ထိုင်းနိုင်ငံမှာ ပတ်စ်ပို့၊ ပန်းရောင်ကတ် (ဘတ်) ၊ စီအိုင်စာအုပ် (Certificate of Identity) စတဲ့ အထောက်အထားတွေ ပြုလုပ်ဖို့ ဆေးစစ်တဲ့အချိန် မြန်မာနိုင်ငံသား ငါးရာကျော် HIV (ခုခံအားကျဆင်းမှု ကူးစက်ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်) ရောဂါပိုး စစ်ဆေးတွေ့ရှိတယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစလို့ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
အဲဒီလို ပျံ့နှံ့နေတဲ့ ဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ သတင်းအမှားဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။
မြန်မာအလုပ်သမား ငါးရာကျော် HIV ပိုးတွေ့တယ်ဆိုတဲ့ အကြောင်းအရာကို လူမှုကွန်ရက်မှာ ဖြန့်ချိကြရာမှာတော့ အကြောင်းအရာ သုံးခုကွဲနေတာ တွေ့ရပါတယ်။ ပတ်စ်ပို့လုပ်ဖို့ ဆေးစစ်ရာကနေ တွေ့တယ်၊ ပန်းရောင်ကတ်လုပ်ဖို့ ဆေးစစ်ရာကနေ တွေ့တယ်၊ စီအိုင်စာအုပ်လုပ်ဖို့ ဆေးစစ်ရာကနေတွေ့တယ်ဆိုပြီး တွေ့ရပါတယ်။
အထောက်အထားအတွက် ဆေးစစ်ရာမှာ HIV စစ်ရလား
ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားတွေ နေထိုင် အလုပ်လုပ်ခွင့်ရဖို့၊ ခရီးသွားလာခွင့်တွေရဖို့အတွက် Work Permit (အလုပ်လုပ်ခွင့်) ၊ ပန်းရောင်ဘတ် ၊ စီအိုင်နဲ့ ပတ်စ်ပို့ (နိုင်ငံကူးလက်မှတ်) စတဲ့ အထောက်အထားတွေပြုလုပ်ရပါတယ်။
အဲဒီအထောက်အထားတွေ ပြုလုပ်တဲ့အထဲက Work Permit ပြုလုပ်ရာမှာတော့ ဆေးစစ်တာတွေ ပြုလုပ်ရပြီး ကျန်တဲ့ အထောက်အထားပြုလုပ်ရာမှာတော့ ဆေးစစ်တဲ့ ကဏ္ဍ မပါဝင်ဘူးလို့ ထိုင်းရောက်အလုပ်သမားတွေနဲ့ အလုပ်သမား အရေး ကူညီသူတွေက ပြောပါတယ်။
Work Permit ပြုလုပ်ဖို့အတွက် ဆေးစစ်ရာမှာ ရောဂါခြောက်မျိုး ဆေးစစ်ရတယ်လို့ ဆိုပါတယ်။ အဲဒီရောဂါခြောက်မျိုးကတော့ အနာကြီးရောဂါ၊အဆုတ်တီဘီရောဂါ၊ မူးယစ်ဆေးစွဲခြင်း၊ နာတာရှည် အရက်စွဲခြင်း၊ ဆင်ခြေထောက်ရောဂါနဲ့ ဆစ်ဖလစ် (ကာလသားရောဂါ တတိယအဆင့်) တို့ဖြစ်ကြပါတယ်။
ထိုင်းနိုင်ငံမှာ အထွေထွေရောဂါစစ်ဆေးတာ၊ ကာကွယ်ဆေးထိုးတာနဲ့ ကျန်းမာရေးဝန်ဆောင်တွေကို ကွန်ရက်နဲ့ ချိတ်ဆောင် ရွက်နေတဲ့ Intouch Medicare က အဲဒီ စစ်ဆေးရမယ့် ရောဂါခြောက်မျိုး အကြောင်း ဖော်ပြထားတာကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
စစ်ဆေးရမယ့် ရောဂါခြောက်မျိုးအကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထိုင်းဘာသာစကားနဲ့ ထုတ်ပြန်ထားတာမှာလည်း အနာကြီးရောဂါ၊အဆုတ်တီဘီရောဂါ၊ မူးယစ်ဆေးစွဲခြင်း၊ နာတာရှည် အရက်စွဲခြင်း၊ ဆင်ခြေထောက်ရောဂါနဲ့ ဆစ်ဖလစ် (ကာလသားရောဂါ တတိယအဆင့်) တွေကိုစစ်ဆေးတာတွေ့ရတယ်။ ထိုင်းဘာသာစကားနဲ့ဖော်ပြထားတာကို ဒီဖိုင်ရဲ့ စာမျက်နှာ ၇ မှာ ကြည့်နိုင်ပါတယ်။
စစ်ဆေးရမယ့် ရောဂါခြောက်မျိုးထဲမှာ ဆစ်ဖလစ်လို့ခေါ်တဲ့ ကာလသားရောဂါကိုပဲ စစ်ဆေးရပြီး HIV ရောဂါ စစ်ဆေးရမယ်လို့ ပါဝင်တာမျိုးတော့ မတွေ့ရပါဘူး။
Syphilis (ဆစ်ဖလစ်) ဆိုတာက လိင်ဆက်ဆံရာမှ ဘက်တီးရီးယားပိုးဝင်ပြီး အရေပြား၊ ပါးစပ်၊ လိင်အင်္ဂါများ၊ နှင့် အာရုံကြောစနစ်တွေကို ထိခိုက်စေနိုင်တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။
HIV ပိုးရှိတဲ့သူတွေဆီမှာ ဆစ်ဖလစ်ရောဂါပိုးတွေ့နိုင်ခြေများတယ်လို့ ဆိုပါတယ်။ ဆစ်ဖလစ်ရောဂါအကြောင်း Hello ဆရာဝန် ကျန်းမာရေးဝက်ဘ်ဆိုက်က ဖော်ပြထားတာကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်။
ဒါပေမဲ့ အဲဒီလို အဆင့်ဆင့် ဆေးစစ်ရာကနေ HIV ပိုးရှိတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရင်တောင် ထိုင်းကျန်းမာရေးဌာနတွေက လူနာရဲ့ အမည်နဲ့တကွတရားဝင် ထုတ်ဖော်ပြောဆိုတာမျိုးမရှိဘဲ ကာယကံရှင်နဲ့ နှစ်သိမ့်ဆွေးနွေးပညာပေးတာသာရှိပြီး အလုပ်လုပ်ခွင့် ကန့်သတ်ခံရတာလည်း မရှိဘူးလို့ ထိုင်းရောက်မြန်မာအရေးကူညီဆောင်ရွက်ပေးနေတဲ့ FED အဖွဲ့ရဲ့ အလုပ်သမားရေးဌာန တာဝန်ခံ ကိုမင်းဦးက ပြောပါတယ်။
ဒါ့အပြင် အထောက်အထား လုပ်ရာကနေ မြန်မာနိုင်ငံသား ငါးရာကျော် HIV ပိုးတွေ့ဆိုပြီး ထိုင်းကျန်းမာရေးဌာနက သတင်းထုတ်ပြန် ပြောဆိုတာမျိုး မတွေ့ရဘူးလို့လည်း သူက ဆိုပါတယ်။
“ဒီ ငါးရာကျော်တွေ့တယ်လို့ ကျန်းမာရေးဌာနတွေကလည်း ထုတ်ပြန်ထားတာ မရှိသလို တကယ်လို့ ဆေးစစ်ရင်း မတော်တဆ တွေ့ခဲ့ရင်တောင် ကာယကံရှင်နဲ့ နှစ်သိမ့်ဆွေးနွေးပညာပေးတာပဲ ပြုလုပ်ပါတယ်။ အဲဒီလို ပိုးတွေလို့လည်း နှင်ထုတ်တာ၊ အလုပ်မပေးလုပ်တာတွေလည်း မရှိပါဘူး” လို့ ကိုမင်းဦးက ပြောဆိုပါတယ်။
ဒါ့အပြင် ပတ််စပို့၊ စီအိုင်တွေ လုပ်ဖို့၊ သက်တမ်းတိုးဖို့အတွက် ဆေးစစ်စရာ မလိုအပ်တာကြောင့် ပတ်စပို့လုပ်ရာမှာလည်း အထက်မှာ ဖော်ပြခဲ့တဲ့ မြန်မာလုပ်သား ငါးရာကျော် HIV ပိုးတွေ့တယ်ဆိုတဲ့ အချက်အလက်ကလည်း လွဲမှားနေတယ်လို့ ထိုင်း-မြန်မာဘာသာပြန် စကားပြန်များအသင်း(TMIA) ရဲ့ တာဝန်ရှိသူတစ်ဦးကသူရဲ့ လူမှုကွန်ရက် မှာ ရှင်းပြထားတာကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ထိုင်းသတင်းဌာန တွေမှာလည်း မြန်မာလုပ်သား ငါးရာ ကျော်မှာ HIV ပိုးတွေ့တယ်ဆိုပြီး သတင်းထုတ်ပြန်တာ၊ သတင်းဖော်ပြတာမျိုး မတွေ့ရပါဘူး။
သတင်းအမှားကြောင့် နောက်ဆက်တွဲ အန္တရာယ်ကြီးမားနိုင်
ဒါကြောင့် တရားဝင် အထောက်အထားတွေပြုလုပ်ရင်း မြန်မာလုပ်သား ငါးရာကျော် HIV ပိုးတွေ့တယ်ဆိုတာဟာ သတင်းအမှား ဖြစ်တယ်ဆိုတာကိုစိစစ်တွေ့ရှိရပါတယ်။
အခုလို အထောက်အထားပြုလုပ်ရာမှာ HIV ပိုးတွေ့တယ်လို့ ထုတ်ဖော်ပြောဆိုနေတယ်ဆိုတဲ့ သတင်းအမှားတွေကြောင့် နဂိုကတည်းက မိမိကိုယ်ကိုယ် သံသယရှိသူတွေက အထောက်အထားပြုလုပ်ဖို့အတွက် ဆေး မစစ်ရဲတော့တာတွေ ဖြစ်နိုင်တယ်လို့ FED အဖွဲ့ က ကိုမင်းဦးက ပြောပါတယ် ။
အဲဒီလို ဆေးမစစ်ရဲတော့တဲ့အတွက် အထောက်အထား မပြုလုပ်ရလို့ အထောက်အထားမဲ့လုပ်သားဖြစ်သွားနိုင်သလို ရောဂါပိုးတကယ်ရှိနေသူဆိုရင်လည်း အချိန်မီဆေးကုသမှု မခံရလို့ ရောဂါအခြေအနေဆိုးဆိုးဝါးဝါးခံစားရသွားနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ထိုင်းရောက် မြန်မာများအနေနဲ့ လူမှုကွန်ရက်က သတင်းတွေကို ချင့်ချိန်ယုံကြည်ကြဖို့နဲ့ ယုံကြည်ရတဲ့ သတင်းဌာနတွေနဲ့ အစိုးရဌာနတွေရဲ့ သတင်းဖော်ပြချက်တွေကိုလည်း သေချာစောင့်ကြည့်သင့်တယ်လို့ ကိုမင်းဦးက အကြံပြုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ KIC နဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။