မြန်မာ စစ်အာဏာရှင်၏ ဝါဒဖြန့်ဖဲချပ်များ
အပျိုးစကား
ဤစာစုငယ်သည် မြန်မာလူထုကို သွန်သင်ခြင်း အလို့ငှာ ရည်ရွယ်ရင်းမဟုတ်ပါ။ ရှင်ကြီးဝမ်း၊ ရှင်ငယ်ဝမ်း အသီးသီး ဝင်ခဲ့ပြီးဖြစ်သော မြန်မာလူထုတွင် အာဏာရှင်တို့၏ လုပ်နည်းလုပ်ဟန်တို့နှင့် ပတ်သက်၍ အရပ်သိ အမှတ်သညာ ကောင်းကောင်းရှိပါသည်။ ယင်းအရပ်သိ အမှတ်သညာများကို အခြားတိုင်းပြည်များတွင် ဖြစ်ပျက်ခဲ့သည့် သင်ခန်းစာများနှင့် ပေါင်းစပ် တိုက်ဆိုင်ပေးရန် ရည်ရွယ်ရင်းဖြစ်ပါသည်။ တစ်နည်းဆိုရသော် ကမ္ဘာ့သမိုင်းစဉ် တစ်လျှောက် ကြုံခဲ့၊ ဆုံခဲ့၊ ရုန်းခဲ့ တွန်းခဲ့ရသော အတွေ့အကြုံများနှင့် တေ့ဆိုင်ပေးနိုင်ရန် အဓိက မျှော်မှန်းပါသည်။
အာဏာရှင်တို့မှာ သမိုင်းအစဉ်အဆက် လူထုကို လှည့်ဖျား ဦးနှောက်ဆေးရန် နည်းအမျိုးမျိုးသုံးခဲ့သည်။ ရေဒီယို၊ ရုပ်မြင်သံကြား၊ တံဆိပ်ခေါင်း၊ အမှတ်သင်္ကေတ၊ ကျောင်းသင်ရိုး စသည့် ပလက်ဖောင်း အမျိုးမျိုးသုံး၍ အုပ်ချုပ်ခံလူတန်းစားတို့ ၎င်းတို့ အပေါ် ယုံကြည်လာစေရန်၊ အာဏာဆက်ကိုင်ထားနိုင်ရန် နည်းအမျိုးမျိုး သော ဝါဒဖြန့်ချိနည်းလမ်းများ သုံးခဲ့သည်။ ဇာတ်ကြောင်း အမျိုးမျိုး သုံးခဲ့သည်။
ဆိုရှယ်မီဒီယာ အထူးခေတ်စားလာခြင်းနှင့် အတူ လူအများက မိမိတို့၏ ထင်မြင်ယူဆချက်များကို ပိုမို ထုတ်ဖော် ရေးသားလာနိုင်သည်။ ယင်းနှင့် အတူ သတင်းတု သတင်းမှား လိမ်လည်ဝါဒဖြန့်မှုများလည်း ကြုံလာသည်။ နိုင်ငံရေးသမားများ၊ အထူးသဖြင့် ဒီမိုကရေစီစနစ်နှင့် ဖီလာ ဆန့်ကျင်သော အာဏာပိုင်စနစ်ကို သဘောခွေ့သော နိုင်ငံရေးသမားများ၊ အာဏာရှင်များ၊ စစ်အာဏာရှင်များအတွက် ဆိုရှယ်မီဒီယာ အသီးသီးပေါ်တွင် ဝါဒဖြန့်ချိရာ ယန္တရားကြီး တည်ဆောက်ကာ လူထုကို ဂျင်းထည့်တော့သည်။ ထိုအချိန်တွင် သတင်းတု၊ သတင်းမှား မသမာ သတင်းများကို စစ်ဆေးရသော အချက်အလက်စစ်ဆေးသည့် အခန်းကဏ္ဍမှာ များစွာ အရေးပါလာသည်။ သတင်းတု သတင်းမှား မသမာ သတင်းများကို ကိုင်တွယ်တိုက်ဖျက်ရာတွင် အချက်အလက်များကို လိုက်လံစစ်ဆေးခြင်း (Debunking) ကဲသို့ပင် ကြိုတင်သတိထောက်ပေးခြင်း (Prebunking) မှာလည်း အရေးပါသည်။
သတင်းမှား ဖြန့်သူတို့ကမူ နည်းအမျိုးမျိုးသုံး၍ စဉ်ဆက်မပြတ်ဖြန့်ချိနေပါလိမ့်မည်။ သတင်းမှား ဖြစ်ကြောင်း အရေးကြီးသော ကိစ္စရပ်များကို စစ်ဆေးနိုင်သော်လည်း မစစ်ဆေးလိုက်နိုင်သည့် အခြေအနေများ မကြာခဏပင် တွေ့ရတတ်သည်။ ထိုအချိန်တွင် ကြိုတင်သတိထောက်ပေးခြင်း ၏ အခန်းကဏ္ဍမှာ များစွာ အရေးပါလာသည်။ အာဏာရှင်တို့ လိမ်လည်လေ့ ရှိသည့် ပုံစံများ၊ လူထု၏ ယုံကြည်ကိုးကွယ်မှု၊ အကြောက်တရား၊ စွဲလမ်းမှုတို့ကို မည်သို့ အသုံးချ လိမ်လည်လေ့ရှိသည်၊ ထိုသို့ လိမ်လည်ရာတွင် မည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို အသုံးချလေ့ရှိသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါက မိမိမျက်မှောက်ရောက်လာသော အကြောင်းအရာကို အတု၊ အစစ်၊ စပ်ကြားအတု စသည်ဖြင့် ခွဲခြားနိုင်မည်ဖြစ်သည်။
ထိုသို့ ရည်ရွယ်ရင်းဖြင့် ဤစာစုငယ်ကို ပြုစုရခြင်း ဖြစ်ပါသည်။
ထိုစာစုတွင် အာဏာရှင်တို့ လုပ်လေ့လုပ်ထရှိသည့် အဓိက ဝါဒဖြန့်ဇာတ်ကြောင်း လေးခုကို စုစည်းထားပါသည်။ မြန်မာတို့ကို ဂျင်းထည့်၍ ကောင်းသည့် အမျိုးဂုဏ်၊ ဇာတိဂုဏ် အမျိုးသားရေးဝါဒကို မည်သို့ အသုံးချသည်၊ အမျိုးဘာသာသာသနာကို မည်သို့ အသုံးချသည်။ ယင်းနှင့် တစ်ဆက်တည်း စစ်တပ်နှင့် စစ်အာဏာရှင် ဝါဒကို အသုံးချ၍ တိုင်းပြည်ကို သမိုင်းစဉ် တစ်လျှောက် မည်သို့ လိုသလို ခြယ်လှယ် အမြတ်ထုတ်ခဲ့သည်။ တပ်မတော်သည် တိုင်းပြည်၏ ကယ်တင်ရှင် အဖြစ် မည်သို့ ပုံဖော်ထားသည်ကို အခြေခံတွေးစဉ်တန်း ရနိုင်ရန် ကောက်ကြောင်း ခြစ်ထားပါသည်။
ယင်းနောက် ရွေးကောက်ပွဲ အကြောင်းကို အထူးအလေးပြု ဆွေးနွေးထားပါသည်။ ရွေးကောက်ပွဲများကို အသုံးပြု၍ အာဏာရှင်တို့က မည်သို့ လိမ်လည်လှည့်ဖျားလေ့ရှိသည်၊ ၎င်းတို့ အာဏာတည်ဆောက်ရေး၊ အာဏာ ဆက်မြဲရေး ရွေးကောက်ပွဲများကို မည်သို့ အသုံးချသည်။ မြန်မာနိုင်ငံတွင် လက်ရှိ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကို မည်သို့ အသုံးချလှည့်ဖျားနေသည်ကို ဆန်းစစ်ထားပါသည်။ နောက်ဆုံးတွင်မူ လိမ်လည်ခြင်း၊ တပါးသူကို အပြစ်ဖို့လက်ညှိးထိုးခြင်း အတတ်ကို အာဏာရှင်တို့ မည်သို့ အသုံးချသည်ကို အကျဉ်းရုံးတင်ပြထားပါသည်။
ထိုသို့ ဖော်ပြရာတွင် နိုင်ငံတကာတွင် အာဏာရှင်တို့ မည်သို့သော နည်းလမ်းတူ ဇာတ်ကြောင်းများ အသုံးပြုခဲ့သည်၊ အသုံးပြုလျက်ရှိသည်ကို အနှစ်ချုပ်ထားသည်။ ယင်းနောက် မြန်မာစစ်အာဏာရှင် တို့ လူထုကို မည်သို့သော ဝါဒဖြန့် ဇာတ်ကြောင်းသုံး၍ လှည့်ဖျားသည်၊ အာဏာဆက်ကိုင်ထားနိုင်အောင် လုပ်ဆောင်နေသည်ကို တွဲဖက် ဆွေးနွေးထားပါသည်။
ယင်းတို့ကို စေ့ငုခြင်းအားဖြင့် လာလတ္တံသော ‘လုပ်ကြံဂျင်းသတင်းများ’ ကို စစ်ထုတ်ကာ မည်ရွေ့မည်မျှ ယုံအပ်သည်ကို ကြိုတင် သတိထောက်ပေးနိုင်မည်ဟု ယုံကြည်ပါသည်။ စစ်အာဏာရှင်တို့၏ ဝါဒဖြန့်ရာတွင် ဖော်ပြပါ ‘ဝါဒအထိုင်’ ကို ယူကာ ဖြစ်ပေါ်လာသော အခြေအနေများကို လိုက်၍ သတင်းတု သတင်းမှားများ ဝါဒဖြန့်ဇာတ်ကြောင်းများ ဖန်တီးလေ့ရှိသည်။
သုတေသန အခြေခံဟုဆိုသော်လည်း ရှင်းရှင်းလွယ်လွယ် ဖတ်ရှုနိုင်ရန် ကြိုးစား တင်ဆက်ထားပါသည်။
အချက်အလက် ကူညီ ကောက်ယူပေးသော The Red Flag အဖွဲ့သားများနှင့် ပံ့ပိုးကူညီပေးသူ အားလုံးကို ကျေးဇူးတင်ပါသည်။
ဒီဇင်ဘာ၊ ၂၀၂၃။
တီမို
(‘စစ်အာဏာရှင်၏ ရွေးကောက်ပွဲဖဲချပ်’ ဆောင်းပါးကို ဆက်လက်ဖော်ပြသွားပါမည်)