စစ်အာဏာရှင်၏ ရွေးကောက်ပွဲဖဲချပ် (အပိုင်း ၁)
(ယခုဆောင်းပါးမှာ မြန်မာ စစ်အာဏာရှင်တို့ သမိုင်းတစ်လျှောက် ပြည်သူလူထုကို ဦးနှောက်ဆေး လှည့်ဖျားရန် မည်သည့်နည်းများ အသုံးပြုခဲ့သည်ကို သုတေသနပြု ထုတ်ဝေထားသော ဝင်္ကန္တ မုသား သို့မဟုတ် မြန်မာစစ်အာဏာရှင်၏ ဝါဒဖြန့်ဖဲချပ်များ စာတမ်းမှ ထုတ်နုတ်တင်ဆက်ခြင်းဖြစ်ပါသည်။ တီမိုပြုစုတင်ပြသည့် ယင်းသုတသန စာတမ်းကို ၂၀၂၃ ခုနှစ်တွင် The Red Flag အဖွဲ့က ထုတ်ဝေခဲ့ခြင်းဖြစ်သည်)
“အာဏာလက်လွှတ်ဖို့ ဆိုပြီးတော့ ဘယ်သူကမှတော့ အာဏာသိမ်းမှာ မဟုတ်ဘူး”
ဂျော့အိုဝဲလ်
၁၉၈၄
ရွေးကောက်ပွဲနားနီးရင် တကယ်တော့ ပျော်စရာကြီး။ လာနေကျ သီချင်းတွေကို မှတ်မိကြပါလိမ့်မည်။ မဲပေးသူတွေ မျက်နှာပွင့်သည့် ကာလ။
“မဲရုံ မဲရုံကိုလာ၊ တစ်ပြည်လုံးမဲ ဆန္ဒနဲ့ တစ်ပြည်လုံးမဲဆန္ဒနဲ့ ပျော်ပျော်ရွင်ရွင် ကြည်ကြည်လင်လင် . . . . . . တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ရာ၊ မဲရုံကို မဲရုံကို လာကြ လာကြ မဲသွားပေးမယ်ကွာ . . .”
လားရှိုးသိန်းအောင်၊ ဂျက်မြသောင်းမှ သည် လူအများ စုပေါင်း မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုထားသည်များလည်း အများအပြား။ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရန်၊ သာတူညီမျှ ရှိသည့် ဒီမိုကရေစီ စနစ်တစ်ခုတွင် ရလာသည့် အခွင့်အရေး . . . ၊ စသည်ဖြင့် အမျိုးမျိုး အဖုံဖုံဖွင့် ဆိုကြသည်။
ရွေးကောက်ပွဲဟုဆိုလိုက်လျှင် မျိုးဆက်သစ်တို့အတွက် လွတ်လပ်မှု၊ ဒီမိုကရေစီ ကျမှုတို့ကို တန်းမြင်ကောင်း တန်းမြင်နိုင်သည်။ သဘောတရားအရ ဆိုလျှင်လည်း ရွေးကောက်ပွဲများမှာ ဒီမိုကရေစီ၏ မှတ်ကျောက်ဖြစ်သည်။
သို့သော် အာဏာရှင်တို့၏ အကြိုက်ဆုံးဖဲချပ်များတွင် ရွေးကောက်ပွဲလည်းပါဝင်သည်။ ဘာကြောင့်နည်း။
ရွေးကောက်ပွဲကို ဘာကြောင့် ကြိုက်သနည်း
ရွေးကောက်ပွဲများကို အာဏာရှင်များ စိတ်ကြိုက်ခြယ်လှယ် ကျင်းပတတ်သည်။ မဲမပေးမီက အဖြေထွက်နှင့်၊ အဖြေထုတ်ထားနှင့်ပြီးသား ရွေးကောက်ပွဲများလည်း ရှိတတ်သည်။ သို့ကြောင့် ရွေးကောက်ပွဲများမှာ အာဏာရှင်တို့ ကြာကြာစံ ရေး နည်းလမ်းများအနက် တစ်ခုလည်း ဖြစ်တတ်သည်။
ရွေးကောက်ပွဲများကို အာဏာရှင်တို့ အဘယ်ကြောင့် သဘောခွေ့တတ်သနည်း။ အများဆုံး ပြောဆိုကြသော အချက်မှာ တရားဝင်မှု ဖြစ်သည်။
တရားဝင်မှုဟု ဆိုလိုက်လျှင် (ပြည်တွင်းကို ထက်) ပြည်ပ သို့တည်းမဟုတ် နိုင်ငံတကာ အသိုင်းအဝိုင်းကို ပိုအလေးဂရုပြုသည်။ နိုင်ငံတွင်းနေ လူထုအတွက်မူ တရားဝင်မှုထက် ပုန်ကန်ဆန့်ကျင်မှုများကို လျော့ပါးစေရန်၊ ပယ်ပျောက်စေရန် ပိုဦးတည်ချက်ထားသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းသို့ ဦးတည်သော တရားဝင်မှုဟုဆိုရာတွင် နိုင်ငံတကာ မျက်နှာစာတွင် ဝင်ဆံ့ရန်၊ တရားဝင်မှုကို တလွဲအပြကောင်းရန် ဖြစ်သည်။ ယင်းနှင့် ဆက်စပ်၍ နောက်ထပ် အရေးတကြီး ကိစ္စတစ်ခုမှာ နိုင်ငံတကာ အကူအညီများ ရရှိရေးဖြစ်သည်။
အတိုင်းအတာ တစ်ခု ရှိသော ရွေးကောက်ပွဲ ကျင်းပမည်၊ ထိုနည်းဖြင့် နိုင်ငံတကာ အလှူရှင်များထံမှ ငွေရေးကြေးရေးနှင့် အခြား အကူအညီများရမည်။ ရွေးကောက်ပွဲ ကျင်းပရန် ရန်ပုံငွေများရမည်။ သို့သော် ယင်းငွေကြေးတို့မှာ အချို့သော အာဏာရှင် နှင့် ခရိုနီများအတွက် တနည်းတလမ်းနှင့် ဝင်ငွေ ရပေါက်ရလမ်းကြီးဖြစ်သွားသည်။
၁၉၉၀ ဝန်းကျင်အထိ အာဏာရှင်နိုင်ငံတို့တွင် ရွေးကောက်ပွဲများ မရှိသလောက်ဖြစ်သည်။ တစ်ဦးချင်း ဝင်ငွေချင်းနှိုင်းယှဉ်ပါက နိုင်ငံတကာ အထောက်အပံ့အကူအညီ အများဆုံး ရသော အီဂျစ်သည်လည်း ၁၉၅၂ ခုနှစ် အထိ ထိုနည်းနှင်နှင်ဖြစ်သည်။
သို့သော် အာဏာရှင်တို့မှာ စစ်အေးအလွန် ကာလ၌ အတိုင်းအတာ တစ်ခုအထိ ယှဉ်ပြိုင်ခွင့်ပေးသော ရွေးကောက်ပွဲများ ကျင်းပသည်၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ကြွေးကြော်သည်။ ထိုသို့ဖြင့် နိုင်ငံတကာ အကူအညီ အထောက်အပံ့များ ပိုရလာသည်။
သို့သော် နိုင်ငံတကာ အကူအညီများသည် ယင်းဗျူဟာကို လျစ်လျူရှုနိုင်ခြင်း မရှိသေးပါ။ နည်းလမ်းနှစ်သွယ် စလုံးကို အသုံးပြုနေရဆဲဖြစ်သည်။ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပရန် ငြင်းဆိုသော အာဏာရှင်များထံမှ အကူအညီများ ရုပ်သိမ်းသည်၊ အချို့အာဏာရှင်များကတော့ အကူအညီအထောက်အပံ့များ ရရန် ပထမဆုံး အကြိမ်အဖြစ် ရွေးကောက်ပွဲများ မဖြစ်မနေ ကျင်းပရတော့သည်။
၁၉၇၆ ခုနှစ်တွင် အီဂျစ်သည် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး ပိုကောင်းရန်၊ အကူအညီအထောက်အပံ့များရရှိရန် တစ်ပါတီ စနစ်ကို ဖျက်သိမ်းလိုက်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် ကွန်ဂိုသည်လည်း အမေရိကန်ပြည်ထောင်စုနှင့် ပြင်သစ်တို့၏ ဖိအားကြောင့် ပါတီစုံ ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးလိုက်သည်။
တစ်ခါတစ်ရံတွင် ရွေးကောက်ပွဲများတွင် အရှုံးနှင့် ကြုံပြီး အာဏာလက်လွှတ်ရ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသို့ ခွင့်ပြုလိုက်ရသည့် အချိန်ကာလများလည်း ရှိသည်။ သို့သော် မကြာခဏ ဆိုသလိုပင် အာဏာရှင်တို့မှာ ပါတီစုံရွေးကောက်ပွဲဖြင့်လည်း (ပါတီများကို ပါဝင်ခွင့်ပြုကာ) အာဏာလည်း ဆက်ကိုင်ထားနိုင်အောင် အောင်အောင်မြင်မြင် မောင်းနှင်ထားနိုင်သည်။ ကိုယ်ပိုင် ပါတီထောင်၍ သော်လည်းကောင်း၊ ယင်းနှင့်အတူ ခါးပိုက်ဆောင် ပြိုင်ဘက် (ဟန်ပြ) ပါတီများ ထောင်၍ သော်လည်းကောင်း ပါတီစုံ ဒီမိုကရေစီ စနစ် ဟန်ပြကာ အာဏာလည်း ဆက်မြဲ၊ နိုင်ငံတကာ၏ တရားဝင်မှုလည်းရအောင် ဆောင်ကြဉ်းထားကြလေ့ရှိသည်။
ထို့ကြောင်ပင် စစ်အေးကာလအလွန်တွင် အာဏာရှင်တို့မှာ အတုအယောင် ဒီမိုကရေစီ အင်စတီကျူးရှင်းများ ဖန်တီးထားလေ့ရှိသည်။ ယင်းတို့အပေါ် အားယူကာ အာဏာရှင်တို့ ဆက်ရှင်သန်ကြသည်။ ယခုလက်ရှိ ကမ္ဘာတစ်ဝန်း အာဏာရှင်တို့ ရှင်သန်ကြသည့် ပုံစံများအနက် တစ်မျိုး ဖြစ်လာသည်။
အသွားနှစ်ဖက်ပါသော ဓား
အထက်မှာ ဆိုခဲ့သလိုပင် အာဏာရှင်တို့မှာ ရွေးကောက်ပွဲများကို အသုံးပြု၍ အာဏာဆက်တည်ရေး၊ နိုင်ငံတကာတွင် အပြကောင်းရေး လှည်စားတတ်ကြသည်။ သို့သော် ရွေးကောက်ပွဲတိုင်းကိုလည်း လိုသလို ခြယ်လှယ်နိုင်လေ့မရှိပါ။ တခါခါ ရွေးကောက်ပွဲ ရှုံးသွားပြီး ဒီမိုကရေစီလှုပ်ရှားမှုကြီးကို ခွင့်ပြုလိုက်ရသည်။ အာဏာလက်လွှတ်လိုက်ရသည်။ တခါခါ အသက်ပါ ပေးလိုက်ရသည်။
ယင်းကြောင့်ရွေးကောက်ပွဲကို အသွားနှစ်ဖက်ပါသော ဓားအဖြစ်တင်စားကြသည်။ အခန့်မသင့်ပါက ကိုယ့်ဓားဖြင့် ကိုယ်ပြန်ထိ၊ ကိစ္စချောရတတ်သောကြောင့်ဖြစ်သည်။
အနိုင်ရခြင်းသည် အင်အားရှိခြင်းဟူသော ပြယုဂ်ပင်။ ပုံမှန်အားဖြင့်တော့ အာဏာရှင်တို့သည် အနိုင်ရမည်ဟူသော စွမ်းဆောင်ရည်ရှိသည်ဟု တွက်ဆချက်ဖြင့် ရွေးကောက်ပွဲများ ကျင်းပလေ့ရှိသည်။ ထိုသို့ လုပ်ဆောင်ရာတွင် လွတ်လပ်သော မီဒီယာများကို ထိန်းချုပ်ခြင်း၊ မိမိကို ထောက်ခံသူများကို နိုင်ငံပိုင် အရင်းအမြစ်များ စိုက်ထုတ်သုံးစွဲ ပံ့ပိုးခြင်း၊ အတိုက်အခံများကို အပြစ်ဖို့၊ အရှက်ခွဲခြင်း၊ ခြိမ်းခြောက်ခြင်း၊ ထောင်ချခြင်း၊ သို့တည်းမဟုတ် နှိပ်စက်ခြင်း တို့ဖြင့် နှိပ်ကွပ်လေ့ရှိသည်။
လူထုက မဲပေးလိုက်ကြသော်လည်း အလိုရှိသော ဒီမိုကရက်အစိုးရ မရဘဲ အားလျော့လိုက်ရသည့် အခြေအနေများစွာရှိသည်။ အာဏာပိုင်တို့က ၎င်းတို့၏ တရားဝင် အုပ်ချုပ်နိုင်သည့် ကာလကို သက်တမ်းတိုးလေ့ရှိသည်။
အတိုက်အခံများကို ဥပဒေသုံး တားမြစ်သည်။ ပြိုင်ဘက်များကို ထောင်ချသည်။ မဲပေးပိုင်ခွင့်ကို ချုပ်ချယ်ထားသည်။ မဲစာရင်း မသမာမှု ပြုသည်။ မီဒီယာ၊ ဝါဒဖြန့်ချိရေး ယန္တရားကို အနိုင်ထက်စီးနင်းပြု ထိန်းချုပ်ထားသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်သည်။ မဲဆန္ဒရှင်များကို အာဏာရှင် လက်ဝေခံ အမျိုးမျိုးက ခြိမ်းခြောက်ထားသည်။ ဟိုပါတီမဲပေးရင် ဘာဖြစ်သွားမည်၊ ညာဖြစ်သွားမည် စသည်ဖြင့် လှိမ့်လုံး ညာလုံးများဖြင့် ဖြီးဖြန်း အကြောက်သွင်းလေ့ရှိသည်။ မဲဝယ်တတ်လေ့ရှိသည်။
မဲပုံးများကိုလည်း အရောရောအထွေးထွေး ဖြစ်အောင် လုပ်တတ်ကြသည်။ မဲရုံတာဝန်ရှိသူ၊ ရွေးကောက်ပွဲ တာဝန်ရှိသူတို့ကလည်း လက်ရှိ အာဏာပိုင်ဘက်ကို ပင်းလေ့ရှိသည်။ အရေးဆိုတိုင်ကြားရေး ယန္တရားကလည်း ယောင်တောင် ပေါင်တောင် လုပ်တတ်သည်။ ဤသို့နည်းနာ အားဖြင့် အတုအယောင်ရွေးကောက်ပွဲများ ရှိတတ်သည်။ ထိုသို့သော လိမ်ဆင် ရွေးကောက်ပွဲများမှာ အာဏာရှင်တို့အတွက် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် အာဏာရှင်တို့၏ ရွေးကောက်ပွဲနည်းဖြင့် ကြာကြာစံရေး အထောက်အကူပြုသည်။ ဖိနှိပ်ခြစားသူတို့ အာဏာတည်မြဲရေး အထောက်အပံ့ပေးသည်။
သို့သော် ဆန့်ကျင်ဘက် အခြေအနေများလည်း ဖြစ်လေ့ရှိသည်။ ဖြစ်လည်း ဖြစ်ခဲ့သည်။
◼︎ တီမို
Geddes, B., Wright, J., & Frantz, E. (2018). How dictatorships work power, personalization, and collapse. Cambridge University Press is part of the University of Cambridge.
(အပိုင်း ၂ ကို မနက်ဖြန် ဆက်လက်ဖော်ပြသွားပါမည်)
◀︎◀︎ အပျိုးစကား