တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကြာမီ ခြောက်လအတွင်း အငြိမ်းစားယူရတော့မည့် အရေး၊ အငြိမ်းစားယူပြီးနောက် အကျိုးစီးပွားနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကာအကွယ်များ မသေချာခြင်း၊ တပ်မတော်၏ နိုင်ငံရေး အာဏာကို ဆက်လက်ဖက်တွယ်ထားလိုမှု၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်၌၏ အာဏာမက်မောမှု တို့က မဲစာရင်းမှားယွင်းမှု အကြောင်းပြ အာဏာသိမ်းခြင်းကို ဖြစ်စေခဲ့ကြောင်း သုံးသပ်ချက် အများအပြားရှိသည်[1]။
အာဏာသိမ်း စစ်တပ်အနေနှင့် မည်သို့ မည်မျှ တွက်ချက်လုပ်ဆောင်ခဲ့သည်ကို မခန့်မှန်းနိုင်ပါ။ သို့သော် ရင်ဆိုင် ပေးဆပ်ရမည့် အဖိုးအခမှာ ကြီးမားလှသည်။ စစ်တပ်ကမူ အာဏာသိမ်းခြင်းမဟုတ်၊ အာဏာထိန်းသည်သာ ဖြစ်သည်။ မကြာမီ ရွေးကောက်ပွဲကျင်းပမည်၊ အနိုင်ရသော နိုင်ငံရေးပါတီကို အာဏာလွှဲပေးမည်ဟု တွင်တွင်ကြီး ဆိုနေဆဲဖြစ်သည်။ တစ်နည်းဖြင့် ဆိုသော် အာဏာရှင်တို့ လက်စွဲတော်ဖြစ်သော ရွေးကောက်ပွဲ ဖဲချပ်ကို အသုံးချပြီး လှည့်စားရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။
ထိုအကြောင်း ဆက်ဆွေးနွေးကြပါမည်။
၂၀၂၁ အာဏာသိမ်းမှု အလွန် . . .
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ နံနက်ခင်းက မျိုးဆက်သစ်တို့အတွက် ဒဏ်ရာအသစ် ပေးလိုက်သည်။ မျိုးဆက်ဟောင်းတို့ အတွက်မူ ထပ်ပိုး ဒဏ်ရာဖြစ်လာစေသည်။ ဖုန်းလိုင်းများ၊ အင်တာနက်လိုင်းများ အချိန်အတိုင်းအတာ တစ်ရပ်အထိ ပြတ်တောက်သွားသည်။ ယင်းနောက် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး ဟူသော သတင်းထုတ်ပြန်ချက် တစ်ရပ်ပေါ်လာသည်။ အတွေ့အကြုံရှိသော သူတို့အတွက်မူ အာဏာသိမ်းလိုက်ပြီဟု သိလိုက်ပြီ။
လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ ဖြေရှင်းပေးရန် တပ်မတော်က အကြိမ်ကြိမ်၊ နည်းလမ်း အမျိုးမျိုးဖြင့် တောင်းဆိုမှု အပေါ် ဆောင်ရွက်ခြင်းမရှိသဖြင့် ‘နိုင်ငံတော် အာဏာအား အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်ခြင်း’ ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကာလုံ အစည်းအဝေးတွင် တင်ပြခဲ့သည်[2]။ ထိုနောက် ယာယီသမ္မတ ဦးမြင့်ဆွေ ဆိုသူက စစ်တပ်ကို အာဏာ သုံးရပ်လွှဲလိုက်သည်။ ထိုသို့ဖြင့် စစ်တပ်အာဏာသိမ်းခြင်းအမှု သိဒ္ဓိတင်ပြီးသွားလေသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်ကို ကျော်လွန်ခြင်း မရှိသော တည်ဆဲဥပဒေများ အတိုင်းလိုက်နာမည်ဖြစ်ကြောင်း၊ အရေးပေါ်ကာလပြဋ္ဌာန်းချက်များနှင့် ဆောင်ရွက်ပြီးစီးပါက လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရသော ပါတီကို အာဏာလွှဲသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
အရေးပေါ်ကာလ ဆိုသည့် ပြဋ္ဌာန်းချက် အရ တပ်မတော်က အာဏာသိမ်းနိုင်သည့် သက်တမ်းမှာ အကန့်အသတ်ရှိသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြောရရင်တော့ အရေးပေါ် အခြေအနေက တစ်နှစ်ပဲလုပ်လို့ရတယ်။ တစ်ကယ်လို့အရေးပေါ်အခြေအနေအတွင်းမှာ တာဝန် မပြီးဆုံးသေးဘူး ဆိုရင် သမ္မတ(သို့မဟုတ်) ယာယီသမ္မတကနေ ခြောက်လတစ်ကြိမ်၊ ခြောက်လ တစ်ကြိမ်၊ နှစ်ကြိမ်ခွင့်ပြုပေးတယ်။ နှစ်နှစ်ထက်ပိုပြီးလုပ်လို့မရဘူး။ ဒါကြောင့် ကျွန်တော်တို့သည် အများဆုံးက နှစ်နှစ်ပဲ ဖြစ်ပါတယ်။ နှစ်နှစ် ထက် ပိုလုပ်လို့ မရပါဘူး”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံ အခြေစိုက် Phoenix TV နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခဲ့သည်[3]။ မေလ ၂၀ ရက်နေ့တွင် ထိုသို့ တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး ယင်းကို ဇွန်လ အတွင်း ထုတ်ပြန်ခဲ့သည်။
“ရွေးကောက်ပွဲဟာ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်တဲ့ အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်ပါတယ်။ လွတ်လပ်ပြီး တရားမျှတမှသာ ပြည်သူတွေ လိုလားတောင့်တတဲ့ ပါတီစုံ ဒီမိုကရေစီ စနစ် ခိုင်မြဲစေပြီး၊ နိုင်ငံရဲ့ နိုင်ငံရေး သမိုင်းနဲ့ နိုင်ငံတကာ အလယ်မှာလည်း ဂုဏ်သိက္ခာ မြင့်မားစေမှာ ဖြစ်ပါတယ်”ဟု သူက ဆိုသည်။
ရွေးကောက်ပွဲကို တဖွဖွ ပြောဆိုပြီးနောက် လက်ရှိ နိုင်သူအကုန်ယူ ရွေးကောက်ပွဲ စနစ်မှာ အချိုးကျကိုယ်စားပြု (PR) စနစ်ကို ပြောင်းလဲရန် စစ်ကောင်စီက ကြိုးပမ်းလျက်ရှိသည်။ နိုင်သူအကုန်ယူ စနစ်တွင် ခွက်ခွက်လန်အောင်ရှုံးခဲ့သော အခြေအနေမျိုး မဖြစ်ရန် အချိုးကျ ကိုယ်စားပြု စနစ်အဖြစ် ပြောင်းလဲရန် ကြိုးပမ်းလာခြင်းဖြစ်သည်။ လူတိုင်းပေးလိုက်သော မဲများ မဆုံးရှုံးရေးဟုဆိုကာ အချိုးကျကိုယ်စားပြု စနစ်ကို ပြောင်းလဲခြင်းမှာ စစ်ကောင်စီနှင့် လက်ဝေခံ ပါတီများ မဲအချိုးအစား ပိုရစေပြီး စစ်ကောင်စီ နိုင်ငံရေး အသက်ဆက်လိုရင်း ဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားကြသည်[4]။
PR စနစ်ကို ပြင်ဆင်ရန် လုံလောက်သော အချိန်လိုအပ်ကြောင်းလည်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၂၀၂၂ ခုနှစ် ဩဂုတ်လ မိန့်ခွန်းတွင် ပြောဆိုထားသည်[5]။
စစ်ခေါင်းဆောင်၏ လှိမ့်လုံးနောက် လိုက်၍ စစ်လော်ဘီများကလည်း ရွေးကောက်ပွဲ အကြောင်း ဝိုင်းလှော်ကြသည်။ လက်ရှိ မြန်မာနိုင်ငံ အခြေအနေမှာ ရွေးကောက်ပွဲဖြင့်သာ ငြိမ်းငြိမ်းချမ်းချမ်း ဆက်သွားနိုင်ကြောင်း ဆိုကြသည်။ တစ်ချိန်တည်းမှာပင် စစ်ကောင်စီ၏ လက်ဝေခံ Telegram အသုံးပြုသူများက အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အနေနှင့် လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် မိသားစုဝင်များကို လုပ်ကြံရန် PDF များကို ညွှန်ကြားကြောင်း သတင်းတု သတင်းမှားများ ကျယ်ပြန့်စွာ ဖြန့်ဝေခဲ့သည်[6]။ စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုများသည် ရွေးကောက်ပွဲကို ဖျက်ဆီးသူများ၊ တိုင်းပြည် ငြိမ်းချမ်းရေးနည်းကို ပိတ်ဆို့သူများအဖြစ် ပုံဖော်သည်။ အကြမ်းဖက်သူများအဖြစ် တံဆိပ်တပ်သည်။
စစ်ကောင်စီ ရည်ညွှန်းသော အရေးပေါ်ကာလ ပြဋ္ဌာန်းချက်အရ အရေးပေါ်ကာလ တစ်နှစ်၊ တာဝန်ပြီးဆုံးခြင်း မရှိသေးပါက ယာယီ ခြောက်လ နှစ်ကြိမ် သက်တမ်းတိုးခွင့်ရှိသည်။ စုစုပေါင်း ၂ နှစ်သာ စစ်တပ်က အာဏာရယူပြီး ရွေးကောက်ပွဲ ကျင်းပရမည်ဖြစ်သည်။
ထိုကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်တွင် အာဏာသိမ်းစစ်တပ် သက်တမ်းကုန်ပြီး ၂၀၂၃ ခုနှစ် နှစ်လယ်တွင် ရွေးကောက်ပွဲ ကျင်းပရမည်ဖြစ်သည်။ ထိုအတိုင်းပဲ စစ်ကောင်စီ ဥက္ကဋ္ဌက တရုတ်ရုပ်သံ သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။
သို့သော် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ ကာလုံအစည်းအဝေးတွင် ထိုသို့ ဖြစ်မလာခဲ့ပါ။ တိုင်းပြည်အတွင်း သာမန်မဟုတ်သော အခြေအနေများ ဖြစ်ပေါ်နေဟု ဆိုကာ ခြောက်လ သက်တမ်းတိုးခဲ့သည်။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကလည်း ထိုကိစ္စကို ခွင့်ပြုခဲ့သည်ဟုဆိုသည်။
ရွေးကောက်ပွဲနှင့် ပတ်သက်သော မည်သည့် အချိန်ဇယားကိုမျှ ကတိပြုခဲ့ခြင်း မရှိတော့ပါ။
ယင်းနောက် ၂၀၁၃ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့ ကာလုံအစည်းအဝေးတွင်လည်း သာမန်မဟုတ်သော အခြေအနေ အဖြစ် နောက်ထပ် ခြောက်လ သက်တမ်းတိုးပြန်သည်။ နိုင်ငံတော် တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး အတွက် အရှိန်အဟုန်ဖြင့် လုပ်ဆောင်သွားရမည်ဟုဆိုသည်။
ရွေးကောက်ပွဲ ဖြစ်နိုင်ခြေအခင်းအကျင်း နှစ်မျိုးကို ယင်းအစည်း အဝေးတွင် စစ်ကောင်စီ ဥက္ကဋ္ဌက တင်ပြခဲ့သည်။
(၁) မတည်မငြိမ်ဖြစ်နေ (သည်ဟု စစ်တပ်က ယူဆ) သော စစ်ကိုင်း၊ မကွေးမြောက်ပိုင်း၊ ချင်း၊ ကယား (ကရင်နီ)၊ ကရင်၊ ပဲခူးအရှေ့ခြမ်း နှင့် တနင်္သာရီတိုင်း ဒေသအနည်းငယ်ကို ချန်လှပ်ထားပြီး ရွေးကောက်ပွဲ ပြုလုပ်ရန်၊
(၂) တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ ဆောင်ရွက်ရန် တို့ ဖြစ်သည်။
ယင်းကို ထောင့်ချင့်ခြင်းအားဖြင့် တည်ငြိမ်အေးချမ်းသည်ဟု ၎င်းတို့ ယူဆသော ဒေသများတွင် ရွေးကောက်ပွဲ ကွက်လုပ်ကာ အစိုးရဖွဲ့ရေး အတွက် အနည်းဆုံး လိုအပ်သော လွှတ်တော် ကိုယ်စားလှယ် အရေအတွက်မျှဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ကြောင်း ရုပ်လုံးတစ်ရပ် ပေါ်လာသည်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ၂၅ ရာခိုင်နှုန်း အသင့်ရှိထားပြီး ဖြစ်ရာ အစိုးရဖွဲ့ရန် လိုအပ်သည့် (လွှတ်တော် လည်ပတ်ရန် လိုအပ်သည့်) နောက်ထပ် ၂၆ ရာခိုင်နှုန်း လွှတ်တော် ကိုယ်စားလှယ်နေရာများတွင်သာ ရွေးကောက်ပွဲ ကျင်းပရန် လိုအပ်သည့် သဘောဖြစ်သည်။
သာမန်မဟုတ်သည့် သက်တမ်း ဒုတိယ အကြိမ်တိုးပြီးနောက် တစ်ပတ်အကြာတွင် ကျင်းပသော စစ်ကောင်စီ အစည်းအဝေးတွင် စစ်ကောင်စီ ဥက္ကဋ္ဌက အနှောင့်အယှက်များကြောင့် ရွေးကောက်ပွဲ နှောင့်နှေးစေကြောင်း ပြစ်တင်ပြောဆိုခဲ့သည်[7]။
သို့သော် မည်သည့် အချိန်တွင် မည်သို့သော ပုံစံဖြင့် ရွေးကောက်ပွဲ လာမည်ဆိုသည်ကိုတော့ မပြောနိုင်တော့ပါ။
စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဖဲချပ်
နိုင်ငံတကာ အာဏာရှင် ရပ်ဝန်းတွင် ရွေးကောက်ပွဲနှင့် အာဏာသိမ်းပွဲများ၊ ရွေးကောက်ပွဲနှင့် အာဏာလက် လွှတ်လိုက်ရသည်များ ဒွေးရောယှက်တင်ရှိသကဲ့သို့ မြန်မာ့ သမိုင်းစဉ်တွင်လည်း ကြုံခဲ့ရပြီးဖြစ်သည်။
ရွေးကောက်ပွဲသည် ‘ဓားနှစ်ဖက်ပါသောသွား’ ဖြစ်ကြောင်း မြန်မာနိုင်ငံ အတွေ့အကြုံကလည်း ပေးခဲ့ပြီးဖြစ်သည်။ ရွေးကောက်ပွဲများကြောင့် အာဏာလက်လွှတ်ရ (၂၀၁၅)၊ လက်လွှတ်ရလုနီးနီး (၁၉၉၀) ဖြစ်ခဲ့ရပြီးဖြစ်သည်။
ပါတီနှင့် အာမီ (စစ်တပ်) တွဲသုံးနည်းကို ဆက်လုပ်နေဆဲဖြစ်သည်။ စစ်တပ်သည် အခြားတစ်ဖက်တွင် ကိုယ်တိုင် နိုင်ငံရေးပါတီ ထူထောင်၍ သော်လည်းကောင်း၊ စစ်တပ်ထောက်ခံသော ပါတီများနှင့် မဟာမိတ်ပြု၍သော်လည်းကောင်း ရွေးကောက်ပွဲကို အသုံးချ၍ အာဏာဆက်မြဲရေး၊ အာဏာရရေး ကြိုးပမ်းခဲ့သည်ကို ထင်ရှားသည့် သာဓကများက ပြဆိုနေသည်။
နိုင်ငံတကာတွင် တရားဝင်မှုရရှိရန်၊ ပါတီစုံ ဒီမိုကရေစီ ဖြစ်ပါကြောင်း ထင်ယောင်ထင်မှား ဖြစ်စေရန် အခြား ပါတီငယ်များကို ဝင်ပြိုင်စေမည်။ သို့သော် အာမီပါတီကသာ နိုင်အောင် သေသေချာချာ ဆင်ထားမည်ဖြစ်သည်။
အရေးပေါ်ကာလပြီးမြောက်ပါက ပါတီစုံရွေးကောက်ပွဲ ကျင်းပကာ အနိုင်ရပါတီကို အာဏာလွှဲပေးမည်ဟု အာဏာသိမ်းစစ်တပ်က ဆိုထားသည်။ သို့သော် အာမီပါတီကသာ အနိုင်ရစေရန် သေချာစွာ စီစဉ်လျက်ရှိသည်။ အာမီ၏ ပါတီကို ပုခုံးချင်းယှဉ်လာနိုင်သော နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခွင့်မပြုခြင်း၊ စည်းမျဉ်းစည်းကမ်းများတင်းကျပ်ခြင်းတို့ ရှိလာသည်။ အတိုက်အခံပါတီတို့မှ လွှတ်တော်ကိုယ်စားလှယ် အနည်းငယ်ကို နိုင်ခွင့်ပေးလိုက်နိုင်သော်လည်း ယင်းမှာ အာဏာရ စစ်တပ်ကျောထောက်နောက်ခံပြုထားသော ပါတီကို ထိုးနက်နိုင်လောက်သည် အထိ ခွင့်ပြုမည်မဟုတ်ပါ။
အာဏာရှင် လက်အောက်တွင် ရွေးကောက်ပွဲများ ရှိလာနိုင်သည်။ သို့သော် ၎င်းတို့ အာဏာတည်မြဲရေးအတွက် အသေအချာ ‘ဆင်’ ထားသော ရွေးကောက်ပွဲများသာ ဖြစ်လိမ့်မည်။ အာဏာရှင်တို့သည်လည်း ရွေးကောက်ပွဲများကို ကြိုက်လေ့ရှိပါသည်။ သို့သော် ၎င်းတို့ လိုသလို အသုံးချနိုင်ရုံ သက်သက်၊ ဝါဒဖြန့် လိမ့်လုံးညာလုံး သက်သက်အတွက်သာ ဖြစ်သည်။
ရွေးကောက်ပွဲနည်းပြီးနောက် နောက်ထပ် တသွင်သွင်အသုံးပြုသော နည်းမှာ တပါးသူကို အပြစ်ဖို့သောနည်းဖြစ်သည်။
(မြန်မာ စစ်အာဏာရှင်၏ ကျန်ရှိနေသေးသော ဝါဒဖြန့်ဖဲချပ်များကို အပိုင်းလိုက် ဆက်လက်ဖော်ပြသွားပါမည်)
◼︎တီမို
◀︎◀︎ စစ်အာဏာရှင်၏ ရွေးကောက်ပွဲဖဲချပ် (အပိုင်း ၃)
[1] Gunia, A. (2021, February 1). Myanmar coup: Why the military overthrew Aung San Suu Kyi. Time.
[2] အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်၊ ဖေ ၁၊ ၂၀၂၁
[3] https://www.myawady.net.mm/content/phoenix-tv-people%E2%80%99s-republic-china-interviews-chairman-state-administration-council
[4] PR စနစ်နဲ့ စစ်ကောင်စီ နိုင်ငံရေးအသက်ဆက်ချင်. ဧရာဝတီ. (2023a, July 16).
[5] နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြည်သူလူထုသို့ ပြောကြားသည့်…: By နောင်ရိုးfacebook. Facebook. (n.d.-b).
[6] Check lab Myanmar. Facebook. (n.d.-a).
[7] BBC. (n.d.-c). ရှစ်လေးလုံးတော်လှန်ရေးစိတ်ဓာတ်ကို နွေဦးတော်လှန်ရေးမှာ ပြန်ယူဖို့လိုတယ် လို့ NUG ပြော. BBC News မြန်မာ.