၁၉၄၆ မှ ၂၀၀၈ ခုနှစ်များအတွင်း အာဏာရှင်တို့၏ ရွေးကောက်ပွဲများကို လေ့လာရာတွင် စွန့်စားရမှု အနည်းနှင့် အများရှိသည်။ အမှန်ပင်။ ယင်းရွေးကောက်ပွဲများအနက် ထက်ဝက်မှာ အာဏာရှင်တို့ ပလ္လင်ပေါ်မှ ဆင်းပေးလိုက်ရသည်။ ရွေးကောက်ပွဲနှစ်များသည် အာဏာရှင်တို့ နန်းကျသွားတတ်သည့် ကာလ ဖြစ်နိုင်ခြေ ငါးဆပိုများသည်။
၁၉၄၆ မှ ၂၀၀၈ ခုနှစ်အထိ အာဏာရှင်တို့၏ ရွေးကောက်ပွဲနှစ်များကို စေ့ငုပြီး အချက်အလက်ပေါင်း ၂၅၉ ခုကို ဆွဲထုတ်ကြည့်မှုအရ ရွေးကောက်ပွဲနှစ်များတွင် အာဏာရှင်တို့ နန်းကျဘေးသင့်ရန် အလားအလာများစွာ ရှိသည်ကိုတွေ့ရသည်။ အာဏာရှင်တို့ သက်တမ်းကာလ စုစုပေါင်း၏ ငါးပုံတစ်ပုံသာ ရွေးကောက်ပွဲ နှစ် ဖြစ်သော်လည်း အာဏာရှင် ၅၀ ရာခိုင်နှုန်းမှာ ရွေးကောက်ပွဲနှစ်များတွင် အသက်အန္တရာယ်ဖြင့် ရင်ဆိုင်လိုက်ရသည်။
ထိုကြောင့်ပင် ရွေးကောက်ပွဲ မတိုင်မီ ညများသည် အာဏာရှင်တို့အတွက် အိပ်မပျော်သော ညများ ဖြစ်လေ့ရှိသည်။
မူလကြေညာထားသည်ထက် အဆောတလျင် ခေါ်ယူကျင်းပလိုက်သည့် ၁၉၈၆ ခုနှစ် ဖိလစ်ပိုင်ရွေးကောက်ပွဲတွင် တရားဝင်မဲရေတွက်ပြီးချိန်တွင် သမ္မတ မားကို့စ်က အလွန်ကျဉ်းမြောင်းသော ရလဒ်ဖြင့် မဲနိုင်သည်။ သို့သော် ဖိလစ်ပိုင်နိုင်ငံသားများနှင့် နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများက အတိုက်အခံ အကွီနိုသည်သာ တကယ့်အနိုင်ရသူဖြစ်ကြောင်း ကြေညာသည်။ လူထု အကြီးအကျယ် အုံကြွဆန္ဒပြပြီးနောက် မားကို့စ် ရာထူးမှ ဆင်းပေးလိုက်ရသည်။ ခရိုနီ အကွီနို၏ အစိုးရ တက်လာသည်။
၂၀၁၆ ခုနှစ်တွင်လည်း ယူဂန်ဒါ သမ္မတ မူဆီဗီနီက အထက်ပါအတိုင်း ကံကြမ္မာတူ ကြုံမည်ကို တွေးပူခဲ့ဟန်တူသည်။ ထိုသို့ ပူးပေါင်း ဆန္ဒပြအုံကြွမှုကြီးကို ကာကွယ်နိုင်ရန် ဖေဖော်ဝါရီ ၁၈ ရွေးကောက်ပွဲ နေ့တွင် Twitter နှင့် Facebook ကို ယူဂန်ဒါ အစိုးရက ပိတ်ချလိုက်သည်။ အဓိက အတိုက်အခံ အမတ်လောင်းများကို ဖမ်းဆီးလိုက်သည်။ လုံခြုံရေးများကို ဖြန့်ချထားလိုက်သည်။ မူဆီဗီနီက တရားဝင်မဲရလဒ်အရ အနိုင်ရခဲ့သည်ဟု ဆိုသည်။ အာဏာဆက်မြဲနေသည်။ သို့သော် ရွေးကောက်ပွဲနေ့တွင် ကသောင်းကနင်းဖြစ်မည်ကို စိုးထိတ်နေမည်မှာ ထင်ရှားခဲ့သည်။
အာဖရိကတိုက် ဘူရမ်ဒီတွင် ၂၀၁၆ တတိယ သက်တမ်းအတွက် ရွေးကောက်ပွဲ ထပ်ဝင်ရန် ကြိုးစားသည်။ လူထုအုံကြွမှုဖြစ်သည်၊ မအောင်မြင်သော အာဏာသိမ်းမှု ဖြစ်ပွားပြီး ပြည်တွင်းစစ်ကို ပြန်မီးမွှေးခဲ့သည်။ လက်ခံနိုင်ဖွယ် မရှိသော ရွေးကောက်ပွဲများကြောင့် တည်ငြိမ်သော ဒီမိုကရေစီ နိုင်ငံဖြစ်ရေး အနာဂတ်မှာ ကွဲကြေခဲ့ရသည်။
ယင်းနှစ် မတ်လတွင် အာဖရိကတိုက် ကိတ်ဗာဒီနိုင်ငံတွင် လွှတ်တော် ရွေးကောက်ပွဲ ကျင်းပသည်။ အာဏာရပါတီ ပြုတ်ကျသွားသည်။ ပဋိပက္ခအနည်းငယ် ရှိလင့်ကစား အတိုက်အခံတို့ ၁၅ နှစ်အတွင်း ပထမဆုံး အကြိမ် အာဏာပြန်ရလာခဲ့သည်။
ထိုကြောင့် ရွေးကောက်ပွဲမှာ အာဏာဆက်မြဲရေးအတွက် အသုံးပြုသော နည်းနာ ပရိယာယ်ဖြစ်သော်လည်း အခန့်မသင့်ပါက အာဏာလက်လွှတ်လိုက်ရတတ်သည်။ အသွားနှစ်ဖက်ပါသော ဓားအဖြစ် တင်စားကြခြင်း ဖြစ်သည်။
ပါတီနှင့် အာမီ (Party and Army)
အာဏာရှင်တို့အတွက် အရေးပါဆုံး အင်စတီကျူးရှင်း နှစ်ရပ်ရှိသည်။ တစ်ဖက်က အာမီ (စစ်တပ်) နှင့် အခြား တစ်ဖက်က ပါတီ (နိုင်ငံရေး ပါတီ) ဖြစ်သည်။
လူထုကို စည်းရုံးရန် နိုင်ငံရေး ပါတီကို သုံးသည်။ လူထုကို အကြမ်းဖက်ရန်၊ ကြောက်ရွံ့အောင် ပြုမူရန် စစ်တပ်ကို သုံးသည်။ အနုနည်းနှင့် အကြမ်းနည်း တွဲဖက် ကိုင်တွယ် အသုံးပြုခြင်းဖြစ်သည်။
ယခု အခန်းတွင် ရွေးကောက်ပွဲနှင့် အဓိက ဆက်စပ်သော နိုင်ငံရေး ပါတီ၏ အခန်းကဏ္ဍကို ဆွေးနွေးပါမည်။
အာဏာရှင်တို့တွင် ကိုယ်ပိုင် လက်ကိုင်ဒုတ် နိုင်ငံရေးပါတီရှိသည်။ ထိုနည်းတူ အခြားပါတီများကိုလည်း ခွင့်ပြုသလောက် ခွင့်ပြုထားတတ်သည်။
ဘာကြောင့် ပါတီများကို ခွင့်ပြုထားတတ်သနည်း။
စစ်အေးခေတ်နှောင်းပိုင်းတွင် အာဏာရှင် ၁၀ မှ ၂၀ ရာခိုင်နှုန်းသည်သာ ပါတီများကို ပိတ်ပင်ထားတတ်ကြသည်။ စစ်အေးခေတ်အစောပိုင်းက ပါတီများကို လုံးလုံးပိတ်ပင်ထားသော အာဏာရှင်အစိုးရ ၅၀ ရာခိုင်နှုန်းခန့် ရှိခဲ့သော်လည်း နောက်ပိုင်းတွင် များစွာ ကျဆင်းလာသည်။ အထူးသဖြင့် ၁၉၈၀ ပြည့် နှောင်းပိုင်းနှစ်များတွင် ပါတီများကို ပိတ်ပင်ထားသော အာဏာရှင် ၁၀ ရာခိုင်နှုန်းခန့်သာ ရှိတော့သည်။ ပါတီရှိသော အာဏာရှင်များက ကြာကြာခံလေ့ရှိသောကြောင့် ဖြစ်သည်။
အာဏာရှင်တို့ လက်အောက်တွင် (အခြားသော ပြိုင်ဘက်) ပါတီများမှာ အသုံးချခံများ ဖြစ်လေ့ရှိသည်။ အာဏာရှင် အစုအဖွဲ့နှင့် အာဏာရှင် အစိုးရ၏ တရားဝင်မှု ပိုအားကောင်းလာစေရန်၊ ၎င်းတို့ အားတောင့်တင်းကြောင်း ပြသရန်၊ အာဏာရ ညွှန့်ပေါင်းပါတီများကို ပိုမိုအင်အား တောင့်တင်းအောင်ပြုရန်၊ ပြိုင်ဘက်ဖြစ်လာနိုင်သော အတိုက်အခံတို့ကို ရှာဖွေ ဖယ်ကြဉ်ထားနိုင်ရန်၊ လိုအပ်ပါက ဆုပေး/ဒဏ်ပေး စနစ်ကျင့်သုံးပြီး ထိန်းချုပ်ထားနိုင်ရန် အဓိက အသုံးပြုကြသည် ။
ယင်းအပြင် အာဏာရှင်တို့သည် ၎င်းတို့၏ လက်ကိုင်ဒုတ် ပင်မ တစ်ပါတီတည်း သာမက ပါတီအမျိုးမျိုးကို ဖော်၍လည်း ရင်းနှီးမြှုပ်နှံ ထောက်ပံ့ထားတတ်သည်။ ထိုသို့ဖြင့် ၎င်းတို့ လိုအပ်သော ပန်းတိုင် ကို ဖော်ဆောင်သည်။
အာဏာရှင်တို့မှာ ၎င်းတို့ကျောထောက်နောက်ခံပြု ပါတီ အပါအဝင် မိတ်ဖက်ပါတီများတွင် ပါဝင်လုပ်ဆောင်ခြင်းဖြင့် အခွင့်အလမ်းများ ရရှိအောင် ဖော်ဆောင်ပေးတတ်သည်။ နိုင်ငံရေးအရ အရေးပါ အရာရောက်မှု ရရှိရန်၊ ပိုကောင်းသော အချိတ်အဆက် အလုပ်အကိုင် အခွင့်အလမ်းရှိရန်၊ စီးပွားရေး အခွင့်အလမ်းများ ရှိရန် စသည်ဖြင့် ပါတီကို ဘ၀ တက်လမ်းအတွက် အသုံးချနိုင်ရန် လမ်းဖွင့်ပေးထားတတ်သည်။ ပါတီအတွင်း အာဏာရှိသူ၊ လုပ်ပိုင်ခွင့်ရှိသော အထက်ပုဂ္ဂိုလ်များနှင့် ကျေးဇူးခံ ကျေးဇူးစား စနစ်ထူထောင်ပြီး ပါတီ အပေါ် သစ္စာရှိသူ၊ ပါတီ အလုပ် တက်ကြွစွာ လုပ်ကိုင်သူများကို ပိုကောင်းသော အလုပ်အကိုင် အခွင့်အလမ်း၊ ရာထူးရာခံများ ပေးနိုင်ရန် စနစ်ဆောက်ထားတတ်ကြသည်။
ထိုနှင့် ဆန့်ကျင်ဘက်နည်းကိုလည်း အသုံးပြုသည်။ ဆုပေးသလို ဒဏ်ပေးသည့် နည်းဟုလည်း ဆိုနိုင်သည်။ အာဏာရှင် သို့မဟုတ် အာဏာရ ပါတီမဟုတ်သော အခြားပါတီများကို အားပေး ထောက်ခံသူများကို အပြစ်ပေးသည့် နည်း၊ ဖယ်ကြဉ်သည့် နည်းဖြစ်သည်။ ဒဏ်ခတ်သည့် နည်းမှာ အမျိုးမျိုးဖြစ်နိုင်သည်။
မက္ကဆီကိုတွင် အာဏာရှင်တို့၏ ခေတ်ပြောင်းတော်လှန်ရေးပါတီ လက်ထက် ထိုသို့သော နည်းနာများ ကျင့်သုံးခဲ့သည်။ ပါတီ ရွေးကောက်ပွဲနိုင်မှ အာဏာရနိုင်သည်ဖြစ်ရာ ပါတီ ရွေးကောက်ပွဲ မနိုင်သော နေရာများတွင် အစိုးရ ဝန်ဆောင်မှု လုပ်ငန်းများ မဖော်ဆောင်ဘဲ ဒဏ်ခတ်သည့် နည်းဖြစ်သည်။ ထိုအခါ မဲဆန္ဒရှင်တို့မှာ ပညာရေး၊ ကျန်းမာရေး၊ အခြေခံ အဆောက်အဦကဲ့သို့သော အစိုးရ ဝန်ဆောင်မှု လုပ်ငန်းများ မရမည်စိုးသဖြင့် အတိုက်အခံပါတီကို (ကြိုက်လျက်ဖြင့်ပင်) မဲပေးရန် စိုးရွံ့သွားသည်။ ထိုသို့ဖြင့် လက်ရှိ အာဏာရအစုအဖွဲ့ကို မကြိုက်သော်လည်း အောင့်ကာ နမ်းရတော့သည်။
ဥပမာ ကမ္ဘာပေါ်တွင် အချမ်းသာဆုံးနိုင်ငံများအနက် တစ်ခု ဖြစ်သော စင်ကာပူနိုင်ငံတွင် အတိုက်အခံတို့၏ မဲဆန္ဒနယ်တို့ကို အစိုးရ အခြေခံ အဆောက်အဦ လုပ်ငန်းများ၊ ပြည်သူ့ရေးရာ ဝန်ဆောင်မှု လုပ်ငန်းများအတွက် နောက်ဆုံး ဦးစားပေး အဖြစ်ထားထားခြင်း ဖြစ်သည်။ စင်ကာပူ၏ အာဏာရ ပြည်သူ့ အရေးတော်ပုံ ပါတီ (PAP) သည် ထိုသို့ဖြင့် နည်းလမ်းမျိုးစုံ ကျင့်သုံးသည်။ ထိုကြောင့်ပင် ဒီမိုကရေစီ သဘောတရားကို နားလည်သော စင်ကာပူနိုင်ငံသားများပင်လျှင် လွှတ်တော်အတွင်း အတိုက်အခံအသံတော့ ရှိသင့်သည်၊ သို့သော် အခြားမဲဆန္ဒနယ်က အတိုက်အခံကိုသာ အနိုင်ရရန် လိုလားသည် ဟု အရွန်းဖောက်ပြောဆိုလေ့ရှိသည်။ ကိုယ့်မဲဆန္ဒနယ်တွင်တော့ ကိုယ်တွေကို မျက်နှာသာပေးမည့်၊ အာဏာလည်း ရှိမည့် အာဏာရပါတီ အမတ်ကိုသာ လိုလားသည်။ ထိုသို့ဖြင့် စင်ကာပူ အစိုးရက ငါတို့ကိုဖြင့် လာမကျော်လေနှင့်၊ ထိမည် ဆိုသော အတွေးအခေါ်ပုံရိပ်ကို နိုင်ငံသားများထံ သတင်းပါးထားသည်။
ဆိုဗီယက်ခေတ်ကနည်း၊ လက်ရှိ မြောက်ကိုရီးယား၏ ရွေးကောက်ပွဲနည်း ပုံစံမှာ သိပ်ခေတ်မမီလှတော့ပါ။
ရွေးကောက်ပွဲ ကျင်းပသည်။ ၁၀၀ ရာခိုင်နှုန်း တစ်ခဲနက် မဲထွက်ပေးကြသည်။ လက်ရှိ အစိုးရက သောင်ပြိုကမ်းပြို ၉၉.၉၉ ရာခိုင်နှုန်းဖြင့် အနိုင်ရသည်။ ထိုသို့သော နည်းနာက ခေါင်းကိုက်စရာများပင် ပေးနိုင်သည်။ အာဏာရှင်တို့ကို လူထုက ကြောက်၍ဖြစ်စေ၊ အဖားလွန်၍ ဖြစ်စေ၊ အကျိုးစီးပွား တစ်ရပ်ရပ်ကြောင့် ဖြစ်စေ အင်ပြည့်အားပြည့် မဲပေးလိုက်သည်။ ထိုသို့ အင်အားဖြင့် မဲရလေလေ တကယ့် ထောက်ခံမှုကို သိရန် ပိုခက်လေလေဖြစ်သည်။ စစ်မှန်မှု၊ ကိုယ့် တကယ့်အင်အားကို တွက်ရ ခက်လေလေဖြစ်သည်။
ထိုကြောင့် အာဏာရှင်တို့မှာ ကိုယ့်အင်အား၊ ကိုယ့် အပေါ် ပြည်သူ ထောက်ခံမှု တစ်နည်းနည်းဖြင့်သိရှိရန် ရွေးကောက်ပွဲကို အချက်အလက် ကောက်ယူ ယန္တရားအဖြစ်လည်း သုံးသည်။ ရွေးကောက်ပွဲတွင် အတိုင်းအတာ တစ်ခုအထိ အတိုက်အခံကို ပါဝင်ခွင့်ပေးခြင်း (အနိုင်မရသည့် အနည်းငယ်သော ပမာဏအထိ တင်းကျပ်သော စည်းမျဉ်းများဖြင့် ပါဝင်ခွင့်ပေးခြင်း)၊ အာဏာရှင်တို့၏ မိတ်ဖက်ပါတီများကို (လုံး၀ဥသုံ မယုံသည့်တိုင်) အတိုင်းအတာ တစ်ရပ်အထိ လွတ်လပ်ခွင့်ပေးခြင်းတို့ ရှိသည်။ ထိုသို့အားဖြင့် မည်သို့သော အုပ်စု၊ လူမှုအတန်းအစားတို့က ကိုယ့်ကျောထောက်နောက်ခံ ပါတီကို ထောက်ခံနေသည်၊ မည်မျှ ထောက်ခံနေသည်။ အခြားမိတ်ဖက်ပါတီတို့ကို မည်သို့ မည်မျှ ထောက်ခံနေသည်။ အတိုက်အခံ ပါတီ ကို မည်သည့် အုပ်စု၊ လူမှု အတန်းအစား၊ ဧရိယာတို့က ထောက်ခံနေသည် စသည့် သတင်းအချက်အလက်များ သိနိုင်မည်ဖြစ်သည်။
ထိုသို့အားဖြင့် အတိုက်အခံဖြစ်လာနိုင်သော သူများကို တွက်ချက်နိုင်သည်။ ကြိုတင်အကွက်ချ စီစဉ်ထားနိုင်သည်။ မည်သည့် အုပ်စုကို မည်သို့ ဆုပေးမည်၊ မည်သည့် အုပ်စုကို မည်သို့ ဒဏ်ခတ်မည်ကို အတိုင်းအတာ တစ်ရပ်အထိ တွက်ချက်နိုင်မည်ဖြစ်သည်။
အချို့သော အာဏာရ အစိုးရတို့အတွက် လူထုအကြား ကိုယ့်သေတွင်း ကိုယ်တူးသော မူဝါဒများ ချမှတ်ခြင်းကို ရှောင်လွှဲနိုင်မည်။ ဖော်ဆောင်နေသော မူဝါဒအားနည်းချက်များ၊ အောက်ခြေတွင် ဖြစ်ပျက်နေသည်များကို အတိုင်းအတာ တစ်ရပ်အထိ ဆဝါးတွက်ချက်နိုင်မည်ဖြစ်သည်။
သတင်းအချက်အလက်ရရှိ ကြိုတင် စီမံရေး အတိုက်အခံတို့၏ အသံ၊ လွှမ်းမိုးမှုကို မည်မျှ လွတ်လပ်ခွင့်ပေးမည်၊ လွှတ်တော်အတွင်း မည်မျှ ခွင့်ပြုမည် ဆိုသည်မှာ တကယ့်ကို အကျပ်အတည်းဖြစ်သည်။ အချို့သော အတိုက်အခံများက ရနိုင်သမျှ လှုပ်ရှားဂွင် အတွင်းမှ တိုးဝင်ကာ အာဏာရှင်တို့ကို ဖြုတ်ချနိုင်သည်အထိ ဖြစ်သွားတတ်၍ ဖြစ်သည်။
ထိုကြောင့် အာဏာရှင်တို့အတွက် အရေးကြီးဆုံးသင်ခန်းစာမှာ ကိုယ့်ကို ကြိုးကွင်းစွပ်နိုင်သည် အထိ အတိုက်အခံတို့ကို လှုပ်ဂွင် မပေးရေးဖြစ်သည်။ ယင်းသည်လည်း အသွားနှစ်ဖက်ပါသော ဓားဖြစ်သည်။
◼︎ တီမို
● You’d think dictators would avoid elections. here’s why they don’t. – The Washington Post. (n.d.-d).
● Márquez, X. (2023). Non-democratic politics: Authoritarianism, dictatorship, and democratization. Bloomsbury Academic.
(အပိုင်း ၃ ကို ဆက်လက်ဖော်ပြပါမည်)