မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမှာ ကုန်တင်ယာဥ်တွေဖြတ်သန်းနေပြီ ဆိုသည့် သတင်းအမှား
စက်တင်ဘာ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။
Fact-Check_KIC/ DNA/ The Red Flag/ MFCN
နယ်မြေမငြိမ်မသက်မှုများ ဖြစ်ပွားနေသည့် မြဝတီနှင့်ကော့ကရိတ်မြို့ကို ဆက်သွယ်ထားသော အာရှလမ်းမကြီးပေါ်တွင် ကုန်တင်မော်တော်ယာဥ်များ ဖြတ်သန်းသွားလာနေပြီဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာများမှတဆင့် သတင်းအမှားများထွက်ပေါ်နေသည်။
စက်တင်ဘာလ (၇) ရက်နေ့က “ᏁᏗᎩ ᏖᏂᏬ ᏒᏗᎥᏁ” ဖေ့ဘွတ်ခ်အကောင့်မှ “မြဝတီ-ကော့ကရိတ် အာရှလမ်းက ကုန်ကားတွေ ယနေ့ စဆင်းလာပါပြီ” စာသားဖြင့် ပုံနှင့်တကွဖြန့်ချိထားခြင်းဖြစ်ပြီး ကြိုက်နှစ်သက်သူ ၁ သောင်းအထိရှိပြီး မှတ်ချက်ပေးသူ ၄ ရာကျော်နှင့် ပြန်မျှဝေသူ ၆ ရာကျော်ရှိသည်။
သတင်းအမှားလင့်ခ်- https://archive.ph/JaDoT
Myanmar Fact-Checking Network အဖွဲ့ဝင် ကရင်သတင်းဌာန-KIC နှင့် DNA Fact Check အဖွဲ့တို့မှ အချက်အလက် ပူးပေါင်းစိစစ်ချက်အရ သတင်းအမှားဖြစ်သည်။
သတင်းအမှား စိစစ်ခြင်း
သတင်းအမှားဖြန့်သည့် လူမှုကွန်ရက်အကောင့်က ကုန်ကားများပါဝင်သည့် လမ်းပိုင်းတစ်နေရာရှိ ဓာတ်ပုံတစ်ပုံဖြင့် ဖြန့်ချိထားပြီး အချက်အလက်စစ်ဆေးသည့် Google Image Search tools ဖြင့် ရှာဖွေကြည့်ရာ Myawaddy Web Portal နှင့် Eleven Media Group တို့မှ ၂၀၂၀ ခုနှစ် အောက်တိုဘာလ(၄)ရက်နေ့နှင့်(၅)ရက်နေ့တို့တွင် တင်ဆက်ခဲ့သည့် သတင်းဓာတ်ပုံအဖြစ် အသုံးပြုခဲ့ကြောင်း တွေ့ရသည်။
သတင်းအကြောင်းအရာအရ ရှမ်းပြည်နယ်အတွင်း ဖြတ်သန်းသွားလာကြမည့် ကုန်တင်ယာဥ်များအားလုံး Covid-19 ကပ်ရောဂါကင်းရှင်းကြောင်း စစ်ဆေးထောက်ခံမှုလိုအပ်သည့်အတွက် လားရှိုး၊ မူဆယ်နှင့် ချင်းရွှေဟော်၊ လောက်ကိုင်မြို့များဘက်သို့ သွားမည့်ယာဥ်များ နောင်ချိုမြို့နယ် ဘန့်ဘွေးတိုးဂိတ်အနီးတွင် Test Kit ဖြင့် စစ်ဆေးမှုခံယူရန် စောင့်ဆိုင်းခဲ့ကြရသည့် အခြေအနေဖြစ်သည်။ ၎င်းတို့ကို အောက်ပါလင့်ခ်များတွင် ဖတ်ရှုနိုင်သည်။
Eleven Media Group – https://archive.ph/anUpo
Myawady Web Portal – https://archive.ph/n4Zl2
ကော့ကရိတ်-မြဝတီအာရှလမ်းတစ်လျှောက် နှစ်ချီရှိလာသည့် ပဋိပက္ခများကြောင့် ယနေ့အချိန်ထိ မည်သည့်အရပ်သားသုံး မော်တော်ယာဥ်မျှ အာရှလမ်းပေါ် အသွားအလာ မလုပ်ကြတော့ခြင်းဖြစ်ပြီး လတ်တလောတွင်လည်း ထိုလမ်းတကြော စစ်ကောင်စီက နေရာပြန်ယူထားသည်။
ထို့အပြင် လမ်းပိတ်ထားစဥ်က ကုန်များသွားလာရနေသည့် လမ်းဟောင်းကိုလည်း စစ်ကောင်စီစစ်ကြောင်းများ ဝင်ရောက်နေသဖြင့် အရပ်သားယာဥ်များအားလုံး ကော့ကရိတ်မြို့အထိသာ ရောက်ရှိနိုင်ပြီး လုံခြုံရေးစိုးရိမ်ရသည်ဟု သတင်းလုပ်ငန်းစဥ်အတိုင်း လုပ်ဆောင်နေသည့် Independent Mon News Agency က ဖော်ပြသည်။
Independent Mon News Agency – https://shorturl.at/w4edL
ထိုအကြောင်းအရာအပါအဝင် မြဝတီတောင်ဘက်ပိုင်းကို စစ်ကြောင်းဝင်နေမှုကြောင့် ဒေသခံများစစ်ဘေးရှောင်နေရပြီး ကော့ကရိတ်မှ မြဝတီအထိ လေကြောင်း၊ မြေပြင်အင်အားများသုံးသဖြင့် ပဋိပက္ခရှိနေသောအခြေအနေဟု မြန်မာငြိမ်းချမ်းရေးသုတေသနအဖွဲ့ Myanmar Peace Monitor က စက်တင်ဘာ ၉ ရက်နေ့က ဖော်ပြသည်။
Myanmar Peace Monitor – https://shorturl.at/0C3Z1
ကရင်အခြေစိုက် ဒေသသတင်းမီဒီယာ Salween Press ကလည်း အာရှလမ်းတစ်ကြောမှာ တိုက်ပွဲဖြစ်ပြီး အခြေအနေမငြိမ်သေးကြောင်း စက်တင်ဘာ ၉ ရက်နေ့က သတင်းဖော်ပြသည်။
Salween Press – https://shorturl.at/GnDuE
မြဝတီမှပြည်တွင်းသို့ ကုန်သွယ်ရေးလုပ်နေသည့် အမည်မဖော်လိုသူ ကုန်သည်တစ်ဦးကို မေးမြန်းကြည့်ရာတွင်လည်း ကုန်ကားများအသွားအလာမရှိဟု ဆိုသည်။
“အခုလမ်းကြောင်းတွေက နည်းနည်းပါးပါးလောက်ပဲလေ၊ တရားဝင်ကြီး မဖြတ်သေးကြဘူး၊ မဆင်းကြသေးဘူး။ လိုင်းပေါ်မှာ ဓာတ်ပုံတွေတော့တက်တယ်၊ အဲ့ဒါတွေက အတုကြီးလို့ပြောတယ်။ ဒီဘက်လမ်းကြောကို အစ်ကိုတို့ကုန်တွေသယ်ပေးတဲ့ ခြောက်ဘီးတွေတောင်မတက်လာကြသေးဘူး။ မြဝတီကကုန်တွေ ဖြတ်လို့ရပြီလားမေးတယ်။ ခြောက်ဘီးကားတွေ တစ်စီးမှတက်မလာကြသေးဘူး။” ဟု ၎င်းကပြောသည်။
သုံးသပ်ချက်
အထက်ပါ သတင်းဖော်ပြချက်များအရ မြဝတီ-ကော့ကရိတ်အာရှလမ်းတစ်လျှောက် ကုန်တင်ယာဥ်အပါအဝင် အရပ်သားအသုံးပြုသော မည်သည့်မော်တော်ယာဥ်မျှ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိသည့်အပြင် လမ်းတကြောတွင်လည်း ပဋိပက္ခများရှိနေပြီး လုံခြုံရေးစိုးရိမ်စရာအနေအထားဖြစ်သည်။
မြဝတီမှ မြန်မာပြည်တွင်းသို့ ကိုယ်တိုင်သွားရောက်ကုန်သွယ်သူ သတင်းအရင်းအမြစ်ကို မေးမြန်းကြည့်သည့်အခါတွင်လည်း ကုန်ကားအသွားအလာမရှိဟု အတည်ပြုနိုင်ခဲ့သည်။
ထိုလမ်းတစ်ကြော ဝင်ရောက်တပ်စွဲထားပြီဖြစ်သော စစ်ကောင်စီဘက်ကလည်း လမ်းပြန်ဖွင့်သည့် တရားဝင်ထုတ်ပြန်ချက် မတွေ့ရ၍ ကုန်ကားများသွားလာနေပြီဆိုသည်မှာ သတင်းအမှားအဖြစ် သုံးသပ်ရသည်။
စာဖတ်သူများအနေဖြင့်လည်း သတင်းတု/သတင်းမှား ဖြစ်ကြောင်း သံသယရှိသည်ဖြစ်စေ၊ မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလို၍ဖြစ်စေ၊ Fact Checking ပြုလုပ်ပေးသော သတင်းဌာန/အဖွဲ့ အစည်းများ၏ Chat Box မှ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုသည်။
Myanmar Fact-checking Network-MFCN အဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်း၍ စစ်ဆေးပေးရန်တောင်းခံနိုင်သလို MFCN ၏ အောက်ပါလင့်ခ်များမှ နေ၍လည်း အချက်အလက်စစ်ဆေးရန် တောင်းဆိုနိုင်ပါသည်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork