မြောက်ကိုရီးယား ရွေးကောက်ပွဲ
မြောက်ကိုရီးယားကဲ့သို့သော အလွန်တင်းကျပ်လွန်းသည့် အာဏာရှင်နိုင်ငံတွင်လည်း ရွေးကောက်ပွဲ ရှိသည်။ ပုံမှန်အားဖြင့် မည်သို့ ကျင်းပကြသနည်း[1]။
ဘုရင်စနစ်ကဲ့သို့ မျိုးရိုးစဉ်ဆက် မင်းလုပ်အုပ်ချုပ်သော မြောက်ကိုရီးယားတွင် လေးငါးနှစ်လျှင် တစ်ကြိမ် ရွေးကောက်ပွဲရှိတတ်သည်။ NELDA[2] ၏ အဆိုအရ မြောက်ကိုးရီးယားတွင် ရွေးကောက်ပွဲ စုစုပေါင်း ၁၃ ကြိမ်ရှိခဲ့ပြီဖြစ်သည်။ နောက်ဆုံး ပြုလုပ်ခဲ့သော ရွေးကောက်ပွဲမှာ ၂၀၁၉ ခုနှစ်တွင် ဖြစ်သည်။ ယင်းရွေးကောက်ပွဲတွင် မဲထွက်ပေးသူ ရာနှုန်းပြည့် ရှိခဲ့သည်[3]။
အစဉ်အလာအတိုင်းပင် လွှတ်တော်အတွက် ကိုယ်စားလှယ် မဲပေးရွေးချယ်ရခြင်း ဖြစ်သည်။ ပြိုင်ဘက်မရှိပါ။ ခရိုင်အလိုက် ကိုရီးယားအလုပ်သမား ပါတီ (KWP) မှ ကိုယ်စားလှယ်ကို မဲပေးရခြင်း ဖြစ်သည်။ Yes or No တစ်ခုခု ရွေးခွင့်ရှိသည်။ မဲကလည်း လျှိူ့ဝှက်မဲပေးခြင်း မဟုတ်ပါ။ ထိုကြောင့် No ကို ရွေးပြီး မည်သူမျှ ဘေးသင့်မခံကြပါ။ တကယ်တော့ အရွေးခံရသည့် ကိုယ်စားလှယ်များသည်လည်း မည်သည့် လုပ်ပိုင်ခွင့် အာဏာမျှ ရှိကြသည် မဟုတ်ပါ။ မြောက်ကိုးရီးယား၏ လူထုအထွပ်အထိပ် ပါလီမန်မှ ကိုယ်စားလှယ် တစ်ဦးဦးမှာ မည်သည့် အချိန်ကမျှ အစိုးရ၏ ဥပဒေတစ်ခုခုကို ကန့်ကွက်မဲပေးခဲ့သည်ဟူ၍ မရှိပါ။ တံဆိပ်တုံးထုရုံ သက်သက် လွှတ်တော်ဟုဆိုလိုက်လျှင် မြောက်ကိုးရီးယား လွှတ်တော် ဥပမာမှာ အကောင်းဆုံးဖြစ်သည်။ ဆိုဗီယက်ခေတ် ဟာသ တစ်ခု ရှိသည်။
“လူတွေက မဲပေးချင်ယောင်ဆောင်သည်၊ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း လူတွေကို အုပ်ချုပ်နေသယောင် ဆောင်သည်။”
တကယ်တော့ မြောက်ကိုးရီးယားအတွက် ရွေးကောက်ပွဲသည် ရွေးကောက်ပွဲ သက်သက်မဟုတ်ပါ။ လူပျောက်ရှာပွဲလည်း ဖြစ်သည်။ နောက်ပိုင်းနှစ်များတွင် မြောက်ကိုရီးယား အစိုးရက ရွေးကောက်ပွဲကို အခြေပြု၍ တရုတ် သို့မဟုတ် တောင်ကိုးရီးယားကို ရွှေ့ပြောင်းထွက်ပြေးသွားသူတွေ၊ မည်သည့် စစ်သားတွေကတော့ဖြင့် ခွင့်မဲ့ပျက်ကွက်နေသူတွေ၊ ဘယ်သူတွေကတော့ဖြင့် စာရင်းအင်း မှတ်ပုံတင် မရှိဘဲ ခိုးနေထိုင်သူတွေ စသည်ဖြင့် စစ်ဆေး၊ စိစစ်ပွဲကြီး ဖြစ်လာသည် ဟုဆိုသည်။
မြောက်ကိုးရီးယားသားတို့မှာ မဖြစ်မနေ မဲပေးရန် အကျပ်ကိုင်ခံရရုံ သက်သက်မဟုတ်ပါ။ ရွေးကောက်ပွဲသည် မည်ရွှေ့မည်မျှ အရေးကြီးကြောင်း လုပ်ငန်းခွင်တွင် ဆွေးနွေး လှုံ့ဆော်ပွဲများ ကျင်းပရသေးသည်။ ရွေးကောက်ပွဲနေ့တွင်လည်း ပွဲတော် လမ်းတော်များ ခင်းကျင်းရသေးသည်။ မဲပေးသည့်နေ့ လမ်းပေါ်တွင် တွေ့ရသော မဲဆန္ဒရှင်တစ်ဦးဦးကို နိုင်ငံပိုင် မီဒီယာက အင်တာဗျူး လုပ်မည်။ ထိုသူက အလုပ်သမား ပါတီကို အာဏာပြန်ရစေဖို့ မဲပေးရသည်မှာ မည်မျှ ပျော်ကြောင်းပြောမည်၊ ပါတီ၏ ခေါင်းဆောင်မှု အတွက် မည်မျှ ကျေးဇူးတင်ပါကြောင်း ပြောမည်၊ နိုင်ငံပိုင်မီဒီယာကလည်း တိုင်းပြည်တွင်း စည်းလုံးညီညွတ်မှု၊ နိုင်ငံသားများ၏ သစ္စာရှိမှု အတွက် မည်မျှ ချီးမွမ်းပါကြောင်း အယ်ဒီတာ့ အာဘော်ရေးမည်။
ထိုသိုဖြင့် မြောက်ကိုးရီးယား ရွေးကောက်ပွဲ ငါးနှစ် တစ်ကြိမ် ဖြစ်မြောက်နေမည်။ အာဏာရှင်လည်း ဆက်ရှိနေမည်။
———-
မြန်မာ့ ရွေးကောက်ပွဲနှင့် စစ်အာဏာသိမ်း သမိုင်းစဉ်ချုပ်
အထက်ဖော်ပြပါအခန်းတွင် ဆိုခဲ့သလိုပင် ရွေးကောက်ပွဲ၊ အာဏာရှင်တို့ ပြုတ်ကျခြင်း၊ ဆက်မြဲခြင်းတို့နည်းတူ မြန်မာနိုင်ငံတွင်လည်း စစ်အာဏာသိမ်းခြင်းနှင့် ရွေးကောက်ပွဲ အဆက်အစပ်များကို လေ့လာကြည့်နိုင်သည်။
ရုတ်တရက်ဆိုပါက အမှုမဲ့ အမှတ်မဲ့ ဖြစ်နိုင်သော်လည်း မြန်မာ့နိုင်ငံရေး သမိုင်းစဉ် တစ်လျှောက်တွင် အာဏာသိမ်းမှု/အာဏာမလွှဲပြောင်းပေးမှု နှင့် ရွေးကောက်ပွဲတို့မှာ ဒွန်တွဲလျက်ရှိသည်။
မြန်မာနိုင်ငံတွင် ၁၉၄၇ ခုနှစ် လွတ်လပ်ရေးမရမီ ကတည်းက ရွေးကောက်ပွဲများ ရှိခဲ့သည်။ ၁၉၆၂ ခုနှစ် စစ်အာဏာမသိမ်းမီအထိ ရွေးကောက်ပွဲ သုံးကြိမ်ရှိခဲ့သည်။ ပါလီမန် အစိုးရခေတ်တွင် ရွေးကောက်ပွဲ နှစ်ကြိမ်ရှိခဲ့သည်။ သို့သော် ၁၉၅၈ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းလိုက်သည်။ အချို့ကလည်း တပ်မတော်က အာဏာသိမ်းနိုင်ရန် အခြေအနေ ပေးလာခြင်းကြောင့် ဝန်ကြီးချုပ် ဦးနုက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းထံ အာဏာအပ်လိုက်ခြင်း ဖြစ်ကြောင်း မှတ်တမ်းပြုကြသည်[4]။ Soft Coup အနုစားအာဏာသိမ်းမှုဟုလည်း ဝိဂြိုဟ်ပြုကြသည်။ ယင်းနောက် စစ်တပ်က ဦးဆောင်သည့် ရွေးကောက်ပွဲတစ်ခု ၁၉၆၀ ခုနှစ်တွင် ကျင်းပသည်။ စစ်တပ်နှင့် ပို၍ ပလဲနံပသင့်သော တည်မြဲ ဖဆပလ ရှုံးနိမ့်ပြီး ဦးနု၏ သန့်ရှင်း ဖဆပလ ပါတီက အနိုင်ရသည်။ ယင်းနောက် ၂ နှစ်အကြာ ၁၉၆၂ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းသည်။ ပိုမိုဆိုးရွားလာသော နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေများကြောင့် ထိုသို့ အာဏာသိမ်းရခြင်း ဖြစ်ကြောင့် စစ်တပ်က ကြေညာခဲ့သည်[5]။
ယင်းတွင် စစ်တပ်နှင့် ပို၍ သင့်မြတ်သော၊ သို့တည်းမဟုတ် ကျောထောက်နောက်ခံပြုထားသော တည်မြဲ ဖဆပလ ၁၉၆၀ ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားခြင်းနှင့် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားခြင်းတို့မှာ ထူးခြားသော တိုက်ဆိုင်မှု ဖြစ်သည်။
ယင်းနောက် ၁၉၇၄ ခုနှစ်တွင် တစ်ပါတီအာဏာရှင် စနစ်ကို သွတ်သွင်းမည့် ရွေးကောက်ပွဲ ကျင်းပသည်။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ တစ်ပါတီတည်းက ယှဉ်ပြိုင်ပြီး အနိုင်ယူလိုက်သည်။ ထိုမှ တစ်ဆင့် အရပ်ဝတ်ပြောင်း ဦးနေဝင်းက သမ္မတ နေရာယူလိုက်သည်။ ၁၉၈၈ ခုနှစ်တွင် ရှစ်လေးလုံး အရေးတော်ပုံဖြစ်ပွားပြီးနောက် ဆိုရှယ်လစ်ပါတီ အာဏာမှ ဆင်းပေးလိုက်ရသည်။ ဦးနေဝင်း ပြုတ်ကျသွားသည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စောမောင် ဦးဆောင်သော စစ်တပ်က အာဏာသိမ်းသည်။ ထိုနောက် ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကတိပြုပြီး ၁၉၉၀ ရွေးကောက်ပွဲကျင်းပသည်။ စစ်တပ်ကျောထောက်နောက်ခံပြု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ က ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်သည်။
သို့သော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မရှိသေးဟုဆိုကာ ရွေးကောက်ပွဲနိုင် ပါတီကို အာဏာလွှဲပေးရန် ငြင်းဆန်သည်။ ဗိုလ်ချုပ်မှူးကြီး စောမောင်က အာဏာလွှဲပေးလိုသည်။ သို့သော် စစ်တပ်တွင်း အခြားခေါင်းဆောင်များက အာဏာလွှဲပေးလိုခြင်း မရှိပေ။
ထိုစဉ်က သက်တမ်းရှည် အာဏာပိုင်စိုးခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အသွင်ပြောင်းထားသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တစ်နည်းနည်းဖြင့် အနိုင်ရနိုင်ကြောင်း မြန်မာ စစ်ဗိုလ်ချုပ်များက တွက်ဆထားကြသည်။ သက်တမ်းနုသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက အပြတ်အသတ်အနိုင်ရသွားသည်။ ထိုသို့ဖြင့် မြန်မာစစ်တပ်က အာဏာမလွှဲပေးရေး ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကြောင်းပြကြောင်း သုံးသပ်ချက်များ ရှိသည်။ ယင်းအပြင် ၁၉၉၀ ရွေးကောက်ပွဲပြီးနောက် အာဏာလွှဲပေးလိုက်ပါက စစ်ဗိုလ်ချုပ်ကြီးများ နုရင်ဘတ်ခုံရုံးကဲ့သို့ တရားရုံးတင်ပြီး ပြစ်ဒဏ်ပေးခံရမည်စိုးသဖြင့် အာဏာမလွှဲပေးခြင်းဖြစ်ကြောင်း သုံးသပ်ချက်များရှိသည်။ ယင်းတို့မှာ အခြေအမြစ် မရှိကြောင်း ထိုစဉ်က ဒီချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မောင်က Asiaweek မဂ္ဂဇင်းနှင့် တွေ့ဆုံရာတွင် ငြင်းဆိုထားသည်[6]။
“ခင်ဗျားအနေနဲ့ သူတို့ရဲ့ ရပ်တည်မှု အနေအထားကို တကယ်နားလည် သဘောပေါက်ရင် သူတို့ကို ခွင့်လွှတ်ပေးလို့ ရနိုင်လောက်တယ်။ နောက်တက်လာမယ့် အစိုးရကလည်း သူတို့ကို တစ်စစီ ဆွဲဆုတ်ပစ်တဲ့ အထိ လက်စားချေလိုစိတ် ပြင်းပြမယ် မထင်ပါဘူး” ဟု ဦးကြည်မောင်က ဆိုခဲ့သည်။
၁၉၉၂ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး စောမောင် ရာထူးမှ နုတ်ထွက်သွားသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာသည်။
ယင်းနောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကို ရေးဆွဲအတည်ပြုပြီး ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပသည်။ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နောက်ဆုံး ထွက်ပေါက်၊ သို့မဟုတ် စစ်တပ်၏ နောက်ဆုံး ထွက်ပေါက်အဖြစ် ညွှန်းဆိုခံခဲ့ရသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြစ်သည်။ ယင်းဖွဲ့စည်းပုံ အရ လွှတ်တော် အသီးသီးတွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်းက အလိုအလျောက် နေရာယူထားသည်။ ပြည်ထောင်စု အစိုးရအဖွဲ့တွင် အရေးကြီးသော ဝန်ကြီးဌာနသုံးခုကို စစ်တပ်က ထိန်းချုပ်ထားသည်။ လွှတ်တော် ကိုယ်စားလှယ် ၇၆ ရာခိုင်နှုန်း အနည်းဆုံး ရှိမှသာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ခွင့်ရှိသည်။ စစ်တပ်ကျောထောက်နောက်ခံပြု ပါတီက ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ၂၆ ရာခိုင်နှုန်း နိုင်လျှင်ပင် အစိုးရဖွဲ့နိုင်သည့် အနေအထားဖြစ်သည်။
ထိုသို့ဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပသည်။ အဓိက အတိုက်အခံ ဒီမိုကရေစီ အင်အားစုများ သပိတ်မှောက်သော ယင်းရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရသည်။ သန်းခေါင်ယံကြိုတင်မဲများနှင့် အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကြောင့် အတုအယောင် ရွေးကောက်ပွဲ အဖြစ် စွပ်စွဲမှု အများအပြား ရှိသည်။
အံ့ဩစရာ မရှိပါ။ စစ်တပ်က အာဏာလွှဲပေးလိုက်သည်။ စစ်အစိုးရလက်ထက် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က သမ္မတ ဦးသိန်းစိန် ဖြစ်လာသည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် စီးပွားရေး နိုင်ငံရေး ဖြေလျှော့မှုများ ပြုလုပ်ခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို လွှတ်တော်အတွင်း ဝင်ရောက်နိုင်ရန် အခွင့်အရေး ပေးခြင်း တို့ဖြင့် ကမ္ဘာ့အသိုင်းအဝိုင်းအကြား နာမည်ရလာသည်။
“ကျွန်တော့် လက်ထက်မှာ အိုဘားမား နှစ်ကြိမ်တောင် လာသွားတယ်” ဟု သမ္မတ ဦးသိန်းစိန်က ဝံ့ကြွားနိုင်သည်အထိ ဖြစ်သည်[7]။
ထိုသို့ဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပသည်။ လွတ်လပ်မျှတသော ရွေးကောက်ပွဲဟု အမွမ်းတင်ခံရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရ ဖွဲ့နိုင်လောက်သည်အထိ အနိုင်ရရှိသွားသည်။ စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက လွှတ်တော်ကိုယ်စားလှယ် ၂၆ ရာခိုင်နှုန်းပင် အနိုင်ရခြင်း မရှိပေ။ နောက်ဆုံးတွင် အာဏာလွှဲပေးလိုက်သည်။
မြန်မာ့သမိုင်းတွင် အတိုက်အခံအင်အားစုများ အနိုင်ရပြီး ရှားရှားပါးပါးအာဏာလွှဲပြောင်းမှု တစ်ရပ်ဖြစ်သည်။ မြန်မာ့ ဒီမိုကရေစီခရီး နောက်ပြန်မလှည့်နိုင်တော့ကြောင်း တွေးထင်ခဲ့ကြသည်။ သို့သော် မြန်မာစစ်တပ်၏ မျိုးဗီဇကို လျှော့တွက်ခဲ့ကြသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အစိုးရ လက်ထက် ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ နိုင်ငံတကာ ဝေဖန်မှု ခံလာရခြင်း၊ တိုင်းရင်းသား ဒေသများတွင် ဗဟိုချုပ်ကိုင်မှုများသဖြင့် ဖက်ဒရက်ဒီမိုကရေစီ တိုင်းပြည်တည်ထောင်နိုင်မှု အပေါ် သံသယပွားလာခြင်း၊ အချို့သော တိုင်းရင်းသား နိုင်ငံရေး အင်အားစုများနှင့် မကျေမလည် ဖြစ်လာခြင်း၊ ယင်းအစိုးရလက်ထက်ချမှတ်ခဲ့သော မူဝါဒအချို့ အပေါ် ဝေဖန်မှု များပြားလာခြင်း တို့က လာမည့်ရွေးကောက်ပွဲတွင် အားလျော့သွားနိုင်ကြောင်း တွက်ချက်ခဲ့ကြသည်။ ယင်းအပေါ် အခွင့်ကောင်းယူကာ လာမည့် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ၊ ၎င်းနှင့် မဟာမိတ် တိုင်းရင်းသား အင်အားစု၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တို့ စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်း ကျော် မဲရနိုင်ကြောင်း အတွက်အချက် မှားခဲ့ပုံရသည်။
သို့သော် ၂၀၂၀ ရွေးကောက်ပွဲတွင် ထင်သလို ဖြစ်မလာခဲ့ပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပင် အစိုးရ လွတ်လွတ်ကျွတ်ကျွတ် ဖွဲ့နိုင်လောက်သည်အထိ လွှတ်တော် ကိုယ်စားလှယ်နေရာများ အနိုင်ရရှိသွားသည်။
ရွေးကောက်ပွဲကျင်းပပြီး သုံးလနီးပါးအကြာ စစ်တပ်က အာဏာသိမ်းလိုက်သည်။ အကြောင်းပြချက်မှာ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှု ဆယ်သန်း ကျော် ရှိသည်ဆိုသည့် အချက်ကို အဓိက အခြေပြုသည်။
သို့သော် . . . ။ ထို ‘သို့သော်’ သည် အလွန်တာသွားသော သို့သော် ဖြစ်သည်။
(အပိုင်း ၄ ကို ဆက်လက်ဖော်ပြပါမည်)
◼︎တီမို
◀︎◀︎ စစ်အာဏာရှင်၏ ရွေးကောက်ပွဲဖဲချပ် (အပိုင်း ၂)
[1] Márquez, X. (2023). Non-democratic politics: Authoritarianism, dictatorship, and democratization. Bloomsbury Academic.
[2] National Election under Democracy and Autocracy
[3] Al Jazeera. (2019, March 12). North Korea election turnout 99.99 percent: State Media.
[4]ဖဆပလခေတ်. ISP Myanmar Peace Desk. (2020, August 7).
[5] Trumbull, R. (1962), “Burma Official Says Crisis Forced Coup,” Dallas Morning News, March 8, 1962,
[6] Admin, I. (2018, March 6). ၁၉၉၀ ပြည့်နှစ်အတွင်း ဦးကြည်မောင်အား တွေ့ဆုံမေးမြန်းခဲ့ပြီး အပြည့်အ၀ ဖော်ပြခဲ့ဖူးခြင်း မရှိသော မေးမြန်းချက် အပြည့်အစုံနှင့် ဆောင်းပါး. Myanmar.
[7] YouTube. (2023a, April 23). Myanmar: The collapse of a modern military dictatorship | inside a dictatorship | war stories.