တပ်မတော်သည် နိုင်ငံတော်ကို စောင့်ရှောက်သည် (အပိုင်း ၁)
Share:FacebookX

တပ်မတော်သည် နိုင်ငံတော်ကို စောင့်ရှောက်သည် (အပိုင်း ၁)

(ယခုဆောင်းပါးမှာ မြန်မာ စစ်အာဏာရှင်တို့ သမိုင်းတစ်လျှောက် ပြည်သူလူထုကို ဦးနှောက်ဆေး လှည့်ဖျားရန် မည်သည့်နည်းများ အသုံးပြုခဲ့သည်ကို သုတေသနပြု ထုတ်ဝေထားသော ဝင်္ကန္တ မုသားသို့မဟုတ် မြန်မာ စစ်အာဏာရှင်၏ ဝါဒဖြန့်ဖဲချပ်များ စာတမ်းမှ ထုတ်နုတ်တင်ဆက်ခြင်းဖြစ်ပါသည်။ တီမိုပြုစုတင်ပြသည့် ယင်းသုတသန စာတမ်းကို ၂၀၂၃ ခုနှစ်တွင် The Red Flag အဖွဲ့က ထုတ်ဝေခဲ့ခြင်းဖြစ်သည်)

မြန်မာ့လွတ်လပ်ရေးနှင့် အတူပေါက်ဖွားလာသည့် တပ်မတော်။ အမျိုးသာဘာ သာသနာကို စောင့်ရှောက်သည့် တပ်မတော်။ တပ်မတော်သည် နိုင်ငံတော်ကို ထိန်းသိမ်း စောင့်ရှောက်သည် စသည်ဖြင့် ညွှန်းဆိုလေ့ရှိသည်။

မှန်ပါသည်။ အာဏာရှင်တို့အတွက် အဓိက လက်သုံး အထူးအင်စတီကျူးရှင်းမှာ တပ်မတော်ဖြစ်သည်။ ‘Perfect Agent’ ဟု သုံးလေ့ရှိသည်[1]။ အာဏာရှင်တို့အတွက် အထူးပြည့်စုံတော်မူသော လက်ကိုင်သင်းပင်းအဖွဲ့ဖြစ်သည်။ ယင်းအပြင် အခြားနိုင်ငံ၏ အင်စတီကျူးရှင်းများ ကဲ့သို့မဟုတ်။ ထူးကဲသာလွန်သော ဝိသေသတို့ကို သုံးလေ့ရှိသည်။ အများအားဖြင့် စစ်တပ်ကို တိုင်းပြည်၏ အုပ်ထိန်းသူ၊ ကာကွယ်စောင့်ရှောက်သူဟု သုံးလေ့ရှိသည်[2]

သို့သော် အချို့သောနိုင်ငံများတွင် ခေတ်သစ်တပ်မတော် တို့သည် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်သည် ဆိုသည့်တိုင် နိုင်ငံ့ အကျိုးစီးပွားကို ကျယ်ကျယ်ပြန့်ပြန့် ကြည့်လေ့ရှိသည်။ စစ်ဗိုလ် စစ်သား တစ်စုတစ်ဖွဲ့တည်း၏ အကျိုးအတွက်သက်သက် ဦးတည်လေ့မရှိ။

အာဏာရှင်စနစ် ခေါင်းဆောင်ဆိုတိုင်း စစ်ဗိုလ်၊ စစ်သားများ ဖြစ်လေ့ရှိသည် မဟုတ်သော်လည်း (ဥပမာ ဟစ်တလာ (ဂျာမနီ)၊ ဆဒန်ဟူစိန် (အီရတ်)၊ ဖာနန်ဒို မားကို့စ် (ဖိလစ်ပိုင်)) အာဏာပိုင်/အာဏာရှင် စနစ်အတော်များများတွင် စစ်အလေ့အကဲတို့ လွန်စွာ လွှမ်းမိုးလေ့ရှိသည်။

စစ်တပ်သည် လက်နက်ကိုင် အထွဋ်အခေါင်အဖွဲ့ဖြစ်ရာ အခြားအင်စတီးကျူးရှင်များထက် ခေါင်းတစ်လုံးထက်မက ပိုမြင့်သော နေရာတွင် ယူထားလေ့ရှိသည်။ စစ်တပ်သည် နိုင်ငံကို တိုင်းတပါးရန်မှ ကာကွယ်ပေးသည်။ တိုင်းပြည်အတွင်း ကောင်းမွန်စွာ လည်ပတ်နိုင်ရေး ကာကွယ်ပေးထားသည်ဟုလည်း အမွှန်းတင်တတ်ကြသည်။ ယင်းသို့ အမွှန်းတင် ဝါဒဖြန့်မှုနှင့် အတူ အရေးကြီးသော အခြား အချက်တစ်ချက်မှာ အာဏာရှင်တို့မှာ စစ်တပ်ကျောထောက်နောက်ခံ မရှိဘဲ ဆက်လက်ရှင်သန်ရပ်တည်နိုင်ခြင်း မရှိပါ။ အချို့သော အရပ်သား အာဏာရှင်များကလည်း စစ်တပ် ကျောထောက်နောက်ခံယူကာ၊ စစ်တပ်၏ အကျိုးစီးပွားဖော်ဆောင်ပေးခြင်းဖြင့် တိုင်းပြည်ကို ခြယ်လှယ်လေ့ရှိသည်။

ဖိလစ်ပိုင် သမ္မတ ဖာနန်ဒို မားကို့စ်သည် သူ၏ သမ္မတ သက်တမ်း (၁၉၆၅-၁၉၈၆) အတွင်း စစ်တပ်နှင့် ကျေးဇူးခံ-ကျေးဇူးစား ဆက်ဆံရေး တည်ဆောက်ပြီး ပြည်သူတို့ကို ဖိနှိပ်အုပ်ချုပ်သည်။  ရွေးကောက်ပွဲဖြင့် တက်လာသည့် အရပ်သား အာဏာရှင် အဖြစ်ကျော်ကြားသည်။ ထိုနည်းတူ ပီရူးနိုင်ငံရေးသမား ဖူဂျီမိုရီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရပြီး သမ္မတ ဖြစ်လာပြီးနောက် ၂ နှစ်အကြာ စစ်တပ်၏ ထောက်ခံချက်ဖြင့် လွှတ်တော်၊ လွတ်လပ်သော တရားစီရင်ရေးစနစ်ကို ဖျက်သိမ်းခဲ့သည်။ (ယင်းကို နိုင်ငံခေါင်းဆောင်က ကိုယ်တိုင်စီစဉ် ကျူးလွန်သော အာဏာသိမ်းမှု – Self-coup အဖြစ်လည်း တွင်ကျယ်ခဲ့သည်)။ ထိုနောက် မီဒီယာ ဆင်ဆာဖြတ်တောက်မှုများလုပ်ကိုင်ခြင်း၊ အများပြည်သူကို ဖိနှိပ်ခြင်းတို့ဖြင့် စစ်တပ် ထိန်းချုပ်သော နီယိုလစ်ဘရယ်စီးပွားရေးပုံစံကို တည်ထောင်ခဲ့သည်။

အချို့သော စစ်တပ်များသည် အာဏာသိမ်းစရာမလိုဘဲ တိုင်းပြည်နိုင်ငံ့ရေးရာများကို လွှမ်းမိုးလေ့ရှိသည်။ သို့သော် အာဏာသိမ်းခြင်း ဆိုသည့် အလေ့အထသည် နိုင်ငံရေးတွင် ပါဝင်စွက်ဖက်လိုတိုင်း အများဆုံး လုပ်လေ့လုပ်ထရှိသည့် ကိစ္စဖြစ်သည်။

အာဏာသိမ်းတိုင်းလည်း စစ်အုပ်ချုပ်ရေးဖြင့် သွားချင်မှ သွားလေ့ရှိသည်။ အာဏာသိမ်းတိုင်းလည်း အကြမ်းဖက်မှုများ လွန်လွန်ကျူးကျူးဖြစ်ချင်မှ ဖြစ်လေ့ရှိသည်။ အချို့အာဏာသိမ်းမှုများတွင် စစ်အုပ်ချုပ်ရေးကာလတိုဖြင့် အဆုံးသတ်သွားလေ့ရှိသည်။ စစ်အုပ်ချုပ်ရေး ထိုသို့ ခပ်တိုတိုဖြင့် အဆုံးသတ်သွားတိုင်း ဒီမိုကရေစီသို့ ကူးပြောင်းသွားသည်ဟုတော့ တစ်ထစ်ချမမှတ်ယူနိုင်ပါ။ အာဏာရှင် တစ်နည်းနည်းဖြင့် လွှမ်းမိုးသော အုပ်ချုပ်ရေးဖြင့်လည်း ဆက်သွားနေနိုင်သည်။

ဖိလစ်ပိုင် အာဏာရှင် မားကို့စ်သည် နိုင်ငံအတွင်း ၎င်းကို ဆန့်ကျင်သူများကို ကွန်မြူနစ်များဟု တံဆိပ်ကပ် ဝါဒဖြန့်သည်။ တိုင်းပြည် ကွန်မြူနစ်ရန်ရှိနေသည်ဟု ချဲ့ကားပြောဆိုကာ အရေးပေါ်အမိန့်ထုတ်ကာ တင်းတင်းကျပ်ကျပ် အုပ်ချုပ်သည်။ မီဒီယာများကို နှိပ်ကွပ်သည်။

ထိုနည်းတူစွာပင် ပီရူးအာဏာရှင် ဖူဂျီမိုရီသည် လက်ယာနိုင်ငံရေး သမားများကို ပီရူး၏ ထာဝရ ရန်သူတော်အဖြစ်သော်လည်းကောင်း၊ သူကိုယ်တိုင်အား ယင်းတို့ကို ဖယ်ရှားမည့် သူရဲကောင်း အဖြစ်သော်လည်းကောင်း ပုံဖော် ဝါဒဖြန့်ခဲ့သည်။ လူထုကို လှည့်စားသည့် နည်းနာ အသုံးပြုခဲ့သည်။

နှစ်ဦးစလုံးမှာ စစ်တပ်ကို လက်ကိုင်ဒုတ်အဖြစ် အသုံးချခဲ့သည်။

အကျိုးစီးပွားနှင့် စစ်တပ်

အချို့စစ်တပ်များမှာ တိုင်းပြည် အကျိုးစီးပွားထက် စစ်တပ်၏ အကျိုးစီးပွား၊ စစ်တပ်ခေါင်းဆောင်များနှင့် ပတ်သက်ဆက်နွှယ်သောသူများ၏ စီးပွားရေး နိုင်ငံရေး အကျိုးအလို့ငှာ တိုင်းပြည်အာဏာကို သိမ်းယူလေ့ရှိသည်။ စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်သူများဟု ဆိုရာတွင် တိုင်းပြည်၏ စီးပွားရေး နိုင်ငံရေး အာဏာကို ချုပ်ကိုင်ထားသော၊ ဆက်လက်ချုပ်ကိုင်ထားလိုသော လူမလိုင်အုပ်စု ခရိုနီများ၊ အိုလီဂါ့များ၏ အကျိုးအလို့ငှာလည်း အာဏာသိမ်းလေ့ရှိသည်[3]

ယင်းနှင့်သဘောတရားတူသော နောက် သီဝရီတစ်ခုမှာ လူထုလူတန်းစား အသီးသီး၏ နိုင်ငံရေး ရေချိန်မြင့်မားလာသော အခါတွင်လည်းကောင်း၊ နိုင်ငံရေးသမားတို့က လူတန်းစား ညီမျှရေး အလို့ငှာ ဓနဥစ္စာကို စနစ်အားဖြင့် ခွဲဝေဖြန့်ဖြူးရေး မူဝါဒချလုပ်ဆောင်လာသော အခါတွင်လည်းကောင်း အာဏာသိမ်းခြင်း ဖြစ်ပေါ်လေ့ရှိသည်[4]။ လူလတ်တန်းစားတို့ ဉာဏ်အလင်းပွင့်လာပြီး ဖိနှိပ်သူ ထိပ်ပိုင်း လူ့မလိုင်လူတန်းစားတို့ကို ခြိမ်းခြောက်လာနိုင်သော အခါ စစ်တပ်က အာဏာသိမ်းလေ့ရှိသည်။

တိုင်းပြည်တွင်း စီးပွားရေး အရင်းအမြစ်များကို ထိန်းချုပ်ရန်လည်း အာဏာရှင်တို့ အာဏာသိမ်းခြင်း၊ အာဏာ လက်မလွှတ်လိုခြင်းတို့ ရှိတတ်သည်။ ထိုကြောင့် အာဏာသိမ်းခြင်း၊ တိုင်းပြည် ဒီမိုကရေစီနှင့် ဝေးကွာခြင်း အကြောင်းတရားများ အနက်တစ်ခုမှာ သယံဇာတပေါကြွယ်၀ခြင်း ဖြစ်သည်။

(ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ပါက အခြားတစ်ဖက်တွင် ကောင်းကျိုးများ ရှိသော်လည်း) သဘာ၀သယံဇာတကြွယ်ဝသော တိုင်းပြည်အများအပြားတွင် နိုင်ငံရေး ပဋိ့ပက္ခများ ရောပြွန်းနေတတ်ပြီး ဒီမိုကရေစီ စနစ်တည်ဆောက်ရေး မအောင်မမြင် ဖြစ်ရတတ်သည်။ တောင်အာဖရိက နိုင်ငံများဖြစ်သော ဇမ်ဘီယာ၊ အယ်ဂျီးရီးယား၊ ကွန်ဂို၊ တိုဂို စသည်တို့မှာ အဓိက နမူနာများ ဖြစ်သည်။

တိုင်းပြည်က သယံဇာတကြွယ်၀သည်။ သို့သော်လည်း အုပ်ချုပ်သူက ချိနဲ့သည်။ (အုပ်ချုပ်သူဆိုသည်မှာ အာဏာရှင် အုပ်ချုပ်ရေးလည်း အကျုံးဝင်သည်) ချိနဲ့သည်ဟုဆိုရာတွင် တိုင်းပြည်ကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်စွမ်း မရှိမှု၊ စီမံအုပ်ချုပ်ရေး အင်စတီကျူးရှင်းများ အားနည်းမှုကို ဆိုလိုသည်။ ထိုအခါ သယံဇာတကပ်ဘေး ဖြစ်ပြီး တိုင်းပြည် ဆင်းရဲမည်။ အာဏာရှင်တို့ အာဏာပိုင်စိုးဖို့ ပိုလွယ်နိုင်သည်။ အခြားတစ်ဖက်တွင်လည်း သယံဇာတများကို အခြား အကျိုးဆိုင်အုပ်စုများနှင့် ညီမျှစွာ ခွဲဝေသုံးစွဲနိုင်ခြင်း မရှိပါက ပြည်တွင်းစစ်၊ တိုင်းရင်းသားလူမျိုးများနှင့် ပဋိပက္ခများ ဖြစ်စေသည်[5]

ထိုသို့အားဖြင့် စစ်တပ်၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ပေးရာရောက်သည်။ အချို့သော လူအုပ်စုများက မငြိမ်မသက်မှုများကို နှိမ်နင်းရန်၊ ငြိမ်ဝပ်အောင် လုပ်ရန် စစ်တပ်အင်အားကြီးရမည် ဆိုသည့် သဘောတရားများ ရိုက်သွင်းခံရနိုင်သည်။ ထိုသို့ဖြင့် စစ်တပ်၏ အခန်းကဏ္ဍ၊ အာဏာရှင်၏ အခန်းကဏ္ဍ မည်မျှ အရေးကြီးကြောင်း ဝါဒဖြန့် လှိမ့်လုံးသွင်းခံရနိုင်သည်။

ပြင်ပရန်မှ ကာကွယ်ရန် သော်လည်းကောင်း၊ (ဒီမိုကရေစီကို ခြိမ်းခြောက်သူ-သူပုန်-ကွန်မြူနစ်-အနောက်ဩဇာခံ စသည့် တံဆိပ်အမျိုးမျိုးကပ်ကာ) အတွင်းရန် မှ ကာကွယ်ရန် သော်လည်းကောင်း အကြောင်းပြ အာဏာရယူလေ့ရှိသည်။ လူထုကိုလည်း နည်းအမျိုးမျိုးဖြင့် အယုံသွင်းရန် သော်လည်းကောင်း၊ အာဏာသိမ်း ခေါင်းဆောင်၏ နောက်လိုက်ဗိုလ်ထုတို့ကို နည်းအမျိုးမျိုးဖြင့် လှည်ဖျား အယုံသွင်းရန် သော်လည်းကောင်း ဝါဒဖြန့်လေ့ရှိသည်။

အာဏာရှင်တို့သည် စစ်တပ်ကို အသုံးပြု၍ အာဏာရအောင်ပြုလုပ်ခြင်း (အာဏာသိမ်းခြင်း)၊ အာဏာရလာချိန်တွင် အာဏာတည်မြဲရေးနှင့် အတိုက်အခံတို့ကို နှိပ်ကွက်ခြင်းတို့ကို တွေ့နိုင်သည်။ ထိုသို့ နှိပ်ကွပ်ရာတွင်လည်း တိုင်းပြည် အန္တရာယ်ရှိနေသဖြင့် ထိုသို့ လုပ်ဆောင်ရကြောင်း ပြည်သူလူထု ယုံမှတ်မှား လာအောင် လှည့်စား၍ သော်လည်းကောင်း၊ တပ်မတော်ကဲ့သို့သော အင်စတီကျူးရှင်းကသာ ထိုသို့သော ဘေးရန်က ကာကွယ်နိုင်သည်ဟုဆိုကာ စစ်တပ်၏ အရေးပါမှုကို အလွန်အကျူး ဖွင့်ဆို၍ သော်လည်းကောင်း ဝါဒဖြန့် လှိမ့်လုံးသုံးလေ့ရှိသည်။

မြန်မာ့ သမိုင်းစဉ်

မြန်မာ့တပ်မတော်ကို လွတ်လပ်ရေးနှင့် အတူ ပေါက်ဖွားလာသည်ဟု လူသိများသည်။ မြေစမ်းခရမ်းပျိုး ဒီမိုကရေစီ ကာလမှာ မြန်မာနိုင်ငံသက်တမ်း ၇၅ နှစ်အတွင်း အနှစ် ၂၀ ပင် မပြည့်တတ်ခဲ့လှပါ။ ၁၉၄၈-၅၈ နှင့် ၂၀၁၁-၂၀၂၁ တို့တွင် စစ်တပ် လွှမ်းမိုးမှု ကြီးသော စပ်ကြား ဒီမိုကရေစီခေတ် ခဏမျှ ရှိခဲ့သည်။

မြန်မာ့တပ်မတော်သည် ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်စစ်ဆင်ရေးများတွင် ကူညီရန် ဖွဲ့စည်းခဲ့တဲ့ ဒေသခံ တပ်မတော် တစ်ခုဖြစ်ပြီး စစ်ပြီးခေတ်နောက်ပိုင်းတွင် နိုင်ငံရေးအင်အားစု တစ်ခုအဖြစ်ပေါ်လာခြင်း ဖြစ်သည်[6]။ ဂျပန်လေ့ကျင့်မှုနှင့် အတူ ပေါ်လာသဖြင့် ဖက်ဆစ်ဂျပန်ခေတ်က စစ်သားသည် အရပ်သားထက် ပိုမြင့်မြတ်ကြောင်း အယူအဆပါလာနိုင်ကြောင်း ယူဆချက်ရှိသည်။

၎င်းတို့သည် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူတွေ၊ အမိမြေကာကွယ်သူတွေ ဖြစ်ပြီး ကြေးစားစစ်သားတွေ မဟုတ်ကြောင်း တွင်တွင်ကြီး ဆိုလေ့ရှိသည်ကို ဘီဘီစီ မြန်မာပိုင်းပါ မြန်မာပြည်မှာ သိမ်းသည်၊ တပ်မတော် ဒီမိုကရေစီနဲ့ နိုင်ငံရေး သံသရာ ဆောင်းပါးတွင်  ဖော်ပြထားပါသည်။ ထိုနည်းတူပင် တပ်မတော်အတွင်း တွေ့ကြုံသိမြင်ခံစားရသည့် အဖြစ်အပျက်များ ဆောင်းပါး တစ်ရပ်တွင်လည်း တပ်မတော်သည် ကြေးစားစစ်တပ်မဟုတ်ကြောင်း၊ ပြည်သူကို အနစ်နာခံ ကာကွယ်ပေးသည့် မျိုးချစ် တပ်မတော်ဖြစ်ကြောင်း အစဉ်တစိုက် ဝါဒဖြန့်ကာ အောက်ခြေစစ်သားများကို စည်းရုံးကြောင်း ဖော်ပြထားသည်[7]

ယင်းကပင် တပ်မတော်သည် နိုင်ငံရေးတွင် ပါဝင်ထိုက်သော၊ တိုင်းပြည်ကို စောင့်ရှောက်အပ်သော အထူးအင်စတီကျူးရှင်းအဖြစ် ထင်မှတ်ကာ စိတ်တိုင်းကျ နိုင်ငံရေး အခင်းအကျင်း မဖြစ်ပါက အာဏာသိမ်းခြင်း၊ အာဏာဆက်ဆုပ်ကိုင်ထားခြင်းကို အလေ့အကျင့် ဖြစ်လာပုံရသည်။

(အပိုင်း ၂ ကို ဆက်လက်ဖော်ပြပါမည်)

တီမို

▶︎▶︎ တပ်မတော်သည် နိုင်ငံတော်ကို စောင့်ရှောက်သည် (အပိုင်း ၂)

[1] Acemoglu, D., Ticchi, D., & Vindigni, A. (2008). A theory of military dictatorships. National Bureau of Economic Research.

[2] Márquez, X. (2023). Non-democratic politics: Authoritarianism, dictatorship, and democratization. Bloomsbury Academic.

[3] Acemoglu, D., Ticchi, D., & Vindigni, A. (2008). A theory of military dictatorships. National Bureau of Economic Research.

[4] Geddes, B., Frantz, E., & Wright, J. (2018). How dictatorships work: Power, personalization, and collapse. Cambridge University Press.

[5] De Luca, G., Sekeris, P. G., & Vargas, J. F. (2018). Beyond divide and rule: Weak dictators, natural resources and civil conflict. European Journal of Political Economy, 53, 205–221. 

[6] BBC. (n.d.). မြန်မာပြည်မှာ သိမ်းသည်၊ တပ်မတော်၊ ဒီမိုကရေစီနဲ့ နိုင်ငံရေးသံသရာ. BBC News မြန်မာ. 

[7] တပ်မတော်အတွင်းတွေ့ကြုံသိမြင် ခံစားခဲ့ရသော အဖြစ်အပျက်များ. ottara2008. (2008, April 10). 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .