တပ်မတော်သည် နိုင်ငံတော်ကို စောင့်ရှောက်သည် (အပိုင်း ၂)
Share:FacebookX

တပ်မတော်သည် နိုင်ငံတော်ကို စောင့်ရှောက်သည် (အပိုင်း ၂)

၁၉၆၀ ရွေးကောက်ပွဲတွင် စစ်တပ်က ထောက်ခံသည့် နိုင်ငံရေးပါတီ ရွေးကောက်ပွဲ မနိုင်သည့်နောက် ၁၉၆၂ အာဏာသိမ်းမှု ဖြစ်သည်။ ၁၉၉၀ တွင်လည်း တပ်က ကျောထောက်နောက်ခံပါတီ ရွေးကောက်ပွဲ မနိုင်သည့်နောက် အာဏာလွှဲပြောင်းရန် ငြင်းဆန်သည်။ ၂၀၁၅ ရွေးကောက်ပွဲ တစ်ခုတွင်တော့ ချွင်းချက်ရှိသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရသော်လည်း အာဏာလွှဲပေးခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲဖြင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်သော အစိုးရတက်လာသည်။ တပ်မတော်က လွှတ်တော် အသီးသီးတွင် ၂၅ ရာခိုင်နှုန်း အသေယူထားပြီးဖြစ်ရာ ၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက ၂၆ ရာခိုင်နှုန်း လွှတ်တော် ကိုယ်စားလှယ် နေရာရရုံဖြင့် အစိုးရဖွဲ့နိုင်သည်။ ထိုသို့သော မျှော်လင့်ချက်ဖြင့် ၂၀၁၀ အလွန် အခင်းအကျင်းကို စစ်အာဏာရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မျှော်လင့်စီစဉ်ထားခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို ၂၀၁၂ ခုနှစ်တွင် လွှတ်တော်အတွင်း ဝင်ရောက်စေမည့် အခင်းအကျင်းကို လမ်းဖွင့်ပေးလိုက်ခြင်းအားဖြင့် ၂၀၁၅ ခုနှစ်တွင် ကြံ့ခိုင်ရေးပါတီ အတိုင်းအတာ တစ်ရပ်အထိ အနိုင်ရစေမည့် မျှော်လင့်ချက်ကို ထိခိုက်စေခဲ့သည်[1]

သို့သော် ၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်းတို့၏ မျှော်လင့်ချက်အတွက် တစ်နည်းတစ်ဖုံ အပြောင်းအလဲပြန်ဖြစ်လာမည်ဟု တွက်ဆပုံရသည်။ သို့သော် ၂၀၂၀ ရွေးကောက်ပွဲတွင် တပ်ကျောထောက်နောက်ခံပါတီ ဆက်ရှုံးပြန်သော အခါ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု သံသရာကို ဆက်မောင်းတော့သည်။

အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်ပါက စစ်အာဏာသိမ်းမှု အကြိမ်ရေ များစွာ နည်းပါးသော်လည်း သက်ရောက်မှုကား အဆမတန်ကြီးမားလှသည် (ထိုင်း ၁၂ ကြိမ်၊ မြန်မာ ၄ ကြိမ်)။ မြန်မာ့နိုင်ငံရေးကို အစဉ်တစ်စိုက် လွှမ်းမိုးချုပ်ကိုင်ခဲ့သော မြန်မာ့ တပ်မတော်သည် မြန်မာ့ လူမှုစီးပွားဘဝကို အကြိမ်ကြိမ်ရိုက်ချိုးခဲ့သော အင်စတီကျူးရှင်း တစ်ခုလည်းဖြစ်သည်။

သို့သော် မြန်မာ့တပ်မတော်သည် နိုင်ငံအတွက် မရှိမဖြစ် လိုအပ်သော အင်စတီကျူးရှင်း အဖြစ် ပုံဖော်မှုရှိနေဆဲ ဖြစ်သည်။ တိုင်းပြည်ပြိုကွဲမည့် အရေးမှ ကယ်တင်သူ၊ မင်းမဲ့စရိုက်များကြောင့် မလွှဲရှာ မရှောင်သာ တိုင်းပြည် အာဏာထိန်းသိမ်းလိုက်ရသူ အဖြစ် ကိုယ့်ကိုယ်ကိုယ် ပုံဖော်ခဲ့ကြသည်။ ယနေ့ခေတ်တွင်လည်း တိုင်းပြည်ကို ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ တင်ပေးခဲ့သည့် အင်စတီကျူးရှင်းအဖြစ် အမွှန်းတင်နေဆဲဖြစ်သည်။

“ကျွန်တော်တို့သည် ပါတီစုံဒီမိုကရေစီကို သွားနေတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ပါတီစုံ ဒီမိုကရေစီက ပြည်သူတွေ တောင်းဆိုတဲ့အတွက်ကြောင့် တပ်မတော်က ဖော်ဆောင်ပေးခြင်း ဖြစ်ပါတယ်။ တပ်မတော်က ဦးဆောင်ပြီးတော့မှ ပါတီစုံ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ပေးတာပါ။ အခုမှ တပ်မတော်က လိုက်​ပြီးတော့ ပါတီစုံ ဒီမိုကရေစီ စနစ်ကို ထောက်ခံတာ မဟုတ်ပါဘူး”

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
နိုဝင်ဘာ ၂၉ ရက် ၂၀၂၃ ခုနှစ် စစ်ကောင်စီ အစည်းအ​ဝေး (၆/၂၀၂၃) တွင် ပြောကြားချက်။

ထိုမျှ မကပါ၊ စစ်တပ်သည် ခေတ်အဆက်ဆက် တိုင်းပြည် ပြိုကွဲမည်စိုးသောကြောင့် အာဏာသိမ်းရခြင်း ဖြစ်ကြောင်း ကာကွယ်ရေးသားဆဲဖြစ်သည်။

စစ်တပ်ပိုင် မြ၀တီမီဒီယာတွင် ၂၀၂၂ ခုနှစ်အတွင်းက တပ်မတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အစဉ်အလာ ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့သည်။

“တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှ စ၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကိုသာ အစဉ်အမြဲဦးထိပ်ထားလျက် လိုအပ်ချိန်တိုင်းတွင် အစဉ်အမြဲ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။ . . .  တပ်မတော်သည် အမျိုးသား အကျိုးစီပွားကို ရှေးရှုသော အမျိုးသားနိုင်ငံရေး အင်အားစုကြီးအဖြစ် ဆက်လက်ရည်တည်လျက် မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို အတိမ်းအစောင်းမရှိအောင် ထိန်းကျောင်းပေးနေမည်ဖြစ်ကြောင်း . . .” ဟု ယင်းဆောင်းပါးတွင် ဆိုထားသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အစိုးရလက်ထက် ၁၄ နှစ်ကြာ ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် တပ်မတော် အတွက် သီးခြား အခန်းတစ်ခု (အခန်း ၇) ထည့်သွင်းဖော်ပြခဲ့သည်။ တပ်မတော်သည် နိုင်ငံတော်၏ အဓိက အကျဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများ ဘေးအန္တရာယ်ကျရောက်လာလျှင် တပ်မတော်က ကူညီဆောင်ရွက်ရမည် စသည့် ယေဘုယျအချက်များ ပါဝင်သော ပုဒ်မ ၈ ချက် (ပုဒ်မ ၃၃၇ မှ ၃၄၄) ဖော်ပြထားသည်။

ယင်းအပြင် နိုင်ငံတော်၏ အခြေခံမူများ ပုဒ်မ (၆) တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

“နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်”

လွတ်လပ်ရေး ရအောင်ယူခဲ့သူ၊ တိုင်းပြည်မပြိုကွဲရေး အစဉ်တစိုက် ဆောင်ရွက်ခဲ့သူအဖြစ် အမှတ်ယူ ခြယ်လှယ်လိုသော မြန်မာစစ်တပ်သည် လွတ်လပ်ရေး ရပြီး နှစ်ပေါင်း ၇၀ နီးပါးကြာသည့်တိုင် တိုင်းပြည်ကို စိတ်ချလက်ချ မထားချင်သေးဟန်တူသည်။ သို့တည်းမဟုတ် ထိုတုံကင်ကို ကိုင်ကာ တိုင်းပြည်ကို ခြယ်လှယ်လိုသေးဟန်တူသည်။ အမျိုးသားနိုင်ငံရေးဟု အမည်တပ်ကာ တိုင်းပြည်၏ ပစ္စုပ္ပန်နှင့် အနာဂတ်ကို စိုးမိုးလိုနေဆဲဖြစ်သည်။

တပ်မတော်သည် တိုင်းပြည်ကို အခက်အခဲပေါင်းစုံကြား၊ အတိုက်အခိုက်ပေါင်းစုံကြား၊ တပ်မတော် မုန်းတီးရေး ဝါဒမှိုင်းများအကြား တိုင်းပြည်မပြိုကွဲအောင် ရုန်းကန်နေရဆဲဖြစ်ကြောင်း အကြိမ်ကြိမ်အခါခါ ပြောဆိုလေ့ရှိသည်။

“နိုင်ငံကို ပြိုကွဲအောင်၊ မိမိပြည်နယ်၊ မိမိတိုင်းဒေသကြီး၊ မိမိဒေသ၊ မိမိလူမျိုး အကျိုးစီးပွား ပျက်စီးရာ ပျက်စီးကြောင်း ဒုက္ခပေးနေသည့် ဘေးအန္တရာယ်များကြား၊ အဖျက်အဆီးများကြားမှ မရရအောင် ပြန်လည်တည်ဆောက်ပေးနေသည်မှာလည်း တပ်မတော်ပင်ဖြစ်သည်။ သို့သော် တပ်မတော်မုန်းတီးရေး ဝါဒမှိုင်းများအကြား ကြိုးစားဖြေရှင်း ရုန်းကန်နေရဆဲဖြစ်သည်။ အဘယ်ကြောင့်ပါလဲ။ ဤနိုင်ငံက ငါတို့နိုင်ငံ၊ ဤပြည်သူတွေက ငါတို့ပြည်သူ၊ ဤလူမျိုးတွေက ငါတို့ လူမျိုးဟူ၍ တပ်မတော်က အလေးအနက်ထားခံယူထား၍သာ ဖြစ်သည်”

အမျိုးသားနိုင်ငံရေး ဦးဆောင်မှုကို တာဝန်ခံသည့် တပ်မတော် ဆောင်းပါး (၂၀၂၃)[2] မှ ကောက်နုတ်ချက်

ယင်းသဘောတရားကို သွတ်သွင်းဝါဒဖြန့်ရန် ဆောင်ပုဒ်၊ ကြွေးကြော်သံပေါင်းများစွာလည်း ရှိသည်။ ယင်းတို့အနက် အချို့ကို ကောက်နုတ်ဖော်ပြလိုပါသည်။

တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ
တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်
ရဲဘော်မသေ၊ သေသော် ငရဲမလား
နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ဖို့ တပ်မတော်သို့ ဝင်ကြစို့
ဘယ်သူခွဲခွဲ ဒို့မခွဲ အမြဲစည်းလုံးမည်
တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်
ပြည်ထောင်စုကြီး ခိုင်မြဲဖို့ အားလုံးလက်တွဲ ကာကွယ်စို့
ရန်သူနဲ့တွေ့တော့ မီးလို၊ ပြည်သူနဲ့ တွေ့တော့ပန်းလို နူးညံ့သိမ်မွေ့ယဉ်ကျေးသည်

ယင်းတို့အနက် အငြင်းပွားဖွယ်အကောင်းဆုံးမှာ ‘တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ’ ဟူသော ဆောင်ပုဒ်ဖြစ်သည်။

တပ်မတော် တည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်းက ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ဟူသည့် အလွန်ပြောက်မြောက်သည့် စကားဖြင့် စတင်ပြောဆိုခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် ပြောင်းလဲလာခြင်း ဖြစ်သည်။ တပ်မတော်အတွင်းရှိသူများ၏ အဓိက အားကိုးရာမှာ ပြည်သူလူထု ဖြစ်ကြောင်း ရည်ညွှန်းလိုရင်းဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးက ရှင်းပြသည်[3]

ယင်းနောက် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ ဟူ သော ဆောင်ပုဒ်အဖြစ် ပြန်ပြောင်းသွားသည်။ သို့သော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်တွင် ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ဟု ပြန်လည်ရည်ညွှန်းသုံးစွဲလာခဲ့သည်[4]

စစ်တပ်အရာရှိဟောင်း စာရေးဆရာဖြစ်သူ သောင်းဝေဦးကမူ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ ဟူသော ယူဆချက်မှာ တပ်မတော်သားများကိုသာ ရည်ရွယ်ရင်းဖြစ်ကြောင်း ပြန်လည် ရှင်းလင်းပြောဆိုခဲ့သည်။

“တပ်မတော် ပြိုကွဲမယ့် အရေးကို ကာကွယ်တဲ့ အနေနဲ့ တပ်မတော်သားတွေ အတွက် တပ်မတော် ခေါင်းဆောင်တွေက ပြောသွားတဲ့ စကားတွေပါ။ ပြည်သူတွေ အတွက် ပြောတဲ့စကား မဟုတ်ပါဘူး” ဟု သူက ဆောင်းပါးတစ်ရပ်တွင် ရှင်းလင်းပြောဆိုထားသည်[5]

သို့သော် တပ်မတော်ကို တည်ဆောက်ထားရာတွင် အောက်ခြေစစ်သားများကို ကျွန်ကဲ့သို့ ပြုမူခြင်း၊ ပြည်သူလူထုကို ကျောသားရင်သား မခွဲခြင်းဘဲ ဖိနှိပ်ခြင်းတို့က တပ်မတော်အတွင်း ထင်းထင်းကြီး မြင်လာရပြီဖြစ်သည်။ ယင်းမှာ ယနေ့မှ မဟုတ်ဘဲ မြန်မာဘုရင်များလက်ထက် ပဒေသရာဇ် ခေတ်ကတည်းက မြန်မာ စစ်တပ်အတွင်း ရှိခဲ့သည် မျိုးဗီဇ ဖြစ်ကြောင်း စာရေးဆရာ နိုင်ထိုက်က ဆိုသည်။

“ကိုယ့်စည်းစိမ်ကို ကာကွယ်မဲ့ ထောက်ကူမဲ့၊ လက်အောက်ခံ ကျေးကျွန်ကို ဘာသာလူမျိုး မခွဲခြားဘဲ ချီးမြှင့် မြှောက်စားလေ့ရှိသည်။ တစ်ဖက်ကလည်း ပြည်သူလူထုကို လူမျိုးမခွဲခြားဘဲ ကျောသား ရင်သား မခွဲခြားဘဲ ဖိနှိပ်အနိုင်ကျင့် အသုံးချနေတယ်။ ဒါမျိုးကို ပဒေသရာဇ် အစဉ်အလာ ရောဂါမစင်သေးတဲ့ မြန်မာပြည်မှာ မနေ့ တစ်နေ့က အထိ သိမြင်ခံစားနေရဆဲပါ[6]

ကျေးဇူးခံ-ကျေးဇူးစား၊ ဆရာ-တပည့်၊ ပိပြားသော အထက်-အောက် ဆက်ဆံရေး တို့က ပဒေသရာဇ်ခေတ် သခင်-ကျွန် ဆက်ဆံရေး ပုံစံကို အမှတ်ရစေသည်။ ယင်းတို့သော ဆက်ဆံရေး ပုံစံမှာ တပ်အတွင်း ယနေ့တိုင် တွင်ကျယ်နေဆဲဖြစ်သည်။

အရည်အချင်းထက် သစ္စာရှိမှုကို အားပြုကာ ရာထူးချီးမြှင့်ခြင်း၊ ဆရာ-တပည့် ဆက်ဆံရေးကို ကောင်းစွာ တည်ဆောက်ထားပြီး စီးပွားရေး အကျိုးအမြတ်အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် ယနေ့ ခေတ် တပ်မတော်အတွင်း အထက်-အောက် ဆက်ဆံရေး တည်ဆောက်ထားသည်[7]

စစ်ထိပ်ပိုင်း အဝန်းအဝိုင်းတွင် ရင်းနှီးသူများ၊ ယုံကြည်စိတ်ချရသူများ၊ အထက်အကြီးအကဲ၏ စည်းစိမ်ရာထူးကို ကာကွယ်ပေးသူများကို နေရာပေးထားခြင်းဖြင့် ပဒေသရာဇ် ဆန်ဆန် တပ်မတော်ကို တည်ဆောက်ထားသည်။

ယင်းမှာ မြန်မာ ဘုရင်လက်ထက်ကတည်းက ရှေးအစဉ်အဆက် ကျင့်သုံးခဲ့သည့် နည်းနာဗျူဟာ အတိုင်းဖြစ်သည်။

စစ်ခေါင်းဆောင်၏ အနားပေးခြင်း ခံလိုက်ရသော ပြည်ထဲရေး ဝန်ကြီးဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီးသည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် လက်အောက်ငယ်သားများကို ထင်သလို ခိုင်းစေသည်။ အရာရှိ ကတော်များနှင့် ဝန်ထမ်း အမျိုးသမီးများကို ကျေးကျွန်သဖွယ် ပြုမူ ဆက်ဆံသည်ဟု နာမည်ကြီးသည်။ တပ်မိသားစုဝင်တစ်ဦးက အောက်ပါအတိုင်း ဖွင့်ချသည်။

“ဌာန အရာရှိ ကတော်တွေကို သူ့အခြွေအရံ အဖြစ် အနားခေါ်ထားတယ်၊ အလှည့်ကျ။ ကတော်ကလည်း သူတို့လင်တွေ ရာထူးတိုးချင်တော့ သူ့ဆီ သွားရတယ် . . .

“ . . . ဝန်ကြီးကတော် စျေးဝယ်ထွက်ရင်လည်း မလိုက်မနေရ။ ဝန်ကြီးကတော်ရဲ့ အောက်ခြေသိမ်းကအစ မမ၊ မမနဲ့ ခေါ်ပြီး လုပ်ပေးရတာ။ ကိုယ့်လင်ရာထူးတိုး ဖို့နေရာကောင်းရဖို့ ရာထူးတည်မြဲဖို့ ကြိတ်မှိတ်ပြီး ခံနေရကြတာပဲ[8]

(အပိုင်း ၃ ကို ဆက်လက်ဖော်ပြပါမည်)

◼︎တီမို

◀︎◀︎ တပ်မတော်သည် နိုင်ငံတော်ကို စောင့်ရှောက်သည် (အပိုင်း ၁)

[1] Htut, Y. (2019). Myanmar’s political transition and lost opportunities 2010-2016. ISEAS.

[2] အမျိုးသားနိုင်ငံရေးဦးဆောင်မှုကို တာ၀န်ခံသည့် တပ်မတော်. MDN – Myanmar DigitalNews. (n.d.). 

[3] BBC. (n.d.-a). မြန်မာ့ တပ်မတော် ရေလိုလလို ကျင့်ဖို့လို. BBC News မြန်မာ. 

[4] တပ်မတော်သည်သာ အမိအဖမှ ပြည်သူသည်သာ အမိအဖဆီသို့. ဧရာဝတီ. (2023a, March 27). 

[5] Myawady. (n.d.). တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်. 

[6] နိုင်ထိုက် (၂၀၁၆), မြန်မာရာဇဝင် စစ်ဘုရင်နဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍ, စာအုပ်စျေး

[7] သူ့အတွေး သူ့အမြင်: စစ်တပ်ထိပ်ပိုင်း အကွဲအပြဲ ဘာကြောင့် မဖြစ်လဲ. ဧရာဝတီ. (2023b, July 16). 

[8] ခေတ်သစ် (၂၀၂၂) ပြည်ထဲရေးဝန်ကြီး စိုးထွဋ် မိန်းမ နီလာစိန် ပေးတဲ့ ဒုက္ခနဲ့ စီးပွာရေး သောင်း ကျန်းမှု အရာရှိကတော်တွေနဲ့ ဝန်ထမ်း အမျိုးသမီးတွေ ခါးစည်း ကြိတ်မှိတ်ခံနေရ, 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .