Fact-check
Akyab Post၊ The Red Flag- MFCN
4 Sep 2025
အာရက္ခတပ်တော်အေအေနဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ RSO တို့ မောင်တောဒေသမှာ တိုက်ပွဲဖြစ်ရာကနေ အေအေရဲ့ လက်နက်တွေကို RSO ဖက်ကနေ အများအပြားသိမ်းဆည်းရမိတယ် ဆိုပြီးတော့ ရေးသားချက်တွေနဲ့အတူ ဗီဒီယိုတစ်ခု လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံံ့လျက်ရှိပါတယ်။
Facebook ဆိုရှယ်မီဒီယာမှာ Followers 22K ရှိတဲ့ “Arakan Uddin” အကောက်ကနေ ဩဂုတ်လ ၃၀ ရက်နေ့မှာ “ယနေ့ သြဂုတ်လ ၃၀ ရက်နေ့တွင် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) မှ ဗွီဒီယို တစ်စောင် ထုတ်ပြန်ခဲ့ရာ ရခိုင်ပြည်နယ် မောင်တောဒေသတွင် နေရာ အသီးသီးတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု ပြောဆိုနေကြကြောင်း။ 2025 ခုနှစ် ဩဂုတ်လ 25 ရက်နေ့ တွင် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) နှင့် ရခိုင်တပ်မတော် (AA) တို့ တိုက်ပွဲ ဖြစ်ပွားမှု၏ ရလဒ်ဖြစ်သည်။ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) သည် ဤတိုက်ပွဲတွင် လက်နက်အများအပြား ရရှိခဲ့သည်။” ဆိုတဲ့ စာသားနဲ့အတူ ဗီဒီယိုတစ်ခုကို ဖြန့်ချိထားပါတယ်။

ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ စက်တက်ဘာလ ၃ ရက်နေ့အထိ reaction ပြုလုပ်သူ ၂၀၁ ဦး၊ comment ပေးသူ ၁ဦးနဲ့ Shares ပြုလုပ်သူ ၄၂ ဦးထိရှိပြီးတော့ Facebook ဆိုရှယ်မီဒီယာမှာ ဆက်လက်ပြီးတော့ ပျံ့နှံံ့လျက်ရှိပါတယ်။
“Arakan Uddin” အကောက်ကနေ ဖြန့်ထားတဲ့ ပို့စ်ကို Myanmar Fact−checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ဖက်ကနေ စစ်ဆေးခဲ့ကြည့်လိုက်တဲ့အခါမှာ ဖြန့်ချိထားတဲ့ ဗီဒီယိုဖိုင်ဟာ ရခိုင်ပြည်၊ မောင်တောမြို့နယ်မှာ အာရက္ခတပ်တော် အေအေရဲ့ လက်နက်တွေကို ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ RSO ဖက်ကနေ သိမ်းဆည်းရခဲ့တာမဟုတ်ဘဲ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့မှာ စစ်ကောင်စီရဲ့ လက်နက်တွေကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကနေ ၂၀၂၅ မတ်လမှာ သိမ်းဆည်းခဲ့တဲ့ ဗီဒီယိုဖိုင်ဖြစ်နေတာကို တွေ့ရပါတယ်။

စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ reverse image search tools အပါအဝင် Invid tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်ကို Invid tools နဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ “Ayeyarwaddy Times” သတင်းဌာနကနေ ၂၀၂၅ ခုနှစ် မတ်လ ၁၈ ရက်နေ့မှာ “ ၏အင်းတော်သို့ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃၀ ကျော်အရှင်ဖမ်းမိ” ဆိုတဲ့ သတင်းမှာ ဖော်ပြထားတဲ့ ဗီဒီယိုဖြစ်နေတာကို တွေ့ရပါတယ်။

“Ayeyarwaddy Times” ရဲ့ ရေးသားဖော်ပြချက်တွေအရ “တိုက်ပွဲပြန်လည်ဖြစ်ပွားနေတဲ့ အင်းတော်မြို့ကို စစ်ကူပေးရန် ချီတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် လက်နက်ခဲယမ်းအမြောက် အများကို သိမ်းဆည်းခဲ့တာလို့ ရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင် reverse image search tools နဲ့ စစ်ဆေးကြည့်တဲ့အခါမှာလည်း “Zwe Ko Oo” ဆိုတဲ့ ဆိုရှယ်မီဒီယာအကောက်ကနေ မတ်လ ၁၈ ရက်နေ့မှာ “စကစ ဆီမှ လက်နက်ခဲယမ်း အလှူ သိန်းချီ KIA ရရှိ။” ဆိုပြီးတော့ ပို့စ်ကို တွေ့ရှိရပါတယ်။

ဒါ့အပြင် ဒီဗီဒီယိုဖိုင်ကိုပဲ ၂၀၂၅ ခုနှစ် မတ်လ ၁၈ ရက်နေ့မှာပဲ “Ko Khant – Revolution (Tha Khin Hla)” page ကနေ “စကစ၏ အလှူတော်မင်္ဂလာ” ဆိုပြီးတော့ ဗီဒီယိုဖိုင်ကိုပဲ ဖြန့်ချိထားပါတယ်။

“Arakan Uddin” အကောက်ကနေ ပျံ့နှံ့လို့ရှိတဲ့ ဗီဒီယိုဖိုင်နဲ့ အကြောင်းအရာကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ရခိုင်ပြည် မောင်တောမှာ ဖြစ်ခဲ့တဲ့ ဗီဒီယိုဖိုင်မဟုတ်ဘဲ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်တွေကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကနေ သိမ်းဆည်းခဲ့တာကို တွေ့ရပါတယ်။

စိတ်ချယုံကြည်ရတဲ့ သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့တဲ့ ပိုစ့်တွေနဲ့ တိုက်ပြီးစစ်ဆေးကြည့်တဲ့အခါမှာ “Arakan Uddin” အကောက်ကနေ တင်ထားတဲ့ ဗီဒီယိုဖိုင်ဟာ အင်းတော်မြို့နယ်က စစစ်ကောင်စီတပ်သားတွေရဲ့ လက်နက်တွေကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကနေ သိမ်းဆည်းခဲ့တဲ့ ဗီဒီယိုဖိုင်ဖြစ်နေတာကို တွေ့ရပါတယ်။
အာရက္ခတပ်တော်အေအေရဲ့ လက်နက်တွေကို မောင်တောမြို့တိုက်ပွဲမှာ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ RSOဖက်ကနေ သိမ်းဆည်းရခဲ့တယ်ဆိုတာဟာ ဗီဒီယိုအဟောင်းကို သုံးပြီးတော့ သတင်းမှားဖြန့်ခဲ့တာသာ ဖြစ်ပါတယ်။
လက်ရှိ ရခိုင်ပြည်မြောက်ပိုင်းက နိုင်ငံရေးအခြေအနေတွေကြောင့် အာရက္ခတပ်တော် အေအေဖက်ကနေ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တယ်လို့ စွပ်စွဲချက်တွေ ထွက်လာတာနဲ့အတူ သတင်းတုသတင်းမှားတွေဟာလည်း ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လျက်ရှိပါတယ်။
အမုန်းစကားတွေနဲ့ သတင်းတုသတင်းမှားတွေဟာ ပဋိပက္ခကိုတိုးစေတာကြောင့် အကြောင်းအရာနဲ့ မသက်ဆိုင်တဲ့ ဗီဒီယိုတွေနဲ့ ပျံနေတာတွေကိုလည်း သတိထားဖို့လိုအပ်ပါတယ်။
စစ်ကောင်စီဖက်ကနေ အာရက္ခတပ်တော်ထံ လိုက်လွှတ်လိုက်ရတဲ့ မြို့တွေမှာ လူမျိုးရေး ဘာသာရေးနဲ့ ပဋိပက္ခဖြစ်အောင် ဖြန့်နေတာတွေရှိလို့ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နေတဲ့ ဗီဒီယိုတိုင်းကို မယုံကြည်မိဖို့နဲ့ စစ်ဆေးပြီးမှသာ ယုံကြည်ကြဖို့ တိုက်တွန်းလိုက်ပါတယ်၊၊
Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေနဲ့လဲ အွန်လိုင်းပေါ်က သတင်းအချက်အလက် အကြောင်းအရာတွေကို အလွယ်တကူမယုံကြည်ကြဖို့ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါရဲ့ သတင်းတွေကိုသာ ဝင်ရောက်ဖတ်ရှုဖို့ အကြံပြု တိုက်တွန်းလိုပါတယ်။
ဒါ့အပြင် နောက်ပိုင်းမှာ မီဒီယာ အယောင်ဆောင်လာကြတဲ့ ဝါဒဖြန့်ချိသူတွေကိုလည်း သတိထားဖို့ Social Influencer တွေရဲ့ ပြောစကားတွေကို မယုံကြည်ကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်။
ရခိုင်ဒေသနဲ့ ပတ်သက်တဲ့ သတင်းအမှား အကြောင်းအရာဟု သံသယရှိရင်လဲ Akyab Post (facebook page) နဲ့ Myanmar Fact-checking Network (facebook page) ရဲ့ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။