ထိုင်းနိုင်ငံ၊ မဲဆောက်ဈေးမှာ မြန်မာပြည်က ထွက်ပြေးသွားတဲ့ တော်လှန်ရေး ထောက်ခံသူ အချင်းချင်း ရန်ဖြစ် ကြတယ်လို့ သတင်းမှားဖြန့်
၂၀၂၅၊ ဩဂုတ်လ ၂၈ ရက်။
(Fact Check) လဂွန်းအိမ်စာစဉ်/ The Red Flag/ MFCN
ထိုင်းနိုင်ငံ၊ မဲဆောက်ဈေးမှာ ဈေးသည် အချင်းချင်းကြား ရန်ဖြစ်ကြတဲ့ ဖြစ်စဉ်ကို အသုံးပြုပြီး မြန်မာပြည်ကနေ ထွက်ပြေးသွားတဲ့ တော်လှန်ရေး ထောက်ခံသူ အချင်းချင်း ရန်ဖြစ်ကြကြောင်း သတင်းမှား ဖြန့်နေပါတယ်။
စစ်တပ်လော်ဘီ တစ်ဦးဖြစ်တဲ့ “U Kyaw Soe Oo” ရဲ့ Telegram Channel က “ထိုင်းမှာ မြန်မာဈေးသည်တွေ ရန်ဖြစ်ကြတယ်။ ထိုင်းရဲက ပစ္စည်းသိမ်း ဒဏ်ရိုက်လိုက်တယ်။ ရန်ဖြစ်တဲ့ သူတွေက ပြည်တွင်းကနေ ထွက်ပြေး- သွားတဲ့ နီပိတ်တွေပါ အချင်းချင်း ဆော်ကြတာပါ။” လို့ ရုပ်သံဖိုင်နဲ့တကွ ဖော်ပြထားပါတယ်။
ဩဂုတ်လ ၂၈ ရက်နေ့ထိ ကြည့်ရှုသူ 22.2K, Reaction 573 ခုနဲ့ Comment 36 ခုရှိနေတဲ့ U Kyaw Soe Oo ရဲ့ မူရင်းဖော်ပြချက်ကို http://archive.today/B30MG ဒီမှာကြည့်ပါ။
အဆိုပါ ဖော်ပြချက်ကို Myanmar Fact-checking Network အဖွဲ့ဝင် ဖြစ်တဲ့ လဂွန်းအိမ် Fact-check Team က စိစစ်ကြည့်ရာမှာ ဖြစ်စဉ်အမှန်အပေါ် လိုရာဆွဲရေးထားတဲ့ ဝါဒဖြန့်သတင်းမှား ဖြစ်ကြောင်းတွေ့ရပါတယ်။
၂၀၂၅၊ ဩဂုတ်လ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တို့မှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ဖချလွန်ဈေး (ခေါ်) မဲဆောက်ဈေးကြီးမှာ မြန်မာဈေးသည် အချင်းချင်း စကားများရာကနေ တုတ်များ ကိုင်ဆောင်ကာ အုပ်စုလိုက် ရန်ဖြစ်ခဲ့ကြတဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။
ဩဂုတ်လ ၂၃ ရက်နေ့က ရန်စဖြစ်ခဲ့ကြတာ ဖြစ်ပြီး ၂၄ ရက်နေ့မှာ ထပ်မံဖြစ်ပွားခဲ့ကာ တုတ်များ ကိုင်ဆောင်ပြီး အုပ်စုလိုက် ပါဝင်လာခဲ့တာကြောင့် မဲဆောက်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း Dawei Watch သတင်း ဌာနက ဖော်ပြထားပါတယ်။
Dawei Watch – https://www.daweiwatch.com/25/08/2025/117529/
အကြွေးပြန်မဆပ်လို့ တောင်းကြရာမှ စကားများ ရန်ဖြစ်ကြပြီး တုတ်တွေ ပါလာကာ ရိုက်နှက်ခဲ့ကြတာကြောင့် ရန်ပွဲမှာ ပါဝင်ခဲ့တဲ့ မြန်မာအမျိုးသမီး (ဈေးသည်) ၆ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း DVB သတင်းဌာန က ဖော်ပြထားပါတယ်။
DVB – https://burmese.dvb.no/post/721081
မဲဆောက်ဈေးမှာ ရန်ဖြစ်ခဲ့ကြတဲ့ မြန်မာဈေးသည် ၆ ဦး ဖမ်းဆီးခံထားရပြီး အများပြည်သူ လုံခြုံရေးနဲ့ အေးချမ်း သာယာရေးကို ထိခိုက်စေမှု၊ ကန့်သတ်အလုပ် လုပ်ကိုင်မှု တို့အပြင် စာရွက်စာတမ်း အထောက်အထား မရှိပါက ထပ်မံတရားစွဲ အရေးယူခံရနိုင်တယ်လို့ မဲဆောက်အခြေစိုက် JACBA အဖွဲ့ရဲ့ ပြောကြားချက်နဲ့ People Spring သတင်းဌာနက ဖော်ပြထားပါတယ်။
People Spring – https://shorturl.at/mfe2z
အဆိုပါ ရန်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း မဲဆောက်ဈေးကို ထိုင်းအာဏာပိုင် အဖွဲ့အစည်းတွေက ဝင်ရောက်စစ်ဆေး ဖမ်းဆီးတာတွေကို ဆက်လက် လုပ်ဆောင်နေတယ်လို့ မဲဆောက်အခြေစိုက် Border Echo သတင်းဌာနနဲ့ BBC သတင်းဌာနတို့က ဖော်ပြထားပါတယ်။
Border Echo – https://shorturl.at/ZpGSz
BBC – https://shorturl.at/Y15qp
ထိုင်းနိုင်ငံ၊ မဲဆောက်ဈေးမှာ မြန်မာဈေးသည် အချင်းချင်းကြား ခိုက်ရန် ဖြစ်ပွားခဲ့တာကြောင့် ဖမ်းဆီး အရေးယူ ခံရတဲ့ ဖြစ်စဉ်မှာ မှန်ကန်ပါတယ်။
လွတ်လပ်တဲ့ သတင်း မီဒီယာတွေ ရဲ့ ဖော်ပြချက်အရ ရန်ပွဲမှာ ပါဝင်ခဲ့ကြသူတွေဟာ ရွေ့ပြောင်း မြန်မာဈေးသည် တွေသာ ဖြစ်တာကိုတွေ့ရပြီး မြန်မာနိုင်ငံကနေ ထွက်ပြေးလာရတဲ့ တော်လှန်ရေး ထောက်ခံသူ အချင်းချင်းကြား ရန်ဖြစ်ခဲ့ကြတယ် ဆိုတဲ့အချက်က မှားယွင်းနေပါတယ်။
ထိုင်းမှာ မြန်မာနိုင်ငံသားတွေ အနေနဲ့ အမှုအခင်း တခုခုဖြစ်တိုင်း စစ်တပ် ဝါဒဖြန့် လော်ဘီတွေက တော်လှန်ရေး တံဆိပ်ကပ်ပြီး ဝါဒဖြန့် ဖော်ပြလေ့ရှိပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန်ကာလက ထိုင်းနိုင်ငံမှာ မြန်မာ အချင်းချင်း ဓားထိုးမှု ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကို “မှိုင်းဝေ” ချန်နယ်ကနေ တော်လှန်ရေး တံဆိပ်ကပ် ဝါဒဖြန့်ခဲ့ဖူးပြီး MFCN အဖွဲ့ဝင် Dawei Watch က စိစစ်ပေးခဲ့ဖူးပါတယ်။
(https://www.facebook.com/share/v/1JR76grNkj/)
မြန်မာလုပ်သားတွေ သေနတ်နဲ့ ပစ်ခတ်ခံရပြီး အမျိုးသမီးတဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို “မှိုင်းဝေ” ချန်နယ်ကနေ PDF ထောက်ပို့တဦး ပစ်သတ်ခံရကြောင်း ဝါဒဖြန့်ထားတာကိုလည်း လဂွန်းအိမ် နဲ့ Dawei Watch က စီစစ်ပေး ခဲ့ဖူးပါတယ်။ (https://www.facebook.com/share/v/1E3DcTULkR/)
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ် ဖြစ်တဲ့အတွက် အဲ့ဒီ ဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေ နေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေ အနေနဲ့ သတင်းတု/သတင်းမှား ဖြစ်နိုင်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ် အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Check ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
======================