၂၀၂၅၊ ဩဂုတ်လ ၇ ရက်။
(Fact Check) လဂွန်းအိမ်စာစဉ်/ The Red Flag/ MFCN
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ကန့်ဒေါင့်နယ်မြေ ရဲစခန်းကို ဩဂုတ်လ ၂ ရက်နေ့မှာ စစ်တပ်က ပြန်လည်သိမ်းပိုက်လိုက်ပြီလို့ သတင်းမှား ပြန့်နှံနေပါတယ်။
အဆိုပါ ဖော်ပြချက်ကို စစ်တပ်ထောက်ခံသူ တစ်ဦးဖြစ်တဲ့ “ရ သစ” Facebook လူမှုကွန်ယက် အကောင့်ကနေ ဩဂုတ်လ ၃ ရက်နေ့မှာ ဖော်ပြထားတာဖြစ်ပြီး ယနေ့အထိ Like 300 ကျော်၊ Comment 12 ခုနဲ့ Share 143 ခု ရှိနေပါတယ်။
ရ သစ ရဲ့ မူရင်းဖော်ပြချက်ကို ဒီမှာ http://archive.today/vHJ0H ကြည့်နိုင်ပါတယ်။
စစ်တပ် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ် တစ်ခုဖြစ်တဲ့ “Snow Queen” ကတော့ ကန့်ဒေါင့် ရဲစခန်းကို ဩဂုတ်လ ၂ ရက်နေ့မှာ ပြန်မသိမ်းနိုင်ခဲ့ပေမယ့် ၃ ရက်နေ့မှာ PLA, PDF တချို့ ဆုတ်ခွာနေကြတယ်လို့ ဖော်ပြထားပါတယ်။
Snow Queen ရဲ့ ဖော်ပြချက်ကို ဒီမှာ https://t.me/snowqueen023/100751 ကြည့်ပါ။
အဆိုပါ သတင်းဖော်ပြချက်ကို Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ လဂွန်းအိမ် Fact Check Team က စီစစ်ကြည့်ရာမှာ ဝါဒဖြန့် သတင်းမှား တစ်ခုသာဖြစ်ကြောင်း တွေ့ရပါတယ်။
#သတင်းစီစစ်ချက်
ကန့်ဒေါင့် ရဲစခန်း အသိမ်းခံရပြီးနောက် အရှေ့ဘက် ၃ မိုင်ခန့် အကွာရှိ အင်းမထီး ပျူရွာကို အခြေပြုကာ စစ်ကူ၊ လက်နက်ခဲယမ်း၊ ရိက္ခာတွေ အားဖြည့်ကာ စစ်ကြောင်းပြန်ထိုးလာပေမယ့် ကန့်ဒေါင့်ရွာအနီးကို စစ်ကောင်စီတပ် မကပ်နိုင်သေးဘူးလို့ People’s Spring က ဖော်ပြထားပါတယ်။
People’s Spring – https://shorturl.at/Ea2yz
BBC သတင်းဌာန မှာလည်း အစောပိုင်းမှာ ကန့်ဒေါင့် ရဲစခန်းကို စစ်တပ်က ပြန်သိမ်းလိုက်ပြီလို့ ဖော်ပြခဲ့ပေမယ့် ကန့်ဒေါင့် အနီးက သရက်ကန်၊ တလှိုင်းကန် တို့အထိသာ စစ်ကြောင်းထိုး ဝင်ရောက်နိုင်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဖြည့်စွက်ဖော်ပြ ထားပါတယ်။
BBC – https://shorturl.at/lBiAe
ကန့်ဒေါင့် ရဲစခန်းကို တော်လှန်ရေး အင်အားစုတွေက ထိန်းသိမ်းထားဆဲ ဖြစ်ပြီး စခန်းကို ပြန်လက်လွတ်လိုက်ရ တယ်ဆိုတာ သတင်းအမှားသာ ဖြစ်ကြောင်း PLA တာဝန်ရှိသူရဲ့ ပြောကြားချက်နဲ့ DVB က ဖော်ပြထားပါတယ်။
DVB – https://shorturl.at/FBrVH
ဩဂုတ်လ ၄ ရက်နေ့မှာ စစ်တပ်က ကန့်ဒေါင့်ရွာနဲ့ တမိုင်ခန့် အကွာရှိ ညောင်ရင်းကုန်း၊ သာစည် ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာနိုင်ခဲ့ကာ ကန့်ဒေါင့်ရွာကို ဝန်းရံထားပြီး အနီးကပ် စစ်ဆိုင်ထားတဲ့ အခြေအနေဖြစ် တယ်လို့ Myanmar Now က ဖော်ပြထားပါတယ်။
Myanmar Now – https://shorturl.at/cQPS3
ဩဂုတ်လ ၆ ရက်နေ့ထိ ပုလဲနယ်၊ ကန့်ဒေါင့်မှာ စစ်ကောင်စီ စစ်ကြောင်းနဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်နေပြီး ကန့်ဒေါင့်ထဲကို စစ်ကောင်စီ စစ်ကြောင်း မဝင်နိုင်သေးကြောင်း၊ ပြည်သူ ၁၅,၀၀၀ ကျော် စစ်ရှောင်နေရကြောင်း Mizzima က ဖော်ပြထားပါတယ်။
Mizzima – https://shorturl.at/c1ZLa
#သုံးသပ်ချက်
လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ကန့်ဒေါင့် ရဲစခန်းကို ဩဂုတ်လ ၂ ရက်နေ့မှာ စစ်တပ်က ပြန်လည်သိမ်းပိုက်လိုက်ပြီ ဆိုတဲ့ ဖော်ပြချက်က မှားယွင်းနေတာကို တွေ့ရပါတယ်။
ကန့်ဒေါင့်ရွာအနီးက ကျေးရွာတချို့ကိုတော့ တော်လှန်ရေး တပ်ဖွဲ့တွေ လက်လွှတ်ထားရတာ ရှိနေပြီး တိုက်ပွဲများ ပြင်းထန်နေပေမယ့် ကန့်ဒေါင့်ရွာကို စစ်တပ်က ပြန်လည်သိမ်းပိုက် လိုက်ပြီဖြစ်ကြောင်း ခိုင်လုံတဲ့ ဖော်ပြချက်ကို ဩဂုတ်လ ၇ ရက်နေ့ထိ မတွေ့ရသေးပါဘူး။
ထို့အကြောင့် “ရ သစ” အကောင့်ကနေ ဖော်ပြထားတဲ့ ကန့်ဒေါင့် ရဲစခန်းကို ဩဂုတ်လ ၂ ရက်နေ့မှာ စစ်တပ်က ပြန်လည် သိမ်းပိုက်လိုက်ပြီ ဆိုတဲ့သတင်းက ဝါဒဖြန့် သတင်းမှား တစ်ခုသာ ဖြစ်ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ် ဖြစ်တဲ့အတွက် အဲ့ဒီ ဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေ နေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေ အနေနဲ့ သတင်းတု/သတင်းမှား ဖြစ်နိုင်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ် အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Check ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork