက်တွေကိုကြည့်ရင် ယောကျ်ားလေးတွေဟာ အသက် ၁၇ အရွယ်နဲ့မိန်းကလေးတွေထဲမှာဆိုရင် ၂၁ နှစ်အရွယ်တွေပါဝင်ပါတယ်။ ဒီလူငယ်လူရွယ်တွေဟာ မကြာသေးခင်က AA အကြမ်းဖက်အဖွဲ့ရဲ့ အတင်းအဓမ္မ လူသစ်စုခြင်းခံရတဲ့သူတွေချည်းပဲဖြစ်ပါတယ်” ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။ 

📌 Thazin Oo – https://archive.ph/UtWlT 

ဒီပို့စ်ကို ဖြန့်ချိထားတဲ့ နေ့ကနေ Akyab Post စစ်ဆေးထားတဲ့ စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းအထိ ဝင်ရောက်ဖတ်ရှုသူ ၁၁၆၀၀ ကျော်ထိရှိပြီးတော့ reaction ပေးသူ ၄၁၀ ဦးနဲ့ comment ပေးသူ ၁ ဦးထိရှိပြီးတော့ အခြားစစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာလည်း သရက်တပင်ကျေးရွာက ကိုယ်ပိုင်အထက်တန်းကျောင်းကို  စစ်ကောင်စီဖက်မှ လေကြောင်းတိုက်ခိုက်မှု ကိစ္စနဲ့ ပတ်သက်လို့ နေပြည်တော် နဲ့ Facebook လူမှုကွန်ရက် ARF Burmese page ကလည်း သတင်းတုသတင်းမှားတွေ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။ 

📌 ARF Burmese  – https://archive.ph/Kd0g0 

📌 နေပြည်တော် – https://archive.ph/4UXuk 

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိတဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေဟာ အာရက္ခတပ်တော် အေအေဖက်ကနေ အတင်းအဓမ္မလူသစ်စုဆောင်းထားတဲ့ လူငယ်တွေဖြစ်တယ်ဆိုပြီး ဖြန့်ချိနေတာကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ သေဆုံးသူတွေဟာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေသာဖြစ်နေပြီးတော့ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ တက်ရောက်နေကြတဲ့ ကျောင်းသားတွေသာဖြစ်ကြတာကို တွေ့ရပါတယ်။ 

▪️ သတင်းစိစစ်ချက်

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့  လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေဟာ အာရက္ခတပ်တော် အေအေဖက်ကနေ အတင်းအဓမ္မလူသစ်စုဆောင်းထားတဲ့ လူငယ်တွေဖြစ်တယ်ဆိုတဲ့ ရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse Image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။ 

Google မှာ ကျောက်တော် လေကြောင်းတိုက်ခိုက်ခံရလို့ရိုက်ရှာကြည့်တဲ့အခါမှာ ရခိုင်ဒေသ အခြေပြု သတင်းဌာနတစ်ခုဖြစ်တဲ့ Development Media Group (DMG) ကနေ စက်တင်ဘာလ ၁၃ ရက်နေ့မှာ “ကျောက်တော် ဗုံးကြဲခံရမှုတွင် ကျောင်းသားအပါအဝင် သေဆုံးသူ ၂၂ ဦးနှင့် ဒဏ်ရာရသူ ၂၆ ဦးရှိလာ” လို့ ရေးသားဖော်ပြထားပါတယ်။ 

DMG သတင်းဌာနရဲ့ ရေးသားဖော်ပြချက်တွေအရ “သရက်တပင်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး လာရောက်ကြဲချခဲ့သဖြင့် ကျေးရွာရှိ ပညာပန်းခင်းကိုယ်ပိုင်ကျောင်းအနီး ကျောင်းသားအိပ်ဆောင်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။ အဆိုပါ ဗုံးကြဲမှုကြောင့် ကနဦးအနေဖြင့် ကျောင်းအနီး အိပ်ဆောင်အပြင် အနီးအနားရှိ နေအိမ်များမှ ဒေသခံနှင့် ကျောင်းသား/သူများအပါအဝင် ၁၇ ဦး ပွဲချင်းပြီး သေဆုံးကာ ၃၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းနောက် အရေးပေါ်ဆေးကုသမှုခံယူခဲ့သည့် ဒဏ်ရာရှိသွားသူများအနက် ၅ ဦးမှာ ထပ်မံ သေဆုံးသွားသဖြင့် ယနေ့ နေလည်ပိုင်းအချိန်ထိ သေဆုံးသူ ၂၂ ဦးအထိ ရှိလာနေခြင်းဖြစ်သည်။” လို့ ဖော်ပြထားပါတယ်။ 

🔗 DMG သတင်းဌာနရဲ့ သတင်းအပြည့်အစုံ – https://bitly.cx/v38k 

ဒါ့အပြင် The Irrawaddy သတင်းဌာနကလည်း “စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သောကျောင်းသား၊ကျောင်းသူ ၁၉ ဦးရှိပြီး အသက်အငယ်ဆုံး ၁၅ နှစ်မှ အသက်အကြီး ဆုံး ၂၁ နှစ်အထိပါဝင်ကာ  အသက် ၁၆ နှစ်နှင့် အသက် ၁၇ နှစ်အရွယ်ကျောင်းသားအများဆုံးဖြစ်၍ Grade-8 မှ Grade-12 တို့တွင် ပညာသင်ယူနေကြသော ကျောင်းသား ကျောင်းသူများဖြစ်သည်။ အဆိုပါ သေဆုံးသူ ၁၉ ဦးတွင် ကျောင်းသူ ၂ ဦးပါဝင်ပြီး ၁၇ ဦးမှာကျောင်းသားများဖြစ်ကာ ဒဏ်ရာရရှိသောကျောင်းသား ၊ကျောင်းသူ နှင့် ဒေသခံ ၂၂ ဦးထိရှိသည်” လို့ စက်တင်ဘာလ ၁၃ ရက်နေ့က သတင်းမှာ ဖော်ပြထားပါတယ်။​

🔗 The Irrawaddy သတင်းဌာနရဲ့ သတင်းအပြည့်အစုံ – https://bitly.cx/ZoGPF 

နောက်ထပ် အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (UNICEF) ကနေလည်း စက်တင်ဘာလ ၁၂ ရက်နေ့မှာ “ကျောက်တော်ဗုံးကြံခံရမှုတွင်  သေဆုံးခဲ့သောကျောင်းသား၊ကျောင်းသူ ၁၉ ဦးရှိပြီး အသက်အငယ်ဆုံး ၁၅ နှစ်မှ အသက် အကြီးဆုံး ၂၁ နှစ်အထိပါဝင်ကာ  အသက် ၁၆ နှစ်နှင့် အသက် ၁၇ နှစ်အရွယ်ကျောင်းသားအများဆုံးဖြစ်၍ Grade-8 မှ Grade-12 တို့တွင် ပညာသင်ယူနေကြသော ကျောင်းသား ကျောင်းသူများ ဖြစ်ပြီး နေအိမ်၊ ကျောင်းနဲ့ ရပ်ကွက်တွေကို ကာကွယ်ဖို့ ရည်ရွယ်ထားတဲ့ နေရာတွေမှာ ကလေးတွေ အသက် ဆုံးရှုံးနေကြပါတယ် လေကြောင်းတိုက်ခိုက်မှုအတွက် အလွန်အမင်းစိုးရိမ်ပူပန်နေမိတယ်လို့” ထုတ်ပြန်ထားပါတယ်။  

🔗 Unicef ရဲ့ ထုတ်ပြန်ချက်အပြည့်အစုံ – https://bitly.cx/pxnzI 

ဒါ့အပြင် စက်တင်ဘာ ၁၂ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် သရက်တပင်က ကိုယ်ပိုင်အထက်တန်းကျောင်း လေကြောင်းတိုက်ခိုက်မှု အတွင်းမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေနဲ့ အရပ်သားပြည်သူတွေသေဆုံးတယ်ဆိုတဲ့ သတင်းကိုပဲ ရခိုင်ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ DMG နဲ့ မြန်မာပြည်တွင်း သတင်းဌာနတွေဖြစ်ကြတဲ့ The Irrawaddy၊ DVB၊ Myanmar Now၊ MPA၊ Mizzima နဲ့ နိုင်ငံတကာသတင်းဌာနဖြစ်ကြတဲ့ BBC နဲ့ Al JAZEERA သတင်းဌာနတွေကနေ ရေးသားဖော်ပြထားကြပါတယ်။

🔗 The Irrawaddy – https://bitly.cx/TNI2

🔗 DMG – https://bitly.cx/YW2s

🔗 MPA – https://bitly.cx/a2rDk

🔗 Myanmar Now – https://bitly.cx/TRd1g

🔗 DVB – https://bitly.cx/Svup

🔗 Mizzima – https://bitly.cx/AAmQz

🔗 BBC Burmese – https://bitly.cx/oaTKg 

🔗 Al JAZEERA – https://bitly.cx/Bg75l 

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း “ကျောက်တော်မြို့နယ် လေကြောင်းတိုက်ခိုက်မှုတွင် အေအေတပ်ဖွဲ့ဝင်များ သေဆုံးဆိုကာ သတင်းမှားဖြန့်ခဲ့ပြီးတော့ ဒီလို သတင်းတုသတင်းမှားကိုလည်း Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ သတင်းမှားဖြစ်တယ်လို့ စစ်ဆေးအတည်ပြုနိုင်ခဲ့ပါတယ်။​

✅ Akyab Post ကနေ စစ်ဆေးထားတဲ့ Debunking Fact-check အပြည့်အစုံ – https://bitly.cx/aOcHf  

စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ ကျောက်တော်မြို့နယ် သရက််တစ်ပင်ကျေးရွာမှာ  လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးတဲ့သူတွေနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေဟာ အာရက္ခတပ်တော် အေအေဖက်ကနေ အတင်းအဓမ္မလူသစ်စုဆောင်းထားတဲ့ လူငယ်တွေ မဟုတ်ကြဘဲ အသက်မပြည့်ကြသေးတဲ့ ကလေးသူငယ်တွေနဲ့ အရပ်သားပြည်သူတွေသာဖြစ်ကြပြီးတော့ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ပျက်စီးသွားတဲ့ အဆောက်အဦးဟာလည်း အေအေရဲ့ စခန်းဆိုတဲ့ အချက်အလက်ကို မတွေ့ရှိရပါဘူး။  

▪️ သုံးသပ်ချက်

စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ ကုလသမဂ္ဂအေဂျင်စီတွေရဲ့ ထုတ်ပြန်ချက်တွေ အတည်ပြုချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့နေသလိုမျိုး လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေဟာ အာရက္ခတပ်တော် အေအေဖက်ကနေ အတင်းအဓမ္မလူသစ်စုဆောင်းထားတဲ့ လူငယ်တွေမဟုတ်ဘဲ​ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် သေဆုံးတဲ့ထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေအများစု ပါဝင်နေပြီးတော့ ထိခိုက်ဒဏ်ရာရရှိတဲ့ထဲမှာလည်း အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါ ပါဝင်နေတာကို တွေ့ရပါတယ်။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ ကျောင်းသားကလေးသူငယ်တွေကို အေအေဖက်က စစ်သားတွေဆိုပြီး ပုံဖော်ပြီးတော့ သတင်းမှန်တွေ အပေါ်မှာ ဆက်စပ်သတင်းမှားဖြန့်ကာ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုအပေါ်မှာ ဖုံးကွယ်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။​  

ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားတဲ့ ပြည်သူတွေကို အေအေစစ်သားတွေဆိုပြီး  လိုသလို ပုံဖော်ပြီး ရေးသားလေ့ရှိပါတယ်။ 

လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။

ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။

✅ Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-

https://bitly.cx/ahf2

https://bitly.cx/tdwxm

လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #RedFlag #Akyab Post  #FactCheck #Mis_Disinformation  #AA

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .