Akyab Post/ Red Flag/MFCN
12 Aug 2025
Fact-Check Article
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးတဲ့အချိန်ကနေစလို့ ပြည်သူတွေကို သတင်းတု သတင်းမှားတွေနဲ့ ဝါဒဖြန့်ဖို့ ကြိုးစားတဲ့ စစ်ကောင်စီပိုင် မီဒီယာတွေဖြစ်တဲ့ မြန်မာ့အသံနဲ့ရုပ်မြင်သံကြား (MRTV)၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ MWD နဲ့ MYTEL အပါအဝင် စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကို Facebook ပေါ်ကနေ အကြမ်းဖက်မှုနဲ့ အန္တရာယ်ရှိတဲ့ အပြုအမှုတွေကြောင့် အပြီးတိုင်ဖယ်ရှားခဲ့ပါတယ်။
“Facebook ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကျင့်ဝတ်အဖြစ် တားမြစ်ထားတဲ့ အန္တရာယ်ပြုမှုနဲ့ အကြမ်းဖက်မှုတို့ကို ထပ်တလဲလဲချိုးဖောက်တာကြောင့် facebook ပေါ်ကနေ ဖယ်ရှားလိုက်တယ်” လို့ Facebook ကနေ ထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်အပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ facebook ကနေ ဝါဒဖြန့်ချန်နယ်တွေကို ဖယ်ရှားလိုက်ပါတယ်။
ဒါပေမဲ့လည်း ၂၀၂၅ ခုနှစ်မှာ Facebook ရဲ့ အချက်အလက်များ စစ်ဆေးထိန်းချုပ်မှုဆိုင်ရာ မူဝါဒ ပြောင်းလဲလိုက်တာကြောင့် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေးအကောင့်တွေနဲ့ သတင်းတုသတင်းမှားဖြန့်တဲ့ ကွန်ရက်တွေဟာ Facebook စာမျက်နှာပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပြန်လည် အခြေချလာကြပါတယ်။
စစ်ကောင်စီရဲ့ နာမည်ကြီး ဝါဒဖြန့်ချန်နယ်တွေဖြစ်ကြတဲ့ Kyaw Swar၊ Ko Thet၊ မှိုင်းဝေစတဲ့ ချန်နယ်တွေဟာ Facebook ပေါ်မှာ သတင်းတုသတင်းမှားဖြန့်ဖို့ ကြိုးစားခဲ့ကြပြီးတော့ လက်ရှိမှာ facebook ဖက်ကနေ ပြန်လည်ဖြုတ်ချထားတာကို တွေ့ရပါတယ်။
တစ်ဖက်မှာ စစ်ကောင်စီရဲ့ နာမည်ကြီးဝါဒဖြန့်ချန်နယ်တွေကို Facebook ပေါ်ကနေ ဖြုတ်ချထားပေမဲ့ ဝါဒဖြန့်ချက်တွေကို ကူးယူပြီးတော့ ပြန်လည် ဖြန့်ဝေနေကြတဲ့ အမည်ကွဲချန်နယ်တွေကတော့ Facebook မှာ တနေ့တခြားနဲ့ တိုးလာနေပါတယ်။
▪️ရခိုင်အခြေစိုက်မီဒီယာအဖြစ်ဖြင့် ပုံဖော်ခြင်း
ဒီလိုတိုးလာတဲ့ အထဲမှာ ARF Burmese၊ Arakan Unddin၊ “Maungdaw Daily News- အရံ” နဲ့ Voice of arakan news၊ Ko Chay တို့လို့ သတင်းဌာနအယောင်ဆောင်တဲ့ Page တွေဟာ သတင်းတုသတင်းမှားတွေ အမုန်းစကားတွေနဲ့ မှန်ကန်မှုမရှိတဲ့ အချက်အလက်တွေ ထင်မြင်ချက်တွေနဲ့ ရေးသားပြီးတော့ သတင်းတုသတင်းမှား ဆက်တိုက်ဖြန့်နေခဲ့တာကို တွေ့ရပါတယ်။
ဒီအထဲက သတင်းဌာနအယောင်ဆောင်ထားတဲ့ ARF Burmese Pageဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့ကမှ စတင်အသုံးပြုတာဖြစ်ပြီးတော့ အခုဆိုရင် ကြိုက်နှစ်သက်သူ ၂၅၀၀ ကျော်နဲ့ Followers ၁၈၀၀၀ ကျော်အထိ ရှိနေပါပြီ။
ARF Burmese လို့ ရေးသားထားပေမဲ့လည်း ပေ့ချ်ရဲ့ မိတ်ဆက်မှာ မြန်မာအမည် အရှည်ကောက်အဖြစ် လွတ်လပ်တဲ့အာရှအသံ Radio Free Asia(RFA) ရဲ့ အမည်နဲ့ ဆင်တူယူထားတာကို တွေ့ရပါတယ်။
ARF Burmese page ကနေ တင်တဲ့ ပို့စ်တွေရဲ့အောက်မှာ ‘#လွတ်လပ်တဲ့အာရှအသံ #arfburmese’ ဆိုပြီး ဖော်ပြလေ့ရှိပြီးတော့ သတင်းမှန်တွေရဲ့ ပုံတွေ၊ ပုံဟောင်းတွေနဲ့ ဗီဒီယိုအဟောင်းတွေကို သတင်းတုသတင်းမှားတွေနဲ့ ရေးသားပြီး အသုံးပြုလေ့ရှိပါတယ်။
ဒါ့အပြင် လူမျိုးရေး ဘာသာရေးလို ထိခိုက်လွယ်တဲ့ အကြောင်းအရာတွေကိုလည်း မဟုတ်မမှန်တဲ့ အချက်အလက်တွေကို အသုံးပြုပြီးတော့ ရေးသားဖြန့်လေ့ရှိပါတယ်။
ARF Burmese ကနေ အများဆုံးဖော်ပြတဲ့ အကြောင်းအရာတွေထဲမှာ ရခိုင်ဒေသနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အများဆုံး ရေးသားတာဖြစ်ပြီးတော့ အခြားမြန်မာနိုင်ငံရဲ့ ရှမ်း၊ ချင်း၊ ကရင်၊ ကချင်က အကြောင်းအရာတွေကိုလည်း ဖော်ပြလေ့ရှိပါတယ်။
ဒီ page ကနေ ဖော်ပြတဲ့ အကြောင်းအရာတွေထဲမှာ လူမျိုးရေး၊ ဘာသာရေးလို ပဋိပက္ခဖြစ်စေတဲ့ သတင်းတုသတင်းမှားတွေ ပါဝင်တာကြောင့် Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ အသေးစိတ်လေ့လာခဲ့ပြီးတော့ သတင်းတုသတင်းမှားတွေ ဖြန့်ဝေနေတာကို စိစစ်နိုင်ခဲ့ပါတယ်။
နမူနာတစ်ခုအနေနဲ့ ပြရရင် ပြီးခဲတဲ့ ၂၀၂၅ ဇူလှိုင်လ ၂၅ ရက်နေ့မှာ ARF Burmese ကနေ အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ ကျောက်တော်မြို့နယ်က အပေါက်ဝရွာ၊ ရိုဟင်ဂျာမွတ်ဆလင်ရပ်ကွက်ကို အေအေတပ်သားတွေ ဖက်ကနေ မီးရှို့ခဲ့တယ်ဆိုပြီးတော့ ဗီဒီယိုဟောင်းတစ်ခုကို သုံးပြီးတော့ သတင်းတုသတင်းမှားဖြန့်ခဲ့ပါတယ်။
📌 ARF Burmese ရဲ့ မူရင်းပို့စ်အပြည့်အစုံကို ဝင်ရောက် ဖတ်ရှုရန် – https://archive.ph/Kdwyt
ဒီအကြောင်းအရာကို Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်တဲ့အခါမှာ ကျောက်တော်မြို့နယ်က အပေါက်ဝကျေးရွာမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်မဟုတ်ဘဲ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ဘူးသီးတောင်မြို့နယ်က ဖုံညိုလိပ်ကျေးရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မီးလောင်ခဲ့တဲ့ ဗီဒီယိုဖိုင်ဖြစ်နေတာကို စစ်ဆေးအတည်ပြုနိုင်ခဲ့ပါတယ်။
🔗 Akyab Post ကနေ စစ်ဆေးထားတဲ့ ပို့စ်အပြည့်အစုံ – https://www.facebook.com/myanmarfactcheckingnetwork/videos/721541450848234
ဒါ့အပြင် ၂၀၂၅ ခုနှစ် ဇူလှိုင်လ ၂၄ ရက်နေ့မှာလည်း အေအေအဖွဲ့ကနေ ပေါက်တောမြို့မှာ မီးရှို့ပြီးတော့ ပြစားဖို့လုပ်နေတယ်ဆိုပြီးတော့ ပုံအမှားသုံးပြီး ARF Burmese page ကနေ သတင်းမှားဖြန့်ခဲ့ပါသေးတယ်။
📌 ARF Burmese ကနေ ပေါက်တောမြို့ကို အေအေဖက်ကနေ မီးရှို့ပြီးတော့ ပြစားဖို့လုပ်နေတယ်ဆိုတဲ့ မူရင်းပို့စ်အပြည့်အစုံ – https://archive.ph/OmKh9
ဒီအကြောင်းအရာကိုပဲ Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်တဲ့အခါမှာ ပေါက်တောမြို့မှာ မီးလောင်ခဲ့တဲ့ ပုံမဟုတ်ဘဲ ရမ်းဗြဲမြို့ ရွေတုံးရပ်ကွက်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ နေအိမ်တွေကို ပုံအမှားသုံးပြီး သတင်းမှားဖြန့်ခဲ့တာကို စစ်ဆေးနိုင်ခဲ့ပါတယ်။
🔗 Akyab Post ကနေ စစ်ဆေးထားတဲ့ ပို့စ်အပြည့်အစုံ – https://www.facebook.com/share/v/16nogwcmKu/
အခြားအကြောင်းအရာတစ်ခုမှာလည်း အေအေဖက်ကနေ ကျောက်ဖြူမြို့နယ်မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူတွေ သေဆုံးမှုရှိတယ်ဆိုပြီးတော့ ဒေသတွင်း သတင်းမီဒီယာတွေကနေ တင်ဆက်တဲ့အကြောင်းအရာကို သတင်းတုသတင်းမှားအဖြစ်နဲ့ ဇူလှိုင်လ ၂၂ရက်နေ့မှာ ARF Burmese Page ကနေ ရေးသားဖြန့်ဝေခဲ့ပါတယ်။
📌 ARF Burmese ကနေ ကျောက်ဖြူမြို့နယ်မှာ အေအေဖက်ကနေ ဗုံးကြဲဆိုပြီးရေးသားထားတဲ့ မူရင်းပို့စ်အပြည့်အစုံကို ဝင်ရောက် ဖတ်ရှုရန် – https://archive.ph/OmKh9
ဒီအကြောင်းအရာကိုလည်း Akyab Post Fact Check ဖက်ကနေ စိစစ်ခဲ့ပြီးတော့ ကျောက်ဖြူမြို့နယ်က ကျောက်ပြောက်ကျေးရွာကို လေကြောင်းနဲ့ တိုက်ခိုက်တာဟာ အာရက္ခတပ်တော်ဖက်ကနေ မဟုတ်ဘဲ စစ်ကောင်စီဖက်က ဖြစ်နေတာကို တွေ့ရပြီးတော့ ဖြန့်ဝေထားတဲ့ ပို့စ်ဟာ သတင်းမှားဖြစ်နေတာကို စစ်ဆေးအတည်ပြုနိုင်ခဲ့ပါတယ်။
🔗 Akyab Post ကနေ စစ်ဆေးထားတဲ့ ပို့စ်အပြည့်အစုံ- https://www.facebook.com/myanmarfactcheckingnetwork/videos/1067555891713354/
▪️သတင်းတု သတင်းမှားဖြန့်ဝေသည့် နည်းလမ်းများ
သတင်းဌာနအယောင်ဆောင်ထားတဲ့ ARF Burmese page ဟာ မြန်မာနိုင်ငံရဲ့ အခြားဒေသက အကြောင်းအရာတွေကိုလည်း သတင်းတုသတင်းမှား ပြုလုပ်ကာ ရေးသားဖြန့်ဝေလေ့ရှိပြီးတော့ ဒီလိုရေးသားတဲ့ထဲမှာ ယခင်က ပုံဟောင်းတွေ၊ အကြောင်းအရာတွေကို အသုံးပြုပြီး လက်ရှိအကြောင်းအရာတွေလို ရေးသားဖော်ပြလေ့ရှိပါတယ်။
တစ်ဖက်မှာလည်း သတင်းဌာနအယောင်ဆောင်ပြီး သတင်းဌာနကြီးတွေရဲ့ သတင်းတွေကို ကူးယူဖော်ပြနေသလို စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက အကြောင်းအရာတွေကိုလည်း ကူးယူဖော်ပြပြီးတော့ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိမှုကို ပြုလုပ်နေတာကို တွေ့ရပါတယ်။
ARF Burmese page ကနေ သတင်းတုသတင်းမှားဖြန့်နေတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့လည်း ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Mizzima ရဲ့ Fact Check team ကနေ “သတင်းဌာန အယောင်ဆောင်ကာ သတင်းတုများ ဖြန့်ဝေနေသည့် ဖေ့ဘုတ်စာမျက်နှာ” ဆိုပြီးတော့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ ဆောင်းပါး ရေးသားထားတာကို တွေ့ရပါတယ်။
✅ Mizzima ကနေ ARF Burmese page နဲ့ ပတ်သက်လို့ ရေးသားထားတဲ့ ဆောင်းပါးအပြည့်အစုံကို ဖတ်ရှုရန်- https://bur.mizzima.com/2025/02/19/47000?fbclid=IwY2xjawMFFWhleHRuA2FlbQIxMABicmlkETFLTGdWaHB4Tk9yVTNDaTFyAR6rYPuNpu899IOeMcq9FLL2kIzmy3RF5RxsC2RVD3lNwzVsmIjHayM7yCS4Gg_aem_wecaCEhQ3Y6BJAXV1U5iQQ
ARF Burmese page လို သတင်းဌာနအယောင်ဆောင်ထားတဲ့ “Arakan Unddin” နဲ့ “Voice of Arakan News” စတဲ့ page တွေကိုလည်း Akyab Post ဖက်ကနေ လေ့လာကြည့်လိုက်တဲ့အခါမှာ တွေ့ရပါတယ်။
နမူနာတစ်ခုအနေနဲ့ ပြရရင် Arakan Unddin အကောက်ကနေ ၂၀၂၅ ဧပြီလ ၁၅ ရက်နေ့မှာ ဗီဒီယိုတစ်ခုသုံးပြီး Arakan Army (AA) မှ အပြစ်မဲ့ ရိုဟင်ဂျာ လူငယ်များကို ရက်ရက်စက်စက် ရိုက်နှက် ညှဉ်းပန်း နှိပ်စက်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုဆိုကာ သတင်းတုသတင်းမှား ဖြန့်ခဲ့ပါတယ်။
Arakan Unddin အကောက်ကနေ ၂၀၂၅ ဧပြီလ ၁၅ ရက်နေ့မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်ကို Akyab Postရဲ့ Fact check ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါ လူကုန်ကူးတဲ့ အဖွဲ့တွေကနေ ရိုက်နှက်ထားတဲ့ ဗီဒီယိုအဟောင်းဖြစ်ပြီးတော့ မှန်ကန်မှုမရှိတဲ့ အချက်အလက်တွေနဲ့ သတင်းတုသတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။
🔗 Akyab Post ကနေ စစ်ဆေးထားတဲ့ ပို့စ်အပြည့်အစုံ – https://www.facebook.com/watch/?v=1170239704415351&rdid=dKqv8WIahwUSzPzu
အခြား သတင်းဌာနအယောင်ဆောင် Page တစ်ခုဖြစ်တဲ့ “Voice of Arakan News” ဟာလည်း “ Tik Tok က ဗီဒီယိုတစ်ခုကို သုံးပြီးတော့ ၂၀၂၅ ခုနှစ် မေလ ၂ ရက်နေ့မှာ “အေအေဖက်ကနေ ရိုဟင်ဂျာအိမ်တွေကို မီးရှို့နေတယ်”ဆိုပြီး သတင်းတုသတင်းမှားဖြန့်ခဲ့ပါတယ်။
📌 “Voice of Arakan News” ကနေ ဖြန့်ထားတဲ့ ပို့်စ်အပြည့်အစုံ – https://archive.ph/ojoBH
🔗 “Voice of Arakan News” တင်ထားတဲ့ သတင်းတုသတင်းမှားကို Akyab Post ကနေ စစ်ဆေးထားတဲ့ ပို့စ်အပြည့်အစုံ- https://www.facebook.com/watch/?v=701733955726560&rdid=sJiO9bflo9mnUe6m
ဒါ့အပြင် ရခိုင်ဒေသနဲ့ ပတ်သက်ပြီး အမုန်းစကားတွေ လူမျိုးရေး ဘာသာရေး သွေးခွဲလှုံဆော်မှုတွေကို ပြုလုပ်နေတဲ့ Ko Chay အကောက်ကနေလည်း သတင်းတုသတင်းမှားတွေ ဖြန့်ခဲ့တာကို Akyab Post ကနေ စစ်ဆေးခဲ့ပြီးတော့ သတင်းတုသတင်းမှားဖြန့်ခဲ့တာကို သက်သေပြနိုင်ခဲ့ပါတယ်။
📌 Ko chay အကောက်ကနေ တင်ထားတဲ့ သတင်းတုသတင်းမှားကို စစ်ဆေးထားတဲ့ ပို့စ်အပြည့်အစုံ – https://www.facebook.com/share/v/1JDr8c5RRd/
သတင်းဌာနအယောင်ဆောင်ထားတဲ့ Page တွေ အကောက်တွေနဲ့ စစ်ကောင်စီဟာ ယခင်ကလည်း တယ်လီဂရမ်နှင့် Tik Tok လူမှုကွန်ရက်တွေမှာ စနစ်တကျနဲ့ ဝါဒဖြန့်ချိမှုများရှိခဲ့ပြီးတော့ Facebook ရဲ့ အချက်အလက် စစ်ဆေးတဲ့ မူဝါဒပြောင်းလဲတဲ့နောက်မှာ Facebook ပေါ်မှာ အုံလိုက်ကျင်းလိုက် ဝါဒဖြန့်ချိမှု ကျယ်ပြန့်လာပါတယ်။
သတင်းတုသတင်းမှား ဖြန့်လေ့ရှိကြတဲ့ သူတွေအများစုဟာ လူတွေအများစု joined ထားကြတဲ့ group တွေကနေ တစ်ဆင့်ခံပြီး share တာတွေအပြင်၊ like followers များတဲ့ page တွေ အောက်မှာ မှတ်ချက်ပေးတာတွေ၊ ယခင်ကနေ ရှိတဲ့ ချန်နယ်ဟောင်းတွေကနေ သူတို့ရဲ့ အကောက်အသစ်၊ ချန်နယ်အသစ်ကို invite လုပ်တာတွေရှိပါတယ်။
ဒိီလိုစစ်ကောင်စီရဲ့ အသွင်းပြောင်းလဲလာတဲ့ ဝါဒဖြန့်ချိရေး ယန္တရားနဲ့ Facebook ပေါ် အခြေချဖို့ ကြိုးစားနေတဲ့ ဝါဒဖြန့်ချန်နယ်တွေအကြောင်းကိုလည်း သတင်းတုသတင်းမှားတွေကို လေ့လာစောင့်ကြည့်တဲ့ The Red Flag ကနေ အသေးစိတ်လေ့လာထားတာကို အောက်က Link မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
တစ်ဖက်မှာလည်း Facebook ဆိုရှယ်မီဒီယာပေါ်က ဝါဒဖြန့် ချန်နယ်တွေကနေ နေ့စဉ်ဖြန့်လျက်ရှိတဲ့ အကြောင်းအရာတွေထဲမှာ စစ်ကြောင်းထိုးဖို့အတွက် လှုံံ့ဆော်ရေးသားထားကြတဲ့ အကြောင်းအရာတွေ၊ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်နဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ဖုံးကွယ်ဖို့အတွက် ရေးသားထားကြတာတွေကို တွေ့ရှိရပြီးတော့ ဒီလို အကြောင်းအရာတွေကိုသာ နေ့တိုင်းဖတ်ရှုနေရတဲ့ ပြည်သူတွေဟာ အထင်အမြင်လွှဲမှားသွားစေနိုင်ပါတယ်။
ဒီလို စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိမှုကို တွန်းအားဖြစ်စေတဲ့ Meta ကုမ္ပဏီရဲ့ အချက်အလက်စစ်ဆေးမှု မူဝါဒအပြောင်းအလဲ ဆုံးဖြတ်ချက်ဟာ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံတွင်းမှာ ကြီးမားတဲ့ လူမှုပဋိပက္ခတွေနဲ့ ပြဿနာတွေကို ဖြစ်လာနိုင်တယ်လို့ Human Rights Myanmar အဖွဲ့ရဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။
လက်ရှိမြန်မာနိုင်ငံတွင်းမှာ စစ်ရေးရှုံးနိမ့်မှုနဲ့ အတူ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာလည်း စစ်ကောင်စီဟာ ဝါဒဖြန့်ချန်နယ်တွေရဲ့ အားကို အသုံးချပြီးတော့ ပြည်သူတွေကြားမှာ ပဋိပက္ခတွေဖြစ်လာအောင် သတင်းတုသတင်းမှားတွေနဲ့ ဝါဒဖြန့်နေကြပါတယ်။
သတင်းဌာနအယောင်ဆောင် ဝါဒဖြန့်page တွေ၊ ဆိုရှယ်မီဒီယာပေါ်က သတင်းတုသတင်းမှားဖြန့်တဲ့ သူတွေကြောင့်အကြောင်းအရာတွေ၊ ပို့စ်တွေကို ဖတ်တဲ့အခါ ပြည်သူတွေအနေနဲ့ ဆင်ခြင်သတိထားဖို ပိုလိုအပ်ပါတယ်။
ဆိုရှယ်မီဒီယာထက်မှာ စစ်ကောင်စီချန်နယ်တွေကနေ အကြမ်းဖက်ဖို့ လှုံဆော်နေမှုတွေ အပါအဝင် သတင်းတုသတင်းမှားတွေကို တွေ့တဲ့အခါမှာလည်း ခံစားချက်နောက်ကိုလိုက်ပြီး ပြန်ပြီးတော့ မျှဝေတာတွေ၊ comment ပေးတာမျိုးတွေမလုပ်ဖို့နဲ့ ဒီလိုပို့စ်တွေ တွေ့တဲ့အခါမှာလည်း Hate Speech အောက်မှနေပြီး report ထုတာတွေကို ပြုလုပ်နိုင်ပါတယ်။
ဒါ့အပြင် အွန်လိုင်းမှ ခြိမ်းခြောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေဟာ မြေပြင်ပေါ်မှာရှိတဲ့ လူနေမှုဘဝကို သက်ရောက်နိုင်တာကြောင့် သတိဝီရီယထားကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
အမုန်းစကားတွေ၊ ခြိမ်းခြောက်မှုတွေ လုပ်ကြံသတင်းတွေကို တွေ့ရှိတဲ့အခါလည်း SIFT လို့ ခေါ်တဲ့ နည်းလမ်းကို သုံးဖို့ Akyab Post ဖက်ကနေ အကြံပြုလိုပါတယ်။
✅ SIFT နည်းလမ်း အပြည့်အစုံကို ဖတ်ရန် – https://www.facebook.com/share/p/1HCtXudVjX/
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။