Fact-check
Akyab Post/ The Red Flag/ MFCN
26 Aug 2025
ရခိုင်ပြည်နယ်က မြောက်ဦးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အေအေတပ်သားတွေ သေဆုံးတယ်ဆိုပြီးတော့ ရေးသားထားကြတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံံ့လျက်ရှိပါတယ်။
တယ်လီဂရန်က ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “မှိုင်းဝေ” ချန်နယ်ကနေ ဩဂုတ်လ ၂၆ ရက်နေ့မှာ “အကြမ်းဖက်သမား မူးယစ်ရာဇာ ရခိုင်စစ်သွေးကြွ AA ခေါင်းဆောင်ရောက်ရှိနေတဲ့ မြောက်ဦးကို ဗုံးကြဲ ရခိုင် စစ်သွေးကြွ AA ၁၁ ယောက် ဂိန် ၊ ၂၄ ကောင် မသေမရှင်ဖြစ်။ ထွန်းမြတ်နိုင်က ဒလန်လား” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။
📌 “မှိုင်းဝေ” အကောက်ကနေ တင်ထားတဲ့ မူရင်းပို့စ်အပြည့်အစုံ – https://archive.ph/xIr7i
ဒီပို့စ်ကို ဖြန့်ဝေထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ ဩဂုတ်လ ၂၆ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ 11.4 K Reaction ပေးသူ 462 ဦးထိရှိပြီးတော့ စစ်ကောင်စီဝါဒဖြန့် အခြားချန်နယ်တွေ ဖြစ်ကြတဲ့ Snow Queen၊ People Media၊ Shwe Myanmar၊ Fact Check၊ May Yu Htar Nay၊ Western 24 News၊ Ko Thet ချန်နယ်တွေအပြင် Facebook လူမှုကွန်ရက်က ARF Burmese ဆိုတဲ့ page မှာလည်း ပျံ့နှံ့လျက်ရှိပါတယ်။
📌 Snow Queen – https://archive.ph/diqLp
📌 Western 24 News – https://archive.ph/JosOh
📌 People Media – https://archive.ph/ERyKX
📌 Ko Thet – https://archive.ph/i59j1
📌 May Yu Htar Nay https://archive.ph/0Zecr
📌 Shwe Myanmar – https://archive.ph/wrjNY
📌 Fact Check – https://archive.ph/M7TY4
📌 ARF Burmese – https://archive.ph/fr2il
ဒီပို့စ်ကို Myanmar Fact−checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ဖက်ကနေ စစ်ဆေးခဲ့ကြည့်လိုက်တဲ့အခါမှာ မြောက်ဦးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူတွေဟာ အေအေတပ်သားတွေမဟုတ်ကြဘဲ ကလေးသူငယ်တွေနဲ့ အရပ်သား ပြည်သူတွေဖြစ်ကာ၊ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေပျက်စီးခဲ့ပြီးတော့ ဝါဒဖြန့်ချန်နယ် တွေကနေ ဖြန့်ထားတဲ့ပို့စ်ဟာ သတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
▪️သတင်းစိစစ်ချက်
စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေဟာ အေအေတပ်သားတွေ ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
ဝါဒဖြန့်ချန်နယ်ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံတွေကို google reverse search tool နဲ့ ရှာကြည့်လိုက်တဲ့အခါမှာ ရခိုင်ဒေသအခြေပြုသတင်းမီဒီယာတစ်ခုဖြစ်တဲ့ Development Media Group (DMG) ကနေ ဩဂုတ်လ ၂၆ ရက်နေ့မှာ “မြောက်ဦးမြို့ကို စစ်ကောင်စီ ဗုံးကြဲမှု အရပ်သား ၁၀ ကျော် သေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ” ဆိုတဲ့ သတင်းက ပုံတွေဖြစ်နေတာကို တွေ့ရပါတယ်။
DMG ရဲ့ ရေးသားဖော်ပြချက်တွေအရ စစ်ကောင်စီဖက်ကနေ မြောက်ဦးမြို့နယ်က မြောက်ဦးမြို့ အောင်တပ်အုပ်စု၊ ဒိုင်းကျီရပ်ကွက်ကို ပေါင် ၅၀၀ ဗုံးနဲ့ ဩဂုတ် ၂၅ ရက်၊ ညည့် ၁၁ နာရီခွဲခန့်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေး ၅ ဦးအပါ ၁၂ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရှိတယ်လို့ ဖော်ပြထားပါတယ်။
🔗 DMG ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/dmgnewsagency/posts/pfbid033FUAYogT2vr4Nfize8NkFNCBSYrzJebPZHrcP8zkYvKS9bDZ79XdswBNXLtBAtt5l
ဒါ့အပြင် ဒီသတင်းကို နိုင်ငံတကာ သတင်းဌာနတစ်ခုဖြစ်တဲ့ BBC ကနေလည်း “ရခိုင်ပြည်နယ်ထဲ အာရက္ခတပ်တော်(အေအေ)က သိမ်းထားတဲ့ မြောက်ဦးမြို့ပေါ်က ဒိုင်းကျီရပ်ကွက်ထဲကို စစ်တပ်က သြဂုတ် ၂၅ ရက်၊ ညသန်းခေါင်မှာ တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ရပ်ကွက်နေသူ ၁၁ ဦးသေဆုံးပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရတယ်လို့” ရေးသားဖော်ပြထားပါတယ်။
🔗 BBC Burmese ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/share/p/1FFqQN7Cwn/
မြောက်ဦးမြို့မှာ စစ်ကောင်စီဖက်ကနေ လေကြောင်းတိုက်ခိုက်တာနဲ့ ပတ်သက်လို့ ပြည်တွင်း သတင်းမီဒီယာတွေဖြစ်တဲ့ Mizzima သတင်းဌာနကနေလည်း ဩဂုတ်လ ၂၆ ရက်နေ့မှာ “ရခိုင်ရှေးဟောင်းယဉ်ကျေးမှုရှိရာ မြောက်ဦးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၅ ဦးအပါ ၁၂ ဦး သေဆုံး” လို့ ရေးသားဖော်ပြထားပါတယ်။
Mizzima ရဲ့ သတင်းရေးသားချက်အရ “ဩဂုတ် ၂၅ ရက် ည ၁၁ နာရီခွဲအချိန်ခန့်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင့် အသက် ၁၆ နှစ်အောက် မိန်းကလေး သုံးဦး၊ ယောက်ျားလေး နှစ်ဦး၊ လူကြီး အမျိုးသား ခြောက်ဦး၊ အမျိုးသမီး တဦး စုစုပေါင်း သေဆုံးသူ ၁၂ ဦးရှိကြောင်း သိရသည်။ ဒဏ်ရာရသူများတွင် အသက် လေးနှစ်အရွယ် ကလေးအပါအဝင် ကလေးငယ် မိန်းကလေး တဦး၊ ယောက်ျားလေး နှစ်ဦး၊ လူကြီး အမျိုးသား သုံးဦး၊ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၂၀ ဦး ပြင်းထန် ဒဏ်ရာ ရရှိ” လို့ ရေးသားဖော်ပြထားပါတယ်။
🔗 Mizzima ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/share/p/1AgKhmj6CU/
ဒီသတင်းကိုပဲ ပြည်တွင်း သတင်းမီဒီယာဌာနတွေဖြစ်ကြတဲ့ DVB နဲ့ The Irrawaddy သတင်းဌာနတို့ကနေ “မြောက်ဦးကို ဗုံးကြဲ၊ ကလေးများအပါအဝင် ၁၂ ဦးသေဆုံးပြီး၂၀ ဒဏ်ရာရ” လို့ ရေးသားဖော်ပြထားကြပါတယ်။
🔗 The Irrawaddy https://www.facebook.com/share/p/1VesfK73we/
🔗 DVB https://www.facebook.com/share/p/178EfhfAvb/
သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်မှာ ရေးသားဖော်ပြချက်တွေအရ မြောက်ဦးမြို့မှဦ လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးတဲ့သူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေဟာ အေအေတပ်သားတွေ မဟုတ်ကြပဲ အသက်မပြည့်ကြသေးတဲ့ ကလေးသူငယ်တွေနဲ့ အရပ်သားပြည်သူတွေ ဖြစ်နေတာကိုသာ တွေ့ရှိရပါတယ်။
▪️ သုံးသပ်ချက်
စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့နေသလိုမျိုး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် သေဆုံးတဲ့သူတွေဟာ အာရက္ခတပ်တော်ရဲ့ စစ်သားဖြစ်တယ် ဆိုတာကို မတွေ့ရှိရပါဘူး။
လေကြောင်းတိုက်ခိုက်လို့ သေဆုံးတဲ့ထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ် ၅ ဦးထိပါဝင်ပြီးတော့ ထိခိုက်ဒဏ်ရာရရှိတဲ့ထဲမှာလည်း အသက်မပြည့်သေးတဲ့ ကလေးငယ် ၃ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီးတော့ အသက်ကြီးတဲ့သူတွေနဲ့ အမျိုးသမီးတွေပါဝင်နေတာကို တွေ့ရပါတယ်။
ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ပြီး ရေးသားနေတဲ့ မှားယွင်းတင်ပြတဲ့ သတင်းမှားအမျိုးအစားသာဖြစ်ပါတယ်။
လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
✅ Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-
https://www.facebook.com/share/v/19C3KPdFUR/
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #RedFlag #Akyab Post #FactCheck #Mis_Disinformation #AA